spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမေရိကန်ရောက် ကရင်နီလူမျိုးစုတွေကနေပြီး ကေ့ထျိုးဘိုး ပွဲတော်ကို နှစ်ရက်တာ ကျင်းပခဲ့ကြ

မော်မီမြာ / ကန္တာရဝတီတိုင်း(မ်)

အမေရိကန်ရောက် ကရင်နီလူမျိုးစုတွေကနေပြီး ရိုးရာ ကေ့ထျိုးဘိုး ပွဲတော်ကို အမေရိကန် Austin Minnesota ပြည်နယ်မှာ ဧပြီ(၃၀)နဲ့ မေ(၁)ရက်နေ့တွေမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကရင်နီလူမျိုးစုတွေအနေနဲ့ ဘယ်နေရာပဲရောက်ရောက် ကိုယ့်ရဲ့ ရိုးရာ မပပျောက်အောင် ထိန်းသိမ်းဖို့အတွက် ရည်ရွယ်ပြီး ကျင်းပ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင် လူငယ်တစ်ဦးဖြစ်တဲ့ ခူးဆော်ရယ်က ပြောပါတယ်။

“ ကျနော်တို့ ဒီမှာက အဖွဲ့အစည်းရှိတယ်ပေါ့နော။ ကယားရိုးရာ အဖွဲ့အစည်းပေါ့။ ဒီပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ရိုးရာကို ထိန်းသိမ်းတာဖြစ်တယ်။ ကျနော်တို့ ဘယ်နေရာပဲရောက်နေရောက်နေ ရိုးရာ မပပျောက်သွားအောင် ဆက်လက်ရှင်သန်အောင်ပေါ့။ ကျနော်တို့ ညီငယ်၊ ညီမငယ်တွေလည်း ကယားလူမျိုး ရိုးရာက ဒီလိုရှိတာလား ဆိုတာ သူတို့သိအောင်ပေါ့။ အထူးသဖြင့် အမေရိကန်မှာမွေးတဲ့ ကလေးတွေဆိုရင် သူတို့ မိဘတွေက ဘယ်ကနေလာတာလဲ ဆိုတာ မသိတာတွေလည်း ရှိတယ်ပေါ့။ အဲ့ဒီအတွက် သူတို့ကို သိခိုင်းစေချင်လို့ ကျနော်တို့ မိဘတွေက ဘယ်ကနေလာတာလဲ ရိုးရာဘာတွေ ရှိလဲ စတာတွေကို သိစေချင်လို့ပေါ့နော။ “ လို့ ခူးဆော်ရယ်က ပြောပါတယ်။

ကေ့ထျိုးဘိုး ပွဲမှာတော့ ရိုးရာအက ဖျော်ဖြေတင်ဆက်တာတွေ၊ အားကစားဖြစ်တဲ့ ဘောလုံး၊ ဘောလီဘော ပြိုင်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် လက်ရှိကရင်နီပြည်တွင်းမှာ အကူအညီလိုအပ်နေတဲ့ ကိုယ့်ရဲ့ လူမျိုးတွေအတွက် ရန်ပုံငွေ ရှာတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“ ကျနော်တို့ ရိုးရာကေ့ထျိုးဘိုးပွဲ လုပ်တယ်။ ဘောလုံးကစားတာတွေ လည်းလုပ်တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အရင်နှစ်ကနဲ့ မတူဘဲ လုပ်တာတစ်ခုရှိတယ်။ ကျနော်တို့ ကရင်နီပြည်မှာဆိုရင် ဒုက္ခရောက်နေကြရတာတွေ အများကြီးတွေ့မြင်နေရတယ်ပေါ့နော။ ကျနော်တို့ လူမျိုးတွေ ဒုက္ခရောက်နေကြတယ်။ အဲ့ဒီအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ အစားအသောက် ရောင်းချတာတွေရှိတယ်။ သီချင်းဆိုတာတွေလည်း ရှိတယ်။ ဂိမ်းကစားတာတွေ ရှိတယ်။ ပြီးတော့ ရလာတဲ့ ရန်ပုံငွေတွေကို ကျနော်တို့ ကရင်နီပြည်က လိုအပ်တဲ့နေရာမှာ ပါဝင် ကူညီသွားမှာ ဖြစ်တယ်ပေါ့နော။ “ လို့ သူက ဆက်ပြောပြပါတယ်။

ကေ့ထျိုးဘိုးပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့ကြပြီး အခုဆိုရင် (၁၃) ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။ ပွဲတော်မှာ အမေရိကန်ရောက် အနယ်နယ်အရပ်ရပ်က ကရင်နီလူမျိုးစုတွေ ပါဝင်ဆင်နွှဲခဲ့ကြသလို ရိုးရာ ကေ့ထျိုးဘိုး ပွဲတော်ကိုလည်း မပပျောက်အောင် ဆက်လက် ထိန်း သိမ်းသွားကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img