spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သတိထားသင့်တဲ့ ရေကျောက်ရောဂါ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရေကျောက်ရောဂါဟာ မျက်နှာ နဲ့ ကိုယ်ခန္ဓာပေါ်က အရေပြားနံရံအမြှေးပါးလို နေရာတွေမှာ အဖုအပိမ့်ထွက်တဲ့ ဗိုင်းရပ်စ်ပိုး (Varicella-zoster virus; VZV) ကြောင့် ဖြစ်ပွားပြီး ကူးစက်ပြန့်ပွားနှုန်း မြင့်မားတဲ့ အရေပြားရောဂါ တမျိုးဖြစ်ပါတယ်။

ရေကျောက်ရောဂါဟာ ကလေးတွေမှာသာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေမှာလည်း ဖြစ်ပွား တတ်ပါတယ်။ ကရင်နီပြည်က စစ်ရှောင်စခန်းနဲ့ ကျေးရွာတချို့တွေမှာ ရေကျောက်ရောဂါ ဖြစ်ပွားမှု ရှိနေပြီး ကာလရှည်ကြာ ဖြစ်ပွားနေတာတွေလည်း ရှိနေပါတယ်။

ဒါကြောင့် ရေကျောက်ရောဂါ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုသတိထား နေထိုင်သင့်သလဲ ဆိုတာကို မျှဝေပေး ချင်ပါတယ်။

ရေကျောက်ပေါက်ရခြင်း၏ အကြောင်းရင်းများ

ရေကျောက်ရောဂါဟာ Varicella zoster လို့ခေါ်တဲ့ virus ပိုး တမျိုးကြောင့်ဖြစ်ပြီး ရေယုန်ရောဂါနဲ့ မျိုးရင်းတူတဲ့ အရေပြားရောဂါတမျိုးဖြစ်ပါတယ်။

ရေကျောက်ရောဂါကြောင့် ခန္ဓာကိုယ်ပေါ်မှာ ယားယံစေတဲ့ အရည်ကြည်ဖုတွေဟာ ရင်ဘတ်၊ ကျောဘက်နဲ့ မျက်နှာတွေမှာ စတင်ပေါ်ပေါက်လာပြီး ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားပါတယ်။ လူ့ခန္ဓာကိုယ်ပေါ်မှာ ယားယံတဲ့ အရည်ကြည်ဖု (၂၅၀) ကနေ (၅၀၀) ဖုအထိ ဖြစ်ပွားနိုင်ပါတယ်။

ရေကျောက်ရောဂါဟာ ၁၀ နှစ် အောက်ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဆယ်ကျော်သက်အရွယ် တွေမှာလည်း ဖြစ်နိုင်ချေများတယ်ဆိုပေမဲ့ တခြားသော ရေကျောက်ရောဂါ မဖြစ်ဖူးသူတွေ၊ ရေကျောက်ရောဂါ ကာကွယ်ဆေး မထိုးထားသူတွေ၊ ကလေးတွေနဲ့ အတူနေထိုင်ရတဲ့ လူကြီးတွေမှာလည်း ရေကျောက်ရောဂါ ဖြစ်နိုင်ပါတယ်။

ရေကျောက်ရောဂါ ခံစားနေရသူတဦးမှာ Varicella zoster ဗိုင်းရပ်စ်ပိုးတွေဟာ အသက်ရှူလမ်းကြောင်း ျကနေတဆင့် ချွဲ၊ တံတွေး အစရှိတဲ့ အရည်များမှာ နေထိုင်ပြီးတော့ တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်းကောင်း၊ လေထဲကနေတဆင့်သော်လည်းကောင်း တခြားသူကို ကူးစက်နိုင်ပါတယ်။

ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်‌ရောက်ပြီး ၁၀ ရက်ကနေ ၂၁ ရက်ထိ ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲမှာ ကြာရှည်စွာ နေထိုင်နိုင်ပါတယ်။

ကိုယ်ခံအားကျနေတဲ့သူတွေ၊ မွေးကင်းစကလေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ရေကျောက်ရောဂါကို ပိုမို ခံစားရနိုင်ပါတယ်။ အဖုအပိမ့်တွေ ပိုများပိုဆိုးလာတာ၊ အဖုအပိမ့်တွေ ကနေတဆင့် သွေးယိုတာ၊ သွေးခဲ‌ရောဂါနဲ့ နမိုးနီးယား၊ ဦးနှောက်ရောင်ရမ်းတာ စတဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို သာမာန်သူတွေ ထက် ပိုခံစားရနိုင်ပါတယ်။

ရေကျောက်ရောဂါြဖစ်နေမှန်း ဘယ်လိုသိနိုင်လဲ

ခန္ဓာကိုယ်ပေါ်က ထွက်တဲ့ အဖုအပိမ့် အနီအပြောက် ယားယံတာတွေကို ကြည့်ပြီး ရေကျောက် ပေါက်မှန်း သိနိုင်ပါတယ်။ရေကျောက်နဲ့ဆင်တူတဲ့ တခြားဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ရောဂါတွေ ရှိနေတတ်တာကြောင့် ရေကျောက် ဟုတ်မဟုတ်ကို သတိထားရမှာဖြစ်ပါတယ်။

အဖုအပိမ့်စထွက်တဲ့ ကလေးငယ်တဦးဟာ ပုံမှန်အားဖြင့်တော့ အပူများပြီး နေမကောင်းတာတာ ပြလေ့မရှိပါဘူး။ ပင်ပန်းနွမ်းနယ်နေတတ်ပြီး အဖျားငွေ့ငွေ့လေး ရှိတတ်ကြပါတယ်။

ရေကျောက်ရောဂါဖြစ်တဲ့ အရွယ်ရောက်ပြီး လူတဦးမှာဆိုရင် တုပ်ကွေးလို အဖျားလက္ခဏာတွေ ပြလေ့ရှိပါတယ်။

ဖျားပြီး ၃ ရက် ကနေ ၇ ရက် ဝန်းကျင်အထိ အစက်အပြောက် အဖုအပိမ့်တွေ ထွက်တတ်ပါတယ်။ အဖုအပိမ့်တွေဟာ အစပိုင်းမှာအနီရောင်ဝက်ခြံတွေနဲ့ ဆင်တူဖြစ်တတ်ပြီး နာရီပိုင်းအတွင်းမှာ ရေစက်တွေနဲ့ တူတဲ့ ရေကြည်ဖုလေးတွေအဖြစ် ပြောင်းလဲသွားပါတယ်။

အဲ့ဒီ ရေကြည်ဖုလေးတွေကနေ ပေါက်ထွက်သွားပြီး အနာ အဖြစ်ကျန်ခဲ့ပါတယ်။ အနာခြောက်သွားတဲ့ အခါမှာတော့ အရေပြားယားယံမှုတွေကို ခံစားရပါတယ်။

ရေကျောက်ကြောင့် ထွက်တဲ့ အဖုအပိမ့်တွေဟာ ရင်ဘတ်၊ ကျောကုန်းနဲ့ ခေါင်းတို့မှာ စုပြုံပေါက်တတ်ပြီး ခြေထောက်တွေ၊ လက်တွေထိ ပျံ့နှံ့တတ်ပါတယ်။ဒါ့အပြင် ပါးစပ်၊ မျက်လုံး၊ နှာခေါင်း၊ ဦးရေပြားနဲ့ ချိုင်းကြား/ ပေါင်ကြားလို နေရာတွေမှာလည်း ပေါက်လေ့ရှိပါတယ်။

ရေကျောက်ရောဂါဖြစ်ရင် ဘယ်လိုသတိထားနေထိုင်ရမလဲ

ရေကျောက်ရောဂါကြောင့်ဖြစ်တဲ့ အနီကွက်တွေ စတင်ဖြစ်ပွားပြီး အရည်ကြည်ဖုတွေအားလုံး ခြောက်သွားတဲ့အထိ တခြားသူတွေနဲ့ နီးကပ်စွာ ထိတွေ့နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ခံအားကျဆင်းနေသူတွေနဲ့ ကလေးငယ်တွေနဲ့ထိတွေ့နေထိုင်ခြင်းတွေ မပြုလုပ်ပါနဲ့။

ရေကျောက်ရောဂါဖြစ်နေချိန်မှာ မိိမရဲ့ အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ မျက်နှာသုတ်ပုဝါ၊ ပန်းကန်ခွက်ယောက်တွေကို တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းကို မပြုလုပ်သင့်ပါဘူး။ မကြာခဏ လက်ဆေးပြီး ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နဲ့ နှာခေါင်းကို လက်ကိုင်ပုဝါ စတာတွေနဲ့ သေချာစွာ ဖုံးအုပ်ပါ။

အနာတွေကို မကုတ်မိအောင် ဂရုစိုက်ပြီး ကလေးတွေရဲ့ လက်သည်းခြေသည်းတွေကို ပုံမှန် ညှပ်ထားပေးပါ။

ပုံမှန်စားနေကျအတိုင်း စားပြီး ရေများများသောက်ပေးရပါမယ်။ လိမ္မော်ရည်၊ သံပုရာရည် အစရှိတဲ့ ဗီတာမင် စီ ကြွယ်ဝတဲ့ ဖျော်ရည်တွေကို သောက်ပေးနိုင်ပါတယ်။

တကိုယ်ရည် သန့်ရှင်းစေဖို့ နေ့စဥ်ပုံမှန် ရေချိုးပြီး ရေချိုးပြီးတဲ့အခါနူးညံ့သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါနဲ့ အနာရှိတဲ့ နေရာတွေကို ညင်ညင်သာသာ သုတ်ပေးပါ။

ကျောင်းဖွင့်ချိန်အတွင်း ကလေးတွေ ရေကျောက်ဖြစ်ခဲ့ရင် ဖျားနေတဲ့ကလေး‌တွေကို ရေကျောက်အားလုံးထွက်ပြီး အနာဖေးများခြောက်သွေ့သွားတဲ့အထိ အိမ်မှာ (၁)ပတ်ခန့် အနားယူခိုင်းရပါမယ်။

ရေကျောက်ရောဂါဖြစ်နေစဉ်အတွင်း အဖျားရှိခဲ့ရင် အဖျားကျဖို့ ပါရာစီတမောလ် လို အဖျားကျဆေးတွေ သောက်နိုင်ပါတယ်။ အဖျားမကျနိုင်တာနဲ့ အဖုအပိမ့်တွေသက်သာဖို့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေရှိပေမယ့် အဲဒီဆေးတွေ သောက်သုံးဖို့ လိုအပ်မယ်ဆိုရင် ကျွမ်းကျင်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့သာ စနစ်တကျ တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်။

ကိုးကား – NUG MOH website

spot_img
spot_img

Recent posts