မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )
“ကျမတို့ ဒီစစ်ရှောင်မှာ ပညာလေးသင်မယ် ပြီးတော့မှ အနာဂါတ်ကို ဖန်တီးမယ် အဲ့လိုမျိုး အများကြီး လျာထားကြတယ်”
အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသူ အယ်လင်းနာ က မိသားစုနဲ့အတူ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပေမယ့် ပညာသင်ယူလိုတဲ့ ပြင်းပြတဲ့ သူ့ရဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ပြောကြားလာတာပါ။ သို့ပေမယ့် တမနက်မှာတော့ အယ်လင်းနာ ရဲ့ အထက်ပါ စိတ်ဓာတ်ဟာ အောက်ဆုံးထိ ထိုးကျလာခဲ့တာပါပဲ။
“ကျမတို့ စာသင်တာ ကောင်းကောင်းသင်နေတာကို တမင်သက်သက် ရည်ရွယ်ပြီးတော့ ပစ်တာသေချာတယ်။ ဘာလို့လဲဆို ကျမတို့ တက်တာ အဆင်ပြေနေပြီလေ။ အဆင်ပြေနေခါကျတော့ ပညာရေးက ဒီထက်ပိုတိုးတက်မှာကို မလိုလားလို့ ဖြစ်မယ်။ ပညာရေးက တော်တော်လေးကို တိုးတက်နေပါပြီ” လို့ အယ်လင်းနာ ကပြောပါတယ်။
ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ မနက်ခင်းလေးမှာ စစ်ရှောင်စခန်းအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အပြင် စခန်းနဲ့ မနီးမဝေးလေးမှာ တရစပ် ပစ်ခတ်နေတဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကို ကြားရ၊ မြင်ရတဲ့ အဲ့ဒီမနက်ခင်းလေးဟာ တောတောင်ထဲလည်း ပညာသင်ယူရရုံဖြင့် ဝမ်းသာနေတဲ့ အယ်လင်းနာအတွက် ထိတ်လန့်ပြီး မေ့မရတဲ့ နေ့တနေ့ ဖြစ်နေပါတယ်။
ကျောင်းသူ အယ်လင်းနာ၊ ဆရာမ ဒေါ်ဟယ်လင်းနာ နဲ့ ကျောင်းသားမိခင် ဒေါ်ဂျိုစဖီးနာတို့ တစ်နှစ်ကျော်အကြာ ခိုလှုံခဲ့တဲ့ စစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စခန်းတွင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုတွေ ရှိလာတာကြောင့် စခန်းတစ်ခုလုံး ထပ်ဆင့်ရွေ့ပြောင်းခဲ့ကြရပြီး စာမေးပွဲဖြေခါနီးဖြစ်တဲ့ စခန်းတွင်းက ကျောင်းတွေကိုလည်း ပိတ်လိုက်ရပါတယ်။
ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KAအပါအဝင် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကြပြီး စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်စခန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အယ်လင်းနာဟာ အနုပညာကို ဝါသနာပါတာကြောင့် တနေ့ မိဘတွေ ဂုဏ်ယူရမယ့် အနုပညာရှင်တစ်ဦး ဖြစ်လာအောင် ကြိုးစားချင်ခဲ့သူပါ။
သူမဟာ လက်ရှိ စစ်ဘေးရှောင်ကလေးငယ်တွေထက် အခွင့်အရေး ပိုရရှိခဲ့ပြီး ပညာတွေလည်း သင်ယူခဲ့ရတဲ့အပြင် အပြင်လောကရဲ့ အတွေ့အကြုံတွေ၊ ပျော်ရွှင်စရာတွေကို ရယူခဲ့သေးတာဖြစ်လို့ လက်ရှိ စစ်ရှောင်နေရတဲ့ ကလေးသူငယ်ရဲ့ ရရှိသင့်တဲ့ အခွင်အရေးအသေးလေးတွေကိုတောင် မရရှိနိုင်တဲ့ သူမနဲ့အတူ စစ်ဘေးရှောင်နေတဲ့ ကလေးငယ်တွေကို ကြည့်ရင်း ထိုကလေးငယ်တွေရဲ့ အနာဂါတ်အတွက် ဆယ်ကျော်သက် အယ်လင်းနာက စိတ်မကောင်းဖြစ်ရ၊ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
“အခြေအနေ တစ်ခုကြောင့် သူတို့တွေက ဒီထက်ပို ယုတ်ညံ့မယ်ဆိုလို့ရှိရင် လေယာဉ်နဲ့လာကြဲရင် အသက်ပါရင် ပါသွားနိုင်တာပေါ့။ အဲ့ဒါကို ကိုယ့်အိမ်မက်တွေက မဖြစ်နိုင်မှာကိုပဲ စိုးရိမ်တယ်။ ကိုယ့်ရဲ့ မိဘတွေ ညီငယ်၊ ညီမငယ်တွေ အသက်ပါသွားမှာကိုလည်း အရမ်းစိုးရိမ်တယ်။” လို့ အယ်လင်းနာက ပြောပါတယ်။
သူမနဲ့အတူ လူဦးရေ တစ်ထောင်ကျော် နေထိုင်တဲ့နေရာလေးကို လုံခြုံတယ်လို့ ယူဆခဲ့ကြပေမဲ့ စစ်ကောင်စီကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်လာတာကြောင့် အခုဆိုရင် သူတို့အားလုံးရဲ့မျက်နှာတွေမျာ စိုးရိမ် ပူပန်နေရတဲ့ မျက်ဝန်းအပြည့်နဲ့ပါ။
သူမက ထိတ်လန့်ဖွယ်ရာနေ့ရက်တွေကြောင့် စိတ်ဓာတ်ကျခဲ့ပေမယ့် သူမရဲ့ အိမ်မက်၊ ရည်မှန်းချက်တွေကို ဘယ်တော့မှ လက်လျော့မှာ မဟုတ်ပဲ တနေ့ဖြစ်လာရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အန္တာရာယ်လမ်းမတွေကြား ရှေ့ဆက်လျှောက်မယ်လို့ ဆိုပါတယ်။
စစ်ပွဲတွေ ဖြစ်တယ်ဆိုပေမယ့် ဆယ်ကျော်သက်ပီပီ ရက်ပိုင်းအတွင်း အိမ်ပြန်လာနိုင်မယ်လို့ အယ်လင်းနာက တွေးထင်ထားခဲ့တာပါ။ ဒါပေမယ့် သူမဟာ စစ်ရှောင်တာ နှစ် နှစ်ဝန်းကျင်အထိ ရှိလာခဲ့ပါပြီ။ သူမနဲ့ မိသားစုအပြင် တစ်ထောင်ကျော်သော လူဦးရေဟာ လက်နက်ကြီးရန် ခိုလှုံတဲ့နေရာကနေ ထပ်ဆင့်…ထပ်ဆင့် ရွေ့ပြောင်းစစ်ရှောင်ခဲ့ကြရတာပါ။
စစ်ကြောင့် တကွဲတပြားဖြစ်ပွားတဲ့ ဘဝတူ ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့လည်း တနေ့ စုစုစည်းစည်း ပြန်လည်ဆုံတွေ့ရဖို့နဲ့ အတူတကွ ပညာတွေ ဆက်လက်သင်ယူနိုင်ဖို့လည်း အယ်လင်းနာက မျှော်လင့်နေပါတယ်။
“ဒီအခြေအနေကို ဖန်တီးတဲ့အရာကိုပဲ နာကျည်းနေကြတယ်။ ပညာကိုပဲ ပြန်ရှာချင်ကြတယ်” လို့ ပညာကို အင်မတန်လိုလားပြီး အနုပညာရှင်တစ်ဦး ဖြစ်ချင်ခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကြောင့် လွတ်လပ်စွာ ပညာသင်ခွင့်မရ၊ နေရပ်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရင်း စစ်ရှောင်စခန်းက တဲလေးထဲမှာ ပညာသင်ယူနေတုန်း လက်နက်ကြီးကြောင့် ကျောင်းပိတ်ပြီး တဖန်တဲအိမ်စွန့်ခွာ ထွက်ပြေးရပြန်တဲ့အပေါ် အယ်လင်းနာက နာကျည်းစွာ ပြောသွားတာပါ။
“ကျောင်းမတက်ဘူးဆိုတဲ့ စကားတစ်ခွန်းကြားရတာနဲ့ အရမ်းစိတ်နာတယ်”
ဒီစကားကို တုန်ရီနေတဲ့ အသံ၊ ပူပန်လွန်းတဲ့ မျက်ဝန်းနဲ့ ပြောနေသူက ကျောင်းသားမိခင်တစ်ဦးဖြစ်တဲ့ ဒေါ်ဂျိုစဖီးနာ ပါ။ စစ်ရှောင်စခန်းက ကျောင်းနေအရွယ် သူမရဲ့ သား၊သမီးတွေအပါအဝင် ကလေးတွေအားလုံး မကြာခနရွေ့ပြောင်းရ၊ လက်နက်ကြီးရန်၊ လေယာဉ်ရန်ကို နေ့စဉ်တွေးပူနေရတာကြောင့် ကျောင်းတက်ဖို့ ပညာသင်ဖို့ စိတ်မပါတော့မှာကို သူမအနေနဲ့ အထူးစိုးရိမ်နေတာပါ။
သူမဟာ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် အုပ်စုအတွင်းမှာ နေထိုင်ပါတယ်။ စစ်အာဏာသိမ်းပြီး ၄ လ ဝန်းကျင် အကြာမှာ ပထမဦးဆုံး စစ်ဒဏ်ကြုံရင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီစစ်ရှောင်တွေထဲမှာ ဒေါ်ဂျိုစဖီးနာ တို့ ပါဝင်ပါတယ်။
ဒေါ်ဂျိုစဖီးနာ ကတော့ သူ့လို မဖြစ်ဖို့ သူက သား၊ သမီးတွေအပေါ် အပြည့်အဝ မျှော်လင့်ထားသူပါ။ စစ်ရှောင်နေရသည်ဖြစ်စေ သား၊ သမီး တွေရဲ့ ပညာရေးကို ဆက်လက်ပြီး ပံ့ပိုးပေးဖို့နဲ့ စစ်ရှောင်ကလေးတွေအားလုံးအတွက် လုံခြုံသော နေရာတစ်ခုရှိဖို့ကိုလည်း တောင်းဆိုသွားပါတယ်။
“စိုးရိမ်ပူပန်မှုကတော့ နေ့စဉ်နေ့တိုင်းလိုလို ရှိတယ်။ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ ဒီတောတောင်တွေထဲမှာ သင်ရတဲ့အချိန်တွေမှာ ဘယ်အချိန်များ လေယာဉ်လာမလဲ၊ ဘယ်အချိန်များ တိုက်လေယာဉ်တွေနဲ့ ဗုံးလာပစ်ချမလဲ၊ ဘယ်အချိန်များ လက်နက်ကြီး ကိုယ့်အပေါ်ကျရောက်မလဲ စသဖြင့် နေ့စဉ်နေ့တိုင်း စိုးရိမ်ပူပန်မှုနဲ့ အမြဲတမ်း ရှိတယ်ပေါ့” လို့ ထပ်ဆင့်ပြောင်းရွေ့ရလို့ ကျောင်းပိတ်လိုက်ရတဲ့ စစ်ရှောင်စခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ကြားပေးနေတဲ့ ဆရာမ ဒေါ်ဟယ်လင်းနာက ကလေးတွေအတွက်၊ သူ့အတွက် ထွေးပိုက်ထားရတဲ့ သူ့ရဲ့ ပူပန်မှုကို ပြောပြလာတာပါ။
ကရင်နီစစ်ရှောင် ကျောင်းနေအရွယ်ကလေးတွေဟာ စိုးရိမ်မှု၊ ထိတ်လန့်မှု၊ ပူပန်မှုတွေကြားက ပညာတွေကို သင်ယူနေရတာပါ။ ထို့အတူပဲ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေ၊ ပညာသင်ယူနိုင်ဖို့ သား၊သမီးတွေကို ကျောင်းကိုစေလွတ်ထားတဲ့ မိဘတွေဟာ ကိုယ်စီအပူတွေနဲ့။
သူတို့အားလုံးဟာ ကိုယ်စီအပူထမ်းနေရပေမယ့် လက်မလျော့ပဲ တတ်နိုင်တဲ့ ကဏ္ဍ၊ မိမိပါဝင်နိုင်မဲ့ ကဏ္ဍကနေ အန္တာရာယ်နေ့ရက်တွေထက်မှာ ကရင်နီစစ်ရှောင် ကျောင်းသူ၊ ကျောင်းသားတွေ ပညာအလင်းရဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တွန်းလှန် သင်ယူ..သင်ကြားနေကြရဦးမှာပါ။
ဇန်နဝါရီီလ ၂၅ ရက်နေ့ရဲ့ အဖြစ်အပျက်ကြောင့် စိတ်ဓတ်ထိုးကျခဲ့ပေမယ့် အယ်လင်းနာကတော့ “ကိုယ်မျှော်မှန်းထားတဲ့ဟာက အခြေအနေတစ်ခုကြောင့် ဒီလိုဖြစ်သွားပေမယ့် အခုထိ စိတ်ထဲမှာ ရှိနေတုန်းပဲ။ လက်မလျှော့ဘူးပေါ့။ ကိုယ့်အခွင့်အရေးရှိတယ် ဆိုတာ သိရလို့ ဒိအခွင့်အရေးကို လက်လွတ်မခံပဲ ရအောင်ယူမယ်ဆိုတဲ့စိတ်ကို မွေးထားတယ်။ တနေ့တော့ ရအောင် ဖြစ်မယ်ဆိုတဲ့စိတ်ပေါ့နော” လို့ တောတောင်တွေထဲ ရှင်သန်နေရပါစေ ပညာသင်ယူဖို့ကိုတော့ ဘယ်တော့မှ လက်လျော့သွားမှာ မဟုတ်ကြောင်းကို ရဲရင့်တဲ့ သူမရဲ့စိတ်ကို သက်သေပြသွားတာပဲ ဖြစ်ပါတယ်။