စိုးထိုက်အောင်
ဒေသခံပြည်သူတွေကနေပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုကိုလိုက်နာစေချင်လို့ စည်းကမ်းချက် ၁၀ ချက်ပါ ဒေသန္တာရအမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မယ်စဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ပြောပါတယ်။
၎င်းက “ဒေသခံမိဘပြည်သူတွေအနေနဲ့ ကျတော်တို့ဒီ ကျန်တဲ့အစိုးရစီမံခန့်ခွဲ အစိုးရစီမံခန့်ခွဲမှုအပိုင်းလုပ်ငန်းတွေလုပ်နေတာရှိတယ်။ အဲ့ဒါတွေကို ကျတော်တို့က လိုက်နာဆောင်ရွက်စေချင် အဲ့လိုလေးကျတော်တို့က အမိန့်ထုတ်တာပါ။” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၃) ရက်နေ့မှာ ကယားပြည်နယ်အတွင်း မြို့နယ်(၇)မြို့နယ်လုံးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အသီးသီးကနေပြီး အများပြည်သူလေးစားလိုက်နာဖို့ စည်းကမ်းချက် ၁၀ချက်ပါတဲ့ စည်းကမ်းချက်တွေကို ထုတ်ပြန်လိုက်ကြတာဖြစ်ပါတယ်။
အဆိုပါ ဒေသန္တာရအမိန့်ထုတ်ပြန်ကြေညာချက်ကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးမှူး ၊ ရပ်ကွက်\ ကျေးရွာတွေအထိ ဖြန့်ဝေထားတယ်လို့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
ထုတ်ပြန်ကြေညာချက် ထုတ်ရတဲ့ အဓိကရည်ရွယ်ချက်က အများပြည်သူအကျိုးအတွက် ထုတ်တာဖြစ်တယ်လို့ ဖားဆောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးကပြောပါတယ်။
“အများပြည်သူအကျိုးဌာ လိုအပ်လို့ထုတ်တာပေါ့နော် ဒါကကယားပြည်နယ်တစ်ပြည်နယ်လုံးထုတ်တဲ့အတိုင်းအတာပါ။”လို့ ဦးအောင်မြတ်မိုးက ပြောပါတယ်။
ထုတ်ပြန်ချက်ကိုမှလေးစားလိုက်နာမှုမရှိဘူးဆိုလို့ရှိရင် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ခြင်းတွေ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
၎င်းထုတ်ပြန်ကြေငြာချက်ထဲပါရှိတဲ့ တစ်ချို့သော အချက်တွေကအခြေခံလူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။
“လနဲ့ချီလာပြီ ပိုပြီးတော့မှစိတ်ကျဉ်းကြပ်မှုတွေဖြစ်နေပြီ၊ အဲ့ဒီအပေါ်မှာပိုဆိုးစေတဲ့ ဒေသန္တာရအမိန့်ကို ထပ်ထုတ်ရင် ပြည်သူတွေက ပိုပြီးတော့မှ စီးပွားရေး၊ လူမှုရေး၊ လွတ်လပ်မှုတွေက ပျောက်ဆုံးသွားတယ်။ ပိုပြီးတော့မှ လူတွေကို ဆိုးဆိုးရွားရွား စိတ်ပိုင်းဆိုင်ရာအရ ညှင်းပန်းတယ်လို့တောင်မြင်ရတယ်။ ဒါကြောင့် ဒီအချိန်မှာ လုံးဝကို မထုတ်သင့်တဲ့ အမိန့်စာဖြစ်တယ်။” လို့ဦးဗညားက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်တားဆီးဖို့ ပြည်ထောင်စုအစိုးရကနေ ပြည်နယ်အစိုးရ ၊ ကျန်းမာရေးဦးစီးဌာနတို့ကနေ လမ်းညွန်ချက်တွေထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် အခုလို လူထုတွေရဲ့ အခွင့်အရေးချိုးဖောက်စေတဲ့အချက်တွေကို မထုတ်ပြန်သင့်ဘူးလို့ဆိုပါတယ်။
ထုတ်ပြန်ချက် ၁၀ ချက်ထဲတွင် နံပါတ်(ဂ)အချက်မှာ “ဥပဒေနှင့် မညီညွတ်သော မဟုတ်မမှန်သည့် အချက်အလက်များ ပါဝင်သော သဘောထားများ ထုတ်ပြန်ခြင်း၊ ဖော်ပြဆောင်ရွက်ခြင်းကို မည်သည့်နေရာတွင်မျှ မပြုလုပ်ရ။” လို့ရေးသားထားတာတွေက လူ့အခွင့်အရေးချိုးဖောက်တာကြတယ်လို့ ဆိုပါတယ်။