spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှိုနှင့်ယှဉ်ပြိုင်မည့် USDPကိုယ်စားလှယ်လောင်း ပယ်ချခံရ

Author

Date

Category

မော်မီမြာ

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနဲ့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးနှင်းဝေကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းကနေ ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

ဦးနှင်းဝေက ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မတချို့နဲ့ ငြိစွန်းနေတဲ့အတွက် ပယ်ချခံရတာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကယားပြည်နယ်အတွင်းရေးမှူး ဦးကျော်ဆန်းဝင်း က ကန္တာရဝတီတိုင်းမ်ကို ဒီကနေ့အောက်တိုဘာလ (၁၃)ရက်နေ့မှာ ပြောကြားပါတယ်။

“ ပြည်နယ်လွှတ်တော်ရွှေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈(ခ) ၁၀(င)နဲ့ ငြိတဲ့အတွက် ပြည်ထောင်စု လဝက ဝန်ကြီးဌာနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြတဲ့အတွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ပြန်လည်စီစစ်တဲ့အချိန်မှာ မှန်ကန်တဲ့အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဗဟိုအဖွဲ့က ကိုယ်စားလှယ်လောင်းအမည်စာရင်းကနေ ပယ်ဖျက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ” လို့ ပြောပါတယ်။

အခု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)နေရာ ဖြစ်ပါတယ်။

ပုဒ်မ ၈(ခ)အရ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားတဲ့နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ဥပဒေကြောင့် ပယ်ချခံရတာဖြစ်ပြီး ဦးနှင်းဝေရဲ့ ပြောပြချက်အရ သူရဲ့မိဘအရင်းနှစ်ဦးလုံးမှာ မြန်မာနိုင်ငံသားဖြစ်ပေမယ့် မိခင်ရဲ့ ဒုတိယအိမ်ထောင်ဆက် ခင်ပွန်းမှာ တရုတ်နိုင်ငံသားဖြစ်နေတဲ့အတွက်ကြောင့် လို့သိရပါတယ်။

ဦးနှင်းဝေက ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာတုန်းကတော့ မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ်(၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရပေမယ့် နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်သွားမယ် လို့ပြောပါတယ်။

“ ကျနော် ဝင်ပြိုင်ခွင့်မရပေမယ့် ကျနော်ကတော့ အမျိုးသားနိုင်ငံရေးကို ဆက်လုပ်သွားမယ်။ ပြီးရင် ကျနော်တုံ့ပြန်မှုတစ်ခုခုတော့ ကျနော်ဆက်လုပ်သွားမှာပါ။ တုံ့ပြန်မှုတစ်ခုခုဆိုတဲ့ဟာမှာ ကျနော့်ကိုတိုင်ကြားတဲ့အပေါ်မှာ ဘယ်သူဆိုတဲ့ဟာမှာ ကျနော်မကြည့်ပါဘူး ဘယ်သူပဲဖြစ်ဖြစ်ပါ။ အဲ့ဒီအပေါ်မှာ ကျနော်နိုင်ငံသားအသိစိတ်နဲ့ အမှန်ကိုအမှန်တိုင်းနဲ့ ပြန်ပြီးတော့မှ တုံ့ပြန်သွားမှာပေါ့နော နိုင်ငံသားတစ်ယောက်ရဲ့တာဝန်နဲ့၊ အသိစိတ်နဲ့၊ လုပ်ပိုင်ခွင့်နဲ့ ကျနော်တို့ ပြန်ပြီးတော့မှ လုပ်သွားမှာပါ။ ” ဆိုပြီး ပယ်ချခံရတဲ့ပေါ် တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအမည်စာရင်း ကန့်ကွက်တာကို အမည်စာရင်းတင်သွင်းပြီး ၄၅ရက်အတွင်း ခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ ကန့်ကွက်လွှာ တင်လို့ရပါတယ်။

လက်ရှိ ကယားပြည်နယ်မှာ၂၀၂၀ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ပယ်ချခံရတာ ဦးနှင်းဝေတစ်ယောက်ထဲ ဖြစ်ပါတယ်။

မယ်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်( ၂ )မှာ ရှမ်းတိုင်းရင်သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts