spot_imgspot_imgspot_imgspot_img
Saturday, July 13, 2024
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း စစ်ရှောင်တောင်သူတွေ အတမ်းတရဆုံးလုပ်ငန်းခွင်

Author

Date

Category

မူဖိလစ်စတာ/ကန္တရ၀တီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင်းရှိ ဒေသခံလူထုတွေ အားထားရတဲ့ လုပ်ငန်းတခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက စစ်အာဏာသိမ်းပြီးနောက် ဒေသခံတွေ လက်လွှတ်လိုက်ရတဲ့ ဒုတိယအကြီးမားဆုံး ဆုံးရှုံးမှုတခုဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာအသီးသီးက ဒေသခံလူထုတွေအများစုရဲ့ အဓိက အသက်မွေး၀မ်းကျောင်း လုပ်ငန်းဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် နောက်ပိုင်း ဒီးမော့ဆိုမြိုခံတွေဟာ ရပ်ရွာ ၊ နေအိမ်နဲ့အတူ မိမိတို့ရဲ့ လယ်ယာတွေကို စွန့်ခွာခဲ့ကြတာ ယခုဆိုရင် သုံးနှစ် ပြည့်ပါပြီ။ ကရင်နီပြည်နယ်က မြို့နယ်တွေထဲမှာ ဒီးမော့ဆိုမြို့နယ်ဟာ စစ်ဘေးရှောင်ဦးရေ အများဆုံးမြို့နယ်တခုဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လယ်ယာစိုက်ခင်းတွေနဲ့ ဝေးတဲ့ တောင်ပေါ် ဒေသက တောတောင်တွေထဲမှာ စစ်ရှောင်နေကြရပါတယ်။

စစ်ရှောင်ကာလ သုံးနှစ်နီးပါးရှိနေပြီဖြစ်တာကြောင့်လည်း ရေရှည်စားဝတ်နေရေးအတွက် စစ်ရှောင်နေရတဲ့ ဒေသမှာ တောင်ယာစပါးစိုက်ပျိုးဖို့ သက်ဆိုင်ရာကိုခွင့်တောင်းကြပြီး တောင်ယာစပါးကို စိုက်ပျိုးခဲ့ကြပါတယ်။

သို့ပေမဲ့ တောင်ယာစပါးနဲ့ လယ်ယာစပါး စိုက်ပျိုးပြုစုနည်းခြင်း မတူလို့အခက်တွေ့ရပြန်တယ်လို့ လယ်ယာစပါး မှ တောင်ယာစပါး ပြောင်းလဲစိုက်ပျိုးခဲ့တဲ့ ဒေါ် နန်းမူက ဆိုပါတယ်။

” ဒီမှာရောက်ရောက်ချင်းနဲ့ ဦးလေး တောင်ယာတခင်းပေးလုပ်စားတယ်။ နေရာတော့မဆိုးပါဘူး ဒါမဲ့ ပိုးဖျက်တာတော်တော်များတယ်။ ပိုးဖျက်တာ တကယ့်ပိုးဖျက်တဲ့မျိုးပဲ။ လယ်ယာနဲ့မတူဘူး။ တောင်ယာနဲ့ လယ်ယာနဲ့မတူဘူး။ တနှစ်၊ နှစ်နှစ်တော့လုပ်ထားတယ်၊ ဒါမဲ့ တနှစ်စာလောက် မ၀ဘူး( မဖူလုံဘူး) ” လို့ ဒေါ်နန်းမူက ပြောပါတယ်။

ဒေါ်နန်းမူတို့ အရင်ကလုပ်ကိုင်နေကျဖြစ်တဲ့ လယ်စပါးစိုက်တဲ့စနစ်တွေနဲ့ တောင်ယာစပါးစိုက်ပျိုးတဲ့ စနစ်တွေက မတူတာကြောင့်လည်း ယခုနှစ် စပါးအထွက်နည်းပြီး မိသားစု၀မ်းရေးအတွက် ဖူလုံမှုမရှိဘူးလို့ ပြောပါတယ်။

စိုက်ပျိုးနည်း ကျကျနန မသိတဲ့အပြင် နယ်မြေအနေအထားခြင်းလည်း ကွာခြားလို့ စပါးထွက်နည်းတဲ့အပြင် ရင်းနှီးထားခဲ့တဲ့ အရင်းတောင်ပြန်မရဘူးလို့လည်း သူမကပြောပါတယ်။

ဒေါ်နန်းမူတို့လို စစ်ဘေးရှောင်လူထုတွေဟာ လုံခြုံရေး၊ ပညာရေး ၊စား၀တ်နေရေး အတွက် အမြဲ ပူပန်နေကြရတာဖြစ်ပါတယ်။ ထိုထဲမှာတော့ စား၀တ်နေရေးဟာ စစ်ရှောင်လူထုတွေ အဓိက စိုးရိမ်နေရတဲ့ အကြီးမားဆုံး ပူပန်မှုတခုပါပဲ။

စားရေးသောက်ရေးအတွက် အဆင်မပြေတဲ့ကြား ကုတ်ကပ်ပြီး တောင်ယာစပါး မရရအောင် စိုက်ပျိုးခဲ့ကြပေမဲ့ စပါးခင်းပိုးဖျက်ခံရတာကြောင့် အရင်းပါပြုတ်သွားတဲ့ ဒေါ်နန်းမူတို့ကတော့ တပူပေါ် နောက်တပူဆင့်နေသလို ခံစားနေကြရပြန်ပါတယ်။

” စားစရာလည်းမရှိဘူးရော နော။ ငတ်ရုံပဲဖြစ်မှာ။ ကိုယ့်မှာလည်း ဒီတောင်ယာ၊ လယ်ယာပဲ လုပ်စားနေတဲ့သူပဲရော နော။အခြား စီးပွားရေး အခြားဟာလည်း မလုပ်တတ်ဘူးလေး။ နောက်ဒီလိုမျိုးပဲဆက်နေတော့ ကျမတို့ဘာစားရမလဲ အဲလိုကျမ တွေးတယ်ပေါ့” လို့ ဒေါ်နန်းမူက ပြောပါတယ်။

ဒေါ်နန်းမူလိုပဲ စားဝတ်နေရေးအတွက် တောင်ယာစပါး ပြောင်းစိုက်ကြတဲ့ စစ်ရှောင်လူထုအများစုရှိပါတယ်။ ဒါပေမဲ့လည်း အလားတူ စပါးအထွက်နှုန်းနည်းတဲ့ ပြဿနာကြောင့် စိတ်ဖိစီးမှုတွေကသာ ပိုတိုးလာကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်လူထုတို့က လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိတော့တဲ့ခါ အလှူရှင်ဆီကရတဲ့ ဆန်ကိုပဲ မှီခိုနေရတာဖြစ်ပြီး မိသားစု၀မ်းရေးအတွက် ဖူလုံမှုမရှိဘူးလို့ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းက လူထုတွေရဲ့ ၂၀၂၄ ခုနှစ်ထဲ မျှော်လင့်တမ်းတချက်ကို မေးရာမှာတော့ စစ်ရှောင်တဦးက အခုလိုဖြေပါတယ်။

” ထောက်ပံ့တဲ့လူရှိလို့ ကျတော်တို့ ဆက်လက်ရှင်သန်နေရတယ်။ ပြန်လို့မရဘူးဆိုရင်တောင် အနည်းဆုံး လယ်တော့ပြန်လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အဲတာမှကိုယ့်မိသားစုအတွက် ၀မ်းစာရေးနည်းနည်း ဖူလုံတယ်” လို့ စစ်ရှောင် အမျိုးသားတဦးကပြောပါတယ်။

မိသားစု စားသောက်ရေးအတွက် ဖူလုံမှုမရှိတဲ့အခါ စစ်ဘေးရှောင် တောင်သူတို့က အရှက်ကြီးတဲ့ တိုင်းရင်းသားတွေဖြစ်ပေမဲ့ ရှေ့မျက်နှာ နောက်ထားပြီး တပါးသူဆီ ချေးငှားရတာရှိသလို၊ အန္တရာယ်တွေကြား အသက်စွန့်ပြီးလည်း စား၀တ်နေရေးအတွက် ငွေရှာကြရပါတယ်။

စစ်ပွဲတွေရဲ့ရိုက်ခတ်မှုဒဏ်ကြောင့် အဖက်ဖက်က နှောင့်နှေး ဒုက္ခကြုံရတဲ့ စစ်ရှောင်လူထုတွေကတော့ စစ်ပွဲကို အမြန်ဆုံးပြီးဆုံးစေချင်ပြီလို့သာ စစ်ရှောင်ဘုရားကျောင်းလေးမှာ အမြဲတောင်းဆုပန်ကြရင်း ….

spot_img
spot_img

Recent posts