spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

သူရဲကောင်း နှင့် လေးစားထိုက်သော မိခင်

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ညနေခင်း နေဝင်ဆည်းဆာချိန် ကျနော်တို့အဖွဲ့ ခရီးတခုကအပြန် အိမ်ကိုရောက်ရောက်ချင်းမှာပဲ

“ဟယောင် မင်းသူငယ်ချင်း ကျသွားပြီတဲ့ ”

ရဲမေတယောက်ဆီက မရွှင်မလန်းမျက်နှာနဲ့ သူ့ရဲ့ နှုတ်က ပွင့်ထွက်လာတဲ့ ဝမ်းနည်းစရာကောင်းလှတဲ့ စကားတခွန်းကို ကျနော်ကြားလိုက်ရတာပါ။

ဒီစကားတခွန်းကြောင့် ကျနော် ဘာမှပြန်မပြောနိုင်လောက်အောင် ခဏတာ ဆွံ့အသွားခဲ့ရပါတယ်။ ကရင်နီပြည် တပ်မတော် မှာ တာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်း ရဲဘော် ခူးပိုးရယ် ကျဆုံးသွားတဲ့ သတင်းပါ။

တော်လှန်ကာလ ၃ နှစ်ကျော်အတွင်းမှသာ သူနဲ့ သိရှိခင်မင်ခွင့်ရတယ်ဆိုပေမဲ့ ပင်ကိုယ်က ရိုးသားဖြူစင်တဲ့ သူဖြစ်တာမို့ နှမြောတသသ ဖြစ်တာချင်းတူတူ သူ့ကိုနှမြောရခြင်းက တမူပိုထူးတယ်လို့ ပြောရမှာပါ။

ခဏအကြာမှာတော့ အကြောင်းစုံကိုသိရပြီး သူ့ဆီကိုသွားဖို့အတွက် ကျနော်တို့ ပြင်ဆင်ကြပါတော့တယ်။ သူ့ရဲ့ နေအိမ်ကိုရောက်သွားတဲ့ အချိန်မှာတော့ ညကမှောင်မည်းစပြုလာပါပြီ။

ကျနော် ကားပေါ်ကဆင်းဆင်းချင်း မြင်တွေ့ရတဲ့ မြင်ကွင်းလေးကတော့ ဘာနဲ့မှတုနှိုင်းလို့မရအောင်ကိုဘဲ အင်မတန်ဝမ်းနည်းကြေကွဲစရာကောင်းလှပါတယ်။

လျှပ်စစ်မီးရောင်မရှိဘဲ မှောင်မည်းနေတဲ့ အခန်းငယ်လေးတခုထဲမှာ သူ့ရဲ့ မိခင်ဟာ ဖယောင်းတိုင်လေး ထွန်းပြီး အဖော်မဲ့စွာနဲ့ တယောက်တည်း ထိုင်ပြီး ငေးမှိုင်နေတဲ့ မြင်ကွင်းလေးကို ကျနော် မြင်တွေ့ခဲ့ရတာပါ။

ဖယောင်းတိုင်လေးတတိုင်ရဲ့ ဘေးမှာ ထိုင်ပြီး သားလေးကို လွမ်းဆွတ်နေတဲ့ မိခင်တယောက်ရဲ့ မြင့်မိုရ်တောင်ထက်သာမက ကြီးမားလှတဲ့မေတ္တာကိုတော့ ဘာမေတ္တာနဲ့မှတုနှိုင်းလို့ မရပါဘူး။

ဒီမြင်ကွင်းလေးကြောင့် ကျနော်သာမက ကားပေါ်မှာလိုက်ပါလာတဲ့လူတိုင်း စိတ်မကောင်း ဖြစ်ကြရပါတယ်။တော်လှန်ရေး ရဲဘော်တယောက် ကျဆုံးတာဖြစ်လို့ သူ့ရဲ့ နေအိမ်မှာ လူတွေစည်ကားနေလိမ့်မယ် ၊ မီးရောင်တွေ နဲ့ ထွန်းလင်းနေလိမ့်မယ်လို့ ကျနော်တို့ တဖွဲ့လုံး ထင်ခဲ့ကြတာပါ။

ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ မိုးနဲ့မြေလိုကွာခြားနေလို့ ကျနော်တို့အဖို့ ဝမ်းနည်းကြေကွဲလို့ မဆုံးဖြစ်ခဲ့ရပါတယ်။

အခန်းငယ်လေးတခုရဲ့ အထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး သားလေးကို လွမ်းဆွတ်တမ်းတနေတဲ့ မိခင်ကိုတော့ အားပေးစရာ စကားလုံးမရှိလောက်အောင်ကိုဘဲ ကျနော်တို့နှုတ်ဆိတ်နေမိပါတယ်။

စိတ်ဓာတ်အရာမှာ အလွန်ပင် သန်မာလှတဲ့ သူ့ရဲ့ မိခင်ကတော့ မျက်ရည်မကျမိအောင် ထိန်းပြီး တည်ငြိမ်လို့နေပါတယ်။ သူ့ရဲ့ ရင်ထဲမှာတော့ ဘယ်လောက်ထိ နာကျင်ကြေကွဲဝမ်းနည်းနေလိမ့်မလဲ။ သားတယောက်လုံး ဆုံးရှုံးသွားတဲ့ မိခင်တဦးရဲ့ ခံစားချက်ကိုတော့ ဖော်ပြစရာ စကားလုံး ရှိမယ်မထင်ပါဘူး။
…………

ဒီထက်ပိုပြီး ဆိုးရွားတာက တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သားလေးရဲ့ မျက်နှာကိုတောင် မြင်တွေ့ခွင့်၊ နှုတ်ဆက်ခွင့် မရတာပါဘဲ။

သူ့ရဲ့သားဟာ ရှေ့တန်းတနေရာမှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကို ပေးလှူသွားခဲ့တာပါ။ မိဘကိုတောင် နှုတ်ဆက်ခွင့်မရကြပဲ အသက်ကိုရင်း၍ ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်ကိုတော့ လေးစားလို့ မဆုံးပါဘူး။

ကျနော်တို့ တဖွဲ့လုံး သူ့ရဲ့မိခင်ရဲ့ အနားကို ဝင်လာကြပြီး နှစ်သိမ့်အားပေးစကား ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။

ဒီလိုနဲ့ တညတာ ကုန်ဆုံးခဲ့ပြီး နောက်တနေ့ ပြန်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ မိခင်က ကျနော့်ကို အိမ်ပေါ် ခေါ်လိုက်ပါတယ်။

“ လာ သား လာခဲ့ အိမ်ပေါ်ကို တက်လာခဲ့”တဲ့။

အိမ်ပေါ်ကို ရောက်သွားတဲ့ အချိန်မှာတော့ ဘေးက အခန်းငယ်လေးတခုထဲမှာ ကယားရိုးရာ ဓလေ့အရ ပြုလုပ်ထားတဲ့ အစီအမံတွေ ပြည့်နှက်နေတဲ့ နေရာကို ကျနော် မြင်တွေ့ခဲ့ရပါတယ်။

“အော် ဒါဟာ သူ့ရဲ့ အလောင်းကိုထားတဲ့နေရာဖြစ်မယ်” လို့ ကျနော် စိတ်ထဲကနေ ထင်နေမိခဲ့တယ်။

အခန်းထဲကို ရောက်သွားတဲ့ အချိန်မှာတော့ အဒေါ်ဖြစ်သူက “သူ့ကို ကြည့်ချင်လား သား။” တဲ့

အပေါ်ကနေဖုံးအုပ်ထားတဲ့ စောင်လေးကို နည်းနည်းဖယ်ပေးပြီး ကျနော့်ကိုပြပါတယ်။ ဒီအချိန်မှာ ကျနော်မြင်တွေ့လိုက်ရတာကတော့ ကျနော့် သူငယ်ချင်းရဲ့ရုပ်အလောင်းမဟုတ်ပါဘူး။

သူ့ရဲ့ ရုပ်အလောင်းကို ကိုယ်စားပြုထားတဲ့ ကယားရိုးရာဓလေ့တွေနဲ့ စီမံထားတဲ့ လူပုံသဏ္ဍာန် တခုသာရှိနေပါတယ်။ ဒီအရုပ်ဟာ ခန္ဓာကိုယ်ကို မသယ်ဆောင်လာနိုင်တဲ့ (သို့မဟုတ်) ခန္ဓာကိုယ်ကိုပြန်မရနိုင်တဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို အစားထိုးထားတာဖြစ်ပါတယ်။ ရိုးရာဓလေ့ကို ယုံကြည်သက်ဝင်သူတွေကတော့ သေဆုံးသူရဲ့ ပစ္စည်းတွေနဲ့ ဆင်မြန်းပေးထားတာမို့ သူ့ရဲ့ ဝိညာဉ် ကိန်းအောင်းနေတယ်လို့ ယူဆကြတာပါ။

သူ့ရဲ့ ရုပ်အလောင်းအစစ်ကိုတော့ သူ့ရဲ့မိခင်သာမက သူ့ကိုခင်မင်တဲ့အပေါင်းအသင်းတွေ ဘယ်သူဘယ်ဝါကမှ မြင်တွေ့ခွင့် မရတာကိုတော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူး။

ဒီမြင်ကွင်းကို မြင်တွေ့ပြီးတဲ့အချိန်မှာတော့ ကျနော့်မျက်ရည်တွေ သူ့အလိုလို ဝဲလာပါတော့တယ်။ အလွန်ပင် ဝမ်းနည်း ကြေကွဲစရာ ကောင်းလွန်းလှတာကြောင့်ပါ။

အခန်းလေးထဲကနေ ပြေးထွက်လာခဲ့ပြီး လူသူမရှိတဲ့နေရာမှာ ခဏသာ စိတ်ငြိမ်အောင် နေခဲ့ရပါတယ်။ ကျနော်ပဲ ဖြစ်နေတာလား ဆိုတာ မဟုတ်ပါဘူး။ ဘေးထောင့်တနေရာမှာ ကျနော့်လိုပဲ ကြေကွဲဝမ်းနည်းပြီး ထိုင်ငိုနေတဲ့ အမျိုးသမီးငယ်တယောက်လည်း ရှိပါသေးတယ်။ သူကတော့ ကျဆုံးသွားခဲ့တဲ့ ရဲဘော်သိပ်ချစ်ရသူ ချစ်သူ ကောင်မလေးပါ။

သိပ်ပြီး လိုက်ဖက်လွန်းလှတဲ့ ချစ်သူစုံတွဲနှစ်ယောက် ဒီလို အဖြစ်မျိုးနဲ့ ကြုံတွေ့လိုက်ကြရတာကိုတော့ ကြေကွဲဝမ်းနည်းလို့ မဆုံးပါဘူး။ ကျန်ရစ်ခဲ့တဲ့ ကောင်မလေးနဲ့ မိခင်ဖြစ်သူကတော့ သူ့ရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ခွင့် မရကြတော့ပါဘူး။ ကယားရိုးရာတွေနဲ့သာ ပြုလုပ်ထားတဲ့ သူ့ရဲ့ ဝိညာဉ်ကိုသာ မြေမြုပ်ပေးခဲ့ကြရတာပါ။

သားလေးရဲ့ မျက်နှာကို နောက်ဆုံးအကြိမ်အနေနဲ့တောင် မြင်ခွင့်မရခဲ့ပေမဲ့ သူ့သားအတွက် ဂုဏ်ယူနေတဲ့ မိခင်တယောက်ရဲ့ မေတ္တာကိုတော့ ဘာနဲ့မှတုနှိုင်းလို့မရသလို လေးစားလို့ လည်းမဆုံးပါဘူး။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လူတစုက မတရားသိမ်းယူလိုက်တဲ့ အာဏာကို မကြိုက်မနှစ်သက်ကြလို့ လူငယ်တွေ လမ်းပေါ် ထွက် ဆန္ဒပြရာကနေ လက်နက်ကိုင် တိုက်ပွဲဝင်ရတဲ့ အထိဖြစ်လာခဲ့တာ ယခုဆိုရင် ၃ နှစ်ကျော်ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လူငယ်တယောက် သို့မဟုတ် ရဲဘော်တယောက်ကျဆုံးတိုင်း ကျဆုံးတိုင်းမှာ မိခင်တယောက် ကြေကွဲ ဝမ်းနည်းလို့ မဆုံးဖြစ်ရတဲ့ အဖြစ်အပျက် မြင်ကွင်းလေးကို ဘယ်အချိန်ထိ ဆက်လက်မြင်တွေ့ခံစားနေကြရဦးမှာလဲ။

ငြိမ်းချမ်းမယ့်တနေ့ကို သားသည်မိခင်တိုင်း မျှော်လင့်ရင်း ……….

spot_img
spot_img