ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတနေရာမှာ စစ်ရှောင်တွေနဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ယခုနှစ်မှာ စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုလုပ်ဆောင်လာကြတယ် လို့ စစ်ရှောင်စခန်းတခုရဲ့ ဥက္ကဌက ပြောပါတယ်။
” ဘာအဓိက စိုက်လဲဆိုတော့၊ ကျနော်တို့ စပါးပဲ ဦးစားပေးစိုက်တာပေါ့နော။ ကျနော်တို့ ၁၀၀ မှာက ၈၀ရာခိုင်နှုန်း လောက်စိုက်နိုင်တယ်ပေါ့နော။ ဒါပေမဲ့ အောင်မြင်လား မအောင်မြင်ဘူးလားလည်း ရှိသေးတယ်လေး။ စိုက်ပျိုးတဲ့ချိန်ကျတော့ ကျနော်တို့ စက်ခ တို့ ပိုက်ဆံပေါ့၊ အဓိက ပိုက်ဆံပေါ့ စက်မငှားနိုင်တဲ့ စက်မရှိတဲ့အိမ်တွေ မိသားစုတွေကြတော့ အားနည်းချက်ရှိတာပေါ့။”လို့ သူကပြောပါတယ်။
ယခင်နှစ်တွေမှာတော့ စစ်ရှောင်တွေဟာ အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုကိုသာ မှီခိုနေကြရတာပါ။ စစ်ရှောင်တွေရဲ့ တနိုင်တပိုင်လုပ်ကိုင်နေတဲ့ စိုက်ခင်းတွေမှာ မြေဩဇာနဲ့ ပိုးသတ်ဆေးတွေကို အလုံအလောက် အသုံးမပြုနိုင်တာကြောင့် စိုက်ခင်းတချို့မှာ ပိုးကျပြီး ပျက်စီးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရေးမလုပ်နိုင်တဲ့ စစ်ရှောင်တချို့ကတော့ စားဝတ်နေရေးကို အထောက်အကူဖြစ်စေဖို့ ဝက်၊ ကြက် မွေးမြူကြသလို ပြောင်းဖူးနဲ့ မြေပဲကို စီးပွားဖြစ် စိုက်ပျိုးသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ စစ်ဘေးရှောင်ဦးရေနည်းတာကြောင့် အနည်းငယ်သာစိုက်ပျိုးကြပြီး ယခုနှစ်မှာတော့ လွိုင်ကော်ကနေ တိမ်းရှောင်လာတဲ့စစ်ဘေးရှောင်တွေ များလာတဲ့အတွက် စားနပ်ရိက္ခာဖူလုံဖို့ ပိုမိုစိုက်ပျိုးလာကြတာပါ။
စပါး ရိတ်သိမ်းချိန် မရောက်သေးတာကြောင့် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ဥက္ကဌတစ်ဦးက ဆက်ပြောပါတယ်။
“ကျနော်တို့ အလှူရှင်နည်းနည်း …. မိုးကာတို့ စားနပ်ရိက္ခာနည်းနည်း ဒီတစ်လ နှစ်လအတွင်းပေါ့ ။ အသီးနှံမထွက်တဲ့ အချိန်ကျတော့ ကျနော်တို့ နည်းနည်း အကူညီတောင်းချင်တာပေါ့၊ လိုအပ်တယ်ပေါ့နော”လို့ သူက ဆက်ပြောပါတယ်။
ယခုနှစ်အတွင်းမှာတော့ အလှူရှင်အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာကို နှစ်ကြိမ်သာရရှိသေးပြီး တစ်ဦးလျှင် ဆန် (၄)ပိဿာကို နောက်ဆုံးရရှိခဲ့တယ်လို့ ဆိုပါတယ်။
” စပါးတွေနည်းနည်းပါးပါးစိုက်တဲ့ခါကျတော့ မိသားစုအတွက်လည်း မလုံလောက်ဘူး ၊ မိုးကာတွေလည်းကြာလာတဲ့ခါကျ ဆွေးကုန်တယ် မိုးကာတွေလည်းလိုအပ်တယ်၊ ဆရာမတွေလည်း အတည်မရှိဘူးပေါ့နော၊ ဒီစစ်ရှောင်တဲ့နေရာမှာ ဆေးဝါးတွေလည်းလိုတယ်၊ ပြီးတော့ခြင်ထောင်တွေလည်းလိုတယ် ၊စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ ၊ ဆားတွေလည်းလိုတယ်”လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။
အဆိုပါ စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် ဦးရေ ၇၆၇ ဦး ရှိပြီး စပါးအပြင် မြေပဲ၊ ပြောင်း၊ နှမ်း စတဲ့သီးနှံတို့ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါတယ်။