spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အဖြေရှိဖို့ လိုအပ်နေသေးတဲ့ မြေယာသိမ်းဆည်းမှုပြသာနာ

Author

Date

Category

ဘိုထီး(ငွေတောင်ပြည်)

ကယား(ကရင်နီ)ပြည်မှာ ဖြစ်ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှုပြသာနာကို ဖြေရှင်းနိုင်ဖို့ မဖြေရှင်းနိုင်ဖို့ ဆိုတာက ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုမှု ဘယ်လောက်ရှိလဲ မရှိဘူးလဲဆိုတဲ့ အပေါ်မှာအဓိကမူတည်ပါတယ်။ ပြည်နယ်အစိုးရက ပြည်နယ်ဒေသတစ်ခုလုံးကို အမှန်တကယ် ကိုယ်စားပြုတယ်ဆိုရင်ဒေသအတွင်းမှာ ဖြစ်ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှုပြသာနာကို မဖြေရှင်းပေးနိုင်စရာအကြောင်းမရှိဘူး။ ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှုပြသာနာကို ဖြေရှင်နိုင်ဖို့ဆိုရင် ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ကယားပြည်နယ်အစိုးရအနေနဲ့ သမိုင်းရှိခဲ့ဖူးတဲ့ အစိုးရအဖြစ် ဒေသခံရဲ့ အသိအမှတ်ပြုတာကို ခံချင်တယ်ဆိုရင် ဒေသအတွင်းမှာ ဖြစ်ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှု ပြသာနာကို မဖြစ်မနေဖြေရှင်းပေးရမှာဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှု ပြသာနာကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ရေကြည်လည်းနောက် ဖြေရာလည်းပျောက် ဆိုတဲ့အတိုင်း သမိုင်းရှိခဲ့တဲ့ အစိုးရအဖြစ် ဒေသခံက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။

ပြည်နယ်အတွင်းက ပြသာနာကို မဖြေရှင်းပေးနိုင်တာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းမှာတာဝန်ရှိတဲ့ ခေါင်းဆောင်တချို့က “ အရပ်သားအစိုးရလက်ထက်မှာ အာဏာအပြည့်အဝမရှိဘူး” ဆိုပြီး ပြီးစလွယ်ပဲ ပြောတတ်ကြပါတယ်။

ကယား(ကရင်နီ)ပြည်မှာ ဗိုလ်ချုုပ်ကြေးရုပ်စိုက်ထူတာဟာ ၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းထားတာ မရှိပါဘူး။ နိုင်ငံရေးတက်ကြွလုပ်ရှားတဲ့ ကရင်နီလူငယ် ဖမ်းဆီးအရေးယူတာဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွန်ကြားချက်မဟုတ်ပါဘူး။ လူငယ်တွေကို ဖမ်းဆီးအရေးယူတာ ၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူတာတွေဟာ အရပ်သားအစိုးရလက်ထက်မှာ အဏာအပြည့်အဝရှိတာကြောင့် အဲဒီလိုလုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးအစိုးရလက်ထက်နှင့် နှိုင်းယှဉ်ရင် အခုတက်လာတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်များဟာ ပြည်သူအတွက် အကျိုးရှိစေမည့် လုပ်ဆောင်ချက်ထက် ပြည်သူအခွင့်အရေးကို နစ်နာစေမည့် လုပ်ဆောင်ချက်က ပိုများနေတာကို တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမတက်လာခင် ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်နယ်အဆင့်ကော ပြည်ထောင်စုအဆင့်ကော အကြိမ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုအစိုးရလက်ထက် ပြည်နယ်ဒေသအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ကြိမ်မျှ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အရပ်သားအစိုးရလို့ပြောတဲ့ NLD အစိုးရမတက်ခင် ယခင်အစိုးရရဲ့ အုပ်ချုပ်ရေး စနစ်ဟာ အာဏာရှင်စနစ်ဆိုပေမဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို အသိအမှတ်ပြုသင့်သလောက် ပြုပေးနိုင်ခဲ့တာကို တွေ့ရှိနိင်မှာ ဖြစ်ပါတယ်။

စစ်အစိုးရလက်ထက် ပြည်သူများ ကန့်ကွက်ဆန္ဒပြခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးတာဟာ ပြည်သူရဲ့ခံစားချက်ကို အသိအမှတ်ပြုတာဘဲဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်တုန်းက ပြည်သူရဲ့ခံစားချက်ကို အသိအမှတ်ပြုရုံမကပါဘူး။ မြန်မာ့တပ်မတော်ဘက်ကရပ်တည်ပြီး အာဏာတည်တည်မြဲဖို့ဆိုတာ လုပ်ဆောင်နေတာလည်း အချို့နေရာများမှာ တွေ့ရှိရပါတယ်။

ဖယ်ဒရယ်ဒီမိုကရေစီဆိုတာ တိုင်းရင်းသားအကျိုးကို ဦးစားပေးတဲ့ စနစ်ဖြစ်ပေမဲ့ အရပ်သားအစိုးရကျင့်သုံးတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်မှာ တိုင်းရင်းသားအကျိုးအတွက် လုပ်ဆောင်ပေးတာမတွေ့ရပါဘူး။

ပြည်သူက ရွေးချယ်တင်မြောက်တဲ့အရပ်သား အစိုးရဖြစ်ပေမဲ့လက်တွေ့မှာတော့ စစ်အစိုးရလက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့အာဏာရှင်စနစ်ကိုသာ ဆက်လက်ကျင့်သုံးနေတာကို တွေ့ရပါတယ်။ အရပ်သားအစိုးရအနေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးတယ်ဆို့ရင် အပြစ်မဲ့တဲ့တောင်သူတွေကို တရားစွဲဆိုဖို့မလိုပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ နှစ်နှစ်ဆယ်ပြည့်အခမ်းအနားမှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ပါတီသည် “ အများပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံသည့် စစ်မှန်သော ဒီမိုကရေစီအစိုးရဖြစ်လာရန်။ ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနိုင်ငံရေးစနစ် ထွန်းကားလာရန် ကြိုးပမ်းသွားမည်” ဟုဖော်ပြပါရှိပါတယ်။

ကြေညာချက်ထုတ်ပြန်ပြီး လေးလအကြာမှာ ကရင်နီလူငယ်များ ကန့်ကွက်သည့်ကြားကဘဲ ကယားပြည်နယ်ပြည်သူပြည်သားရဲ့ အသဲနှလုံးဖြစ်တဲ့ ကန္ဒာဟေဝန်ပန်းခြံအတွင်းမှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို စိုက်ထူရုံမကဘဲ ဆန္ဒပြကန့်ကွက်ခဲ့တဲ့ ဒေသခံတွေကို ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။

တစ်ဆက်ထဲမှာပဲ အပြစ်မရှိတဲ့ တောင်သူများကို တရားစွဲဖမ်းဆီးမှုများ တစ်စတစ်စပြုလုပ်လာခဲ့ပါတယ်။ အစိုးရရဲ့ပြောဆိုမှုနဲ့လက်တွေ့က ကွာဟနေတာကစပြီး ပြည်သူရဲ့ယုံကြည်မှု တဖြည်းဖြည်းလျော့နည်း လာတာပါ။

အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှု တဖြည်းဖြည်းလျော့နည်းလာတာပါ။ အစိုးရနှင့် ပြည်သူကြား ယုံကြည်မှုလျော့နည်းလာတာနဲ့ ပတ်သက်ပြီး NLDပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ယုံကြည်မှုလျော့နည်းလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုယုံကြည်မှုလျော့နည်း လာခြင်းအကြောင်းက ကျတော် တို့အခုအစိုးရအနေနဲ့ တိုင်းရင်းသားအကျိုးကို ဒီထက်ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ သူတို့ကမျှော်လင့်ခဲ့လို့ဖြစ်ပါတယ်’’ ဟုပြောကြားသွားပါတယ်။

လာမည့်၂၀၂၀ မှာ တိုင်းရင်းသားတွေက အင်အားကြီးအုပ်စုတွေကို ဆက်ပြီးယုံကြည်ထောက်ခံအားပေးအုံးမယ်ဆိုရင် ရွှေးကောက်ပွဲအနိုင်ရလာတဲ့အခါ တိုင်းရင်းသားတွေအပေါ် ဗဟိုချုပ်ကိုင်မှု ဆက်ပြီးလွှမ်းမိုးမယ်ဆိုတာ အခုကတည်းက သင်ခန်းစာယူရမှာဘဲဖြစ်ပါတယ်။

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကယားပြည်နယ်ဟာ ပုခုံးပေါ်ကသေနတ်အစား ပုခုံးပေါ်တယောဖြစ်သွားပါပြီ “ ဆိုပြီးပြောကြားသွားပါတယ်။ သေနတ်အစားတယောဖြစ်သွားအောင် လုပ်ဆောင်ခဲ့တာ NLD အစိုးရ အရပ်သားအစိုးရမဟုတ်ပါဘူး။ အရပ်သားအစိုးရတက်မလာခင် အရင်အစိုးရလက်ထက်ကတည်းက ပြည်နယ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တို့ရဲ့ ကြိုးပမ်းမှုကြောင့် ပုခုံးပေါ်က တယောအခြေအနေ ရောက်ခဲ့ရတာပါ။

NLDအစိုးရရဲ့ လေးနှစ်သက်တမ်းမှာ ကယားပြည်နယ်အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား ယုံကြည်မှုဒီထက်လျော့မသွားအောင် လုပ်ဆောင်မှာလား။ ဘာတွေဘဲလုပ်ဆောင်လုပ်ဆောင် ရွေးချယ်စရာနည်းလမ်းတစ်ခုဘဲ ရှိပါတယ်။ အဲ့တာက မတရားဖမ်းဆီးချုပ်နှောင်ခံရတဲ့ တောင်သူတွေကို အမြန်ဆုံးလွတ်မြောက်အောင် ကြိုးပမ်းပေးဖို့သာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

spot_img
spot_img

Recent posts