spot_imgspot_imgspot_imgspot_img
Tuesday, July 15, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ ပြင်းထန်ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူများပြားနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့မှာ ပြင်းထန်ရာသီတုတ်ကွေးရောဂါ ဖြစ်ပွားသူ များပြားနေပြီး အများစုဟာ ၁၂ နှစ်အောက် ကလေးငယ်တွေဖြစ်ကြတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“လွိုင်ကော်မှာ တုပ်ကွေးတွေအဖြစ်များနေတယ်။ ကလေးငယ်တွေပဲ အဖြစ်များတယ်။ လူကြီးတွေကတော့ ဆေးရုံသွားရတဲ့အထိရောဂါမဆိုးဘူး။ ကလေးတွေတော့ ဆေးရုံတင်လိုက်ရတဲ့ ကလေးတွေရှိနေတယ်။ အများအားဖြင့်က အသက် ၄ နှစ်အထက်တွေ ပိုဖြစ်များတာတွေရတယ်။” လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံကို အချိန်မှီမ‌ရောက်လာလို့ သေဆုံးခဲ့ရသူတွေလည်းရှိနေတယ်လို့ ဆိုပေမယ့် ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

လွိုင်ကော်ပြည်သူ့ဆေးရုံကို ရောက်ရှိခဲ့သူ တစ်ဦးရဲ့ ပြောပြချက်အရ “ဆေးရုံက ကလေးအခန်းမှာ လူတွေပြည့်နေတယ်။ တခြားရောဂါလည်းပါတယ်။ အများအားဖြင့်ကတော့ ရာသီတုပ်ကွေးတွေပေါ့နော။ သေဆုံးတဲ့ကလေးတွေတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတော့ မသိဘူး။” လို့ ဆိုပါတယ်။

ဖျားနာသူတွေဟာ ဆေးရုံကို သွားရောက်ကုသသူတွေရှိသလို အိမ်မှာဆေးဝယ်သောက်ပြီး ပြန်လည်သက်သာသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ကရင်နီပြည်က တောတောင်ထဲ ပုန်းရှောင်နေရတဲ့ စစ်ရှောင်တော်တော်များများလည်း ခြင်ကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေ ဖြစ်နေကြတယ်လို့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် CHDN ဒါရိုက်တာ ဆရာဖိလစ်က ပြောပါတယ်။

“စစ်ရှောင်တော်တော်များများ dengue fever သွေးလွန်တုတ်ကွေးနဲ့ ခပ်ဆင်ဆင်တွေ အများကြီးတွေ့ရတယ်။ ပြည်တွင်းထဲမှာကော နယ်စပ်တွေထဲမှာကော နောက်ပြီးတော့ အားလုံးက ခြင်ကြောင့်ပဲပေါ့နော။ ဌက်ဖျားတွေလည်း အများကြီးပြန်တက်လာတယ်ပေါ့နော။ စစ်ရှောင်တော်တော်များများ ဌက်ဖျားတွေလည်း ပြန်ဖြစ်လာတာကိုလည်း ကျနော်တို့ရဲ့ ဒေတာ အချက်အလက်တွေအရ ကျနော်တို့ သိနေရတယ်။” လို့ ဆရာဖိလစ်က ပြောပါတယ်။

ပြင်းထန် ရာသီတုတ်ကွေးရောဂါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကို Email ကတဆင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းပြန်တာမရှိခဲ့ပါဘူး။

spot_img

Recent posts