spot_imgspot_imgspot_imgspot_img
Tuesday, October 15, 2024
spot_imgspot_imgspot_imgspot_img

အိမ်ပြန်ဖို့ အလှမ်းဝေးနေဆဲဘဝ

ကန္တာရဝတီတိုင်း(မ်)

အသက် (၆၁) နှစ်အရွယ် ဦးငါးရယ် ထိုင်းမြန်မာနယ်စပ်က ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းထဲက တဲအိမ်ကလေးထဲမှာ နေရတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။

သူ့ရဲ့ဇာတိကတော့ ကယား(ကရင်နီ) ရှားတောမြို့နယ် ဒေါခရော်အော့ရွာကပါ။ ဒုက္ခသည်စခန်းကနေ မွေးရပ်မြေကို တစ်နေ့ပြန်နိုင်ရမယ်လို့ မျှော်လင့်ထားသူပါ။

” အခြေအနေကောင်းတော့မလားဆိုပြီး လွယ်အိတ်တွေပြင်ထားပြီးတော့ မပြန်ဖြစ်ဘူး။ အဲ့လို ရက်တိုင်းဖြစ်နေတယ်။ အိမ်ကို ပြန်ကြည့်ချင်တယ်။ ဒီလိုအိမ်တွေလည်း ကျန်ခဲ့တယ်လေ။ ကျွဲမွေးထားတာလည်း အဲ့ဒီမှာ ကျန်ခဲ့တယ်။ ကြက်တွေလည်း အဲ့မှာ ကျန်ခဲ့တယ်။ ဘယ်လိုဖြစ်ကုန်ပြီလဲ မသိဘူး။ “

သူဟာဒုက္ခသည် စခန်းကို ရာက်လာပြီးနောက် ၂၀၁၀ခုနစ်မှာ ဒေါခရော်အော့ကို တစ်ခေါက်ပြန်ပြီး စပါး၊နှမ်း စတဲ့ သီးနှံတွေပြန်လည်စိုက်ပျိုးပြီး ပြန်လည် နေထိုင်ခဲ့သေးတယ်လို့ဆိုပါတယ်။

မိသားစုကလည်း သူနဲ့အတူ မလိုက်ပဲ စခန်းထဲမှာပဲ ကျန်နေခဲ့သေးတာကြောင့် ဦးငါးရယ် တစ်ယောက်တည်းကပဲ ရွာမှာကျန်ခဲ့တဲ့ကျွဲ၊ နွားတချို့နဲ့ တောင်ယာကို ပြန်ကြည့်ခဲ့ပြီး အိုးအိမ်ကလည်း မရှိတော့တာကြောင့် မိသားစုရှိရာ စခန်းကိုပဲ ပြန်လာနေထိုင်ခဲ့တာဖြစ်ပါတယ်။

သူ့မှာ ဇနီးနဲ့ သားသမီးငါးယောက်ရှိပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ကရင်နီဒုက္ခသည်စခန်းနှစ်ခုရှိပြီးတော့ UNHCR က အသိအမှတ်ပြုထားတာ နှစ်ပေါင်း၃၀ ရှိပြီ ဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀နီးပါး ကရင်နီဒေသက ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ဦးငါးရယ်တို့မိသားစုလိုပဲ နေရပ်စွန်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရသူ ကရင်နီပြည်သူ သောင်းနဲ့ချီရှိခဲ့ပါတယ်။

သူတို့တွေက ပြည်တွင်းစစ်ကြောင့် ၁၉၈၇ ခုနှစ်ကနေ ၁၉၉၆ခုနှစ် ကြားကာလတွေက ထွက်ပြေးလာကြပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည်တွေအဖြစ်နေထိုင်နေကြတာပါ။

သူတို့မှာ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားစတာတွေ မရှိကြဘဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) မှ ထုတ်ပေးထားတဲ့ ကတ်နဲ့ နေထိုင်ကြရသူတွေဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာနေထိုင်သူတွေကို UN ကနေပြီးတော့ တစ်လကို ထိုင်းဘတ်ငွေ တစ်ဦးကိုတော့ ထိုင်းဘတ် ၂၉၀ဘတ် ထောက်ပံ့ပေးနေပါတယ်။

” တစ်ရက်တစ်ရက်နေထိုင်ဖို့ဆိုရင် ကျနော်တို့ သက်ဆိုင်တဲ့ အဖွဲ့အစည်း NGO တွေပေါ့နော။ တစ်ချို့ ကူညီတာတွေရှိတယ်။ ဒါပေမယ့် မလုံလောက်နိုင်ဘူးပေါ့နော။ မလုံလောက်နိုင်တော့ ကိုယ့်ဘာသာကို သွားရှာဖွေစားသောက်ရတယ်။”လို့ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်း အုပ်ချုပ်ရေး အတွင်းရေးမှူ ( ၁ ) ဦးမယ်ရယ် ကပြောပါတယ်။

ဦးငါးရယ်တို့လို ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းရဲ့အပြင်ကို တရားဝင်ထွက် အလုပ်လုပ်ခွင့်မရှိပါဘူး။
” ဒီမှာနေတော့ အချိန်အလကားကုန်တယ်။ အငှားတွေလိုက်မယ်ဆိုရင်လည်း ဖမ်းတာဆီးတာတွေလည်း ခဏခဏလုပ်နေတယ်။ အဲ့တာကြောင့် မသွားရဲဘူး။ ဒီအတိုင်းပဲ နေနေရတယ်။ “

ဒုက္ခသည်မှာနေထိုင်တဲ့ လူအများစုက (UNHCR) အစီအစဉ်နဲ့ တတိယနိုင်ငံကို ထွက်သွားလိုက်တာ သောင်းဂဏာန်းအထိရှိတဲ့အတွက် အခုလက်ရှိစခန်းထဲမှာ လူဦးရေ ၈ ထောင်ကျော်လောက်သာ ကျန်ပါတယ်။

တတိယနိုင်ငံ သွားခွင့်ရသူတွေထဲမှာ ဦးငါးရယ်ရဲ့ သား ၂ ယောက်ကလည်း ပါဝင်ပါတယ်။
ဦးငါးရယ်ရဲ့ အမျိုးသမီးကတော့ သူသား ၂ ယောက်ရှိတဲ့ တတိယနိုင်ငံကို လိုက်သွားချင်ပေမယ့်လည်း သူကတော့ လိုက်မသွားချင်ခဲ့ပါဘူး။

လက်ရှိရှိနေတဲ့ စခန်းထဲမှာလည်း အလုပ်ကလုပ်လို့မရတဲ့အတွက် သူရဲ့ နေရပ် ဒေါခရော်အော့ရွာကိုပဲ ပြန်ချင်တယ်လို့ ဆိုပါတယ်။

” ကျနော်တို့ ရွာထိပ်မှာ ခြံတွေဘာတွေ သွားလုပ်ရင်တောင် ပေးမလုပ်ဘူး။ ကျနော်တို့ သစ်သွားခုတ်တယ်။ ထင်းသွားကောက်ရင်တောင် သူတို့တွေ့ရင် ဖမ်းတယ်။ တအားခက်တယ်။ ဒီလိုနေရတာ မပျော်ဘူး။ ကိုယ့်ရွာကိုပဲ ပြန်ချင်တယ်။ ကိုယ့်ရွာကို ပြန်ရရင် အကောင်းဆုံးပဲလို့ တွေးနေတာ။ “

တတိယ နိုင်ငံမသွားဘဲ ဦးငါးရယ်တို့လို ကိုယ့်နေရပ်ကို ပြန်ဖို့ စိတ်ကူးနေခဲ့ကြသူတွေ၊ ပြင်ဆင်နေကြသူတွေရဲ့ အိမ်မက်တွေအားလုံးကတော့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းယူမှုနဲ့ အတူ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းပြီး စစ်ကောင်စီကို တော်လှန်နေကြတာကြောင့် ကရင်နီပြည်နယ်မှာ တိုက်ပွဲတစ်ဖန်ပြင်းထန်လာခဲ့ပါတယ်။

ခုဆိုရင် အာဏာသိမ်းမှုကို လက်မခံတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာဟာဆိုရင် (၇) လကျော်ရှိနေပါပြီ။

ဒီတိုက်ပွဲတွေကြောင့် ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည် တွေရဲ့ နေရပ်ပြန်ရေး အိမ်မက်တွေ ပိုမိုအလှမ်းဝေးခဲ့ရသလို ကရင်နီပြည်နယ်အတွင်းက ပြည်သူ တစ်သိန်းသုံးသောင်းဝန်းကျင်ဟာလည်း ဦးငါးရယ်တို့လိုပဲ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါပြီ။ ဒါဟာ ကရင်နီပြည်နယ်လူဦးရေရဲ့ တစ်ဝက်ခန့် ရှိပါတယ်။

spot_img
spot_img