spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီး ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ လေကြောင်း၊ ကြည်းကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ၂၀၂၃ခုနှစ်၊ မတ်လ ၉ ရက်နေ့ ကနေစတင်ပြီး လွိုင်ကော်မြို့နယ် နဲ့ ဘောလခဲမြို့နယ် တို့ကနေ နှစ်ဖက်ညှပ် စစ်ကြောင်းထိုး နေတာ နှစ်လကျော် ရှိလာနေပြီဖြစ်ပါတယ်။ စစ်ကောင်စီအတွက် အဓိကျတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ လေကြောင်း၊ ကြည်းကြောင်းနဲ့ အပြင်းထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပိုပြင်းထန်လာဖို့ပဲရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

“ တကယ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း သူတို့(စစ်ကောင်စီ) နေရာရသွားမယ်ဆိုလို့ရှိရင်တော့ သေချာတယ် ဒီးမော့ဆို အရှေ့ခြမ်းမှာက ဘောလခဲနဲ့ တိုက်ရိုက်ချိတ်တယ်။ ဖရူဆိုနဲ့ တိုက်ရိုက်သွားလို့ရတယ်။ ရှားတောကို တိုက်ရိုက်သွားလို့ရတယ်။ ဆိုတော့ သူတို့တွေကလည်း အဓိကလမ်းကြောင်းတွေကို အင်အားအလုံးအရင်းတွေ ဆက်ပြီးတော့မှ ထိုးမယ်‌ပေါ့နော။ ထိုးလည်းထိုးနေတယ်။ တိုက်ပွဲတွေက ဒီထက်ပိုပြီးမှ ပြင်းထန်မယ်။ ကျနော်တို့တွေက အခြားရွေးချယ်စရာတွေ မရှိဘူး။ ခုခံစစ်နဲ့ တန်ပြန်တိုက်စစ်ဆင်နွှဲ ဖို့ကလွဲလို့ ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ကျနော်တို့ ဒီထက်ပိုပြီးတော့မှ တိုက်ပွဲ ပြင်းထန်ဖို့ဘဲ ရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောကြားလိုတယ်။ “ လို့ ခူးရီးဒူက ပြောပါတယ်။

လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးဟာ လွိုင်ကော်မြို့နယ်ကနေ ဒီးမော့ဆို -ဘောလခဲ-ဖားဆောင်းမြို့နယ်တွေဆီ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာ တွေ ဖြည့်တင်းဖို့ အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ စစ်ကောင်စီစတင် စစ်ကြောင်းထိုးစဉ်ကနေ ဒီကနေ့အထိ နေ့စဉ်နီးပါးဆိုသလို KNDF၊ KA၊ PDF ပူးပေါင်းတပ်တို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေတာပါ။

လွိုင်ကော်မြို့ နဲ့ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်မှ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တနီးလားလဲကျေးရွာ၊ ကန်ခုနစ်ဆင့် ဖက်၊ ဒေါတငူးကျေးရွာတောင်ကြောပေါ်တွေအထိ စစ်ကောင်စီတပ် ခလရ (၂၈၇) နဲ့ ခမရ (၅၁၃၊ ၅၁၇) တပ်ရင်း ၃ရင်း ထိုးစစ်ဆင်နေတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမကြီးကျေးရွာ ဆေးရုံဗုံးကြဲခံခဲ့ရစဉ်

ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တို့ တနီးလားလဲကျေးရွာအနီး တောင်ပေါ်တွေမှာ တိုက်ပွဲပြန်လည်ပြင်းထန်နေပါတယ်။ မေလ ၁၅ရက်၊ ၁၆ရက်၊ ၁၇ ရက်နေ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဖက် လေကြောင်းသုံးတိုက်ခိုက်တာတွေ ရှိနေပြီး လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် တချို့ ပျက်စီးသွားတာလည်း ရှိနေပါတယ်။

“ ဟိုး(၁၆)ရက်နေ့ညအထိတော့ ကျနော်တို့ဖက်က ရဲဘော်တစ်ယောက်၊ နောက်KNDFဖက်က တစ်ယောက် ကျတယ်။ နောက်ဒဏ်ရာ အားလုံးပေါင်းက လေး၊ ငါး၊ ခြောက်ယောက်လောက်ရတယ်။ “ လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

ဘောလခဲကနေ ဒေါညေးခူ၊ ဒေါတမကြီးဖက်ကိုတော့ စစ်ကောင်စီ တပ်ရင်း (၅)ရင်း ဖြစ်တဲ့ ခမရ (၅၁၆၊ ၅၁၅) ၊ ခလရ (၁၂၊၁၄၊ ၈၀) တို့ ပါဝင်တဲ့ စစ်ကြောင်း သုံးကြောင်း ထိုးနေတာဖြစ်ပါတယ်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို စစ်ကောင်စီ တပ်ရင်း စုစုပေါင်း (၈)ရင်း ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

မတ်လပိုင်းကတည်းက ဘောလခဲကနေ ဒေါတမကြီးကျေးရွာအုပ်စုအထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို ပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် ဒေါညေးခူတောင်ကြောဖက် ဆုတ်ခွာသွားခဲ့ပါတယ်။သို့ပေမယ့် ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့မှာတော့ ဒေါတမကြီးကျေးရွာအုပ်စုအတွင်း တစ်ကျော့ပြန် စစ်ကြောင်းထိုးနေပြီး ဒေါညေးခူနဲ့ ဒေါဆိုဖျ ရွာတွေမှာ ပြန်လည်တပ်စွဲနေတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့ နှစ်လကျော် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေမှာ စစ်ကောင်စီဖက် လေကြောင်း အသုံးပြုတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ ဆေးရုံ ထိခိုက်ပျက်စီးခဲ့ပါတယ်။

“ မြေပြင်မှာကလည်း သူတို့ရဲ့ လက်နက်ကြီးအပစ်အကူကလည်း ရှိပြီးသား။ ၃တပ် ၄တပ်ကနေပြီးတော့မှ ဝိုင်းပြီးတော့ ပစ်တာလည်းရှိတယ်။ အဲ့တာတွေတင်မကဘဲ လေကြောင်း ပစ်ကူပါပါ ခေါ်တာကတော့ ဒီနောက်ပိုင်းမှာတော့ ပိုတော့များလာတယ်။ ဒါက ဘာကိုဖော်ပြသလဲဆိုလို့ရှိရင် မြေပြင်မှာသူတို့တွေက အဲ့လောက်ထိ တောင့်ခံနိုင်စွမ်းမရှိတော့ဘူး။ အဲ့လောက်ထိသူတို့တွေက မထိုးဖောက်နိုင်တော့ဘူး အဲ့တာတွေကြောင့်မို့လို့ လေကြောင်းအပစ်အကူကို သူတို့ခပ်များများအကူအညီတောင်းတယ်လို့တော့ ကျနော်တို့တော့ အဲ့လိုဘဲယူဆရတာပေါ့။ “ လို့ စစ်ကောင်စီလေကြောင်းပိုမို အသုံးပြုလာတဲ့အပေါ် ခူးရီးဒူက ဆက်ပြောပြသွားတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြေပြင်မှာ စစ်ရေးတင်းမာနေတဲ့အတွက် စစ်ကောင်စီဖက် ဒဏ်ရာရလူနာတွေ၊ လက်နက် ရိက္ခာ ဖြည့်တင်းမှုတွေမှာ ရဟတ်ယာဉ် အသုံးပြုနေရတယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ရိက္ခာဖြည့်တာ ၊ လက်နက်ဖြည့်တာ၊ လူအင်အားဖြည့်တင်းတာကတော့ ကျနော်ထင်တယ် သူတို့ ဧပြီလ နောက်ဆုံးပတ်မှာ လုပ်လိုက်တယ်။ တောက်လျောက် ရဟတ်ယာဉ်တွေ သွားလာလုပ်တာကတော့ ကျနော်ထင်တယ် သူတို့ ဝန်ထမ်းတချို့ကို လွိုင်ကော်တို့ ဘာတို့နဲ့ အဲလိုမျိုးပေါ့ အသွားပြန် ကြိုပို့တာ ဖြစ်ကောင်းဖြစ်နိုင်သလို တခြားရိက္ခာပို့တာတွေ နောက် ခဲယမ်းပို့တာမျိုးတွေ လူအင်အားဖြည့်တာမျိုးတွေလည်း ဖြစ်နိုင်တယ်။ “ လို့ KNDFသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘောလခဲဖက်ကနေ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီ စစ်ကြောင်း ကို ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားသေဆုံးမှုရှိခဲ့သလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။

မတ်လ၊ ဧပြီလ ၂လတာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်တွေဖြစ်တဲ့ RPG 7၊ ၆၀မမ၊ ငါးကြင်းမှီး၊ MA-4, 3, 2,1 တို နဲ့ ပစ္စတို စတဲ့ လက်နက်တွေစုစုပေါင်း ၁၀၀ နီးပါးကို သိမ်းဆည်းရရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ အပြင်းအထန် ထိတွေ့တိုက်ပွဲဖြစ်မှုမှာ လက်နက်၊ ခဲယမ်း သိမ်းဆည်းရမှုက အများဆုံးဖြစ်တယ်လို့ KNDFစစ်ရေးချုပ် ခူးရီးဒူက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်းရှိနေပြီး စစ်ကောင်စီဖက် စစ်ကြောင်းမှူး၊ ဒု-ဗိုလ်မှူးကြီး အဆင့်ထိ ကျတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ သေးဆူလဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNDF ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တပ်ရင်း ၅ က ထုတ်ပြန်ထားတာရှိပါတယ်။

spot_img
spot_img

Recent posts