spot_imgspot_imgspot_imgspot_img
Tuesday, June 18, 2024
spot_imgspot_imgspot_imgspot_img

“အိမ်မက်နောက်လိုက်ရင်း အိမ်မက်ကို စွန့်ခွာသွားကြရသူများ”

Author

Date

Category

မော်ဦးမြာ ( ကန္တာရဝတီတိုင်း (မ်) )

“ကျောင်းတက်မယ်” ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ တောတောင် လျှိုမြောင်တွေကို ဖြတ်ပြီး ခက်ခဲပင်ပန်းဆင်းရဲမှုတွေကို မမှုဘဲ ပုခုံးပေါ် ကျောပိုးအိတ်လေးတစ်လုံးလွယ်၊ လက်ထဲ ရေသန့်လေးတစ်ဗူးကို ပိုက်ရင်း လေးရက်နဲ့ သုံးည ခြေလျှင်ခရီးကို စနှင်ခဲ့သူကတော့ အသက် ၁၉ နှစ်အရွယ်၊ ကျောင်းသူလေး မော်မြာ ( အမည်လွှဲ ) ပါ။

သူမ ဟာ ဒေါက်တာဖြစ်ဖို့ ရည်မှန်းချက် ထားခဲ့တဲ့ ကယားတိုင်းရင်းသူလေး တစ်ဦးပါ။

သူမ ဒေါက်တာဖြစ်ဖို့ ဆိုတဲ့ ရည်မှန်းချက်က စစ်ကောင်စီတပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာပဲ ရပ်တန့်ခံလိုက်ရပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်ကို အဖျက်အဆီမခံလိုတဲ့ သူမဟာ ဆက်လက်ပညာသင်ယူနိုင်မယ် ဝေးလံလှတဲ့ စာသင်ကျောင်းရှိရာ နေရာကို မိဘတွေကို စွန့်ခွာပြီး ခြေလျှင်ခရီးကို စနှင်ခဲ့ပါတော့တယ်။

ဒါပေမယ့် အခုတော့….. မော်မြာ ( အမည်လွှဲ ) က “ကျောင်းပြီးအောင်တက်မယ်။ ကျမ ရဲ့ ရည်မှန်းချက်က ဒေါက်တာ ဖြစ်ချင်တာ။ ပြည်သူတွေကို ပြန်ပြီး ကူညီချင်တာ။ အဲ့လိုတွေးခဲ့တယ်။ ဒါပေမယ့် အခုက ကျောင်းလည်း ဆက်မတက်နိုင်တော့ဘူး။ ဘာမှ မဖြစ်တော့ဘူးကော။” လို့ ဒီစကားကို အပြုံးမျက်နှာ အငိုမျက်လုံးကလေးနဲ့ မျက်ရည်လေးဘဲ ထွက်ကျမလာအောင် ထိန်းရင်း ပြောနေရှာပါတယ်။

ဘာကြောင့်လဲဆိုတော့ မော်မြာ ( အမည်လွှဲ ) တို့ ဆယ်ကျော်သက် လူငယ်တစ်စု စုဝေးစာသင်နေကြတဲ့ တောင်ကြားကလေး၊ ရေမြောင်းငယ်လေးတွေ ဝန်းရံထားတဲ့ သွပ်အစိမ်းရောင်လေးတွေနဲ့ ကာရံထားတဲ့ စာသင်ဆောင်လေးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လိုက်လို့ တစ်စစီ ဖြစ်သွားခဲ့ရတာပါ။

စာသင်ခန်းထဲမှာ တနေကုန် တနေခမ်း စာတွေလေ့လာကြရင်း ပင်ပန်းနွမ်းနယ်ပြီး ည အိပ်မောကျနေချိန်မှာဘဲ အဲ့ဒီအဖြစ်အပျက်ဟာ အိမ်မက်သဖွယ် ရုတ်တရက် ရောက်လာခဲ့ပြီး မော်မြာ ( အမည်လွှဲ ) တို့ရဲ့ တကယ့် ဘဝအိမ်မက်ကြီးကိုပါ စုပ်ယူသွားခဲ့ပါတယ်။

အဲ့ဒီနေ့ကတော့ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၁၂ ရက်နေ့ သန်းခေါင်ယံ အချိန်ပါ။

မော်မြာ ( အမည်လွှဲ ) နဲ့ ငါးထောင်ဝန်းကျင်သော ကရင်နီ စစ်ဘေးရှောင်လူထုတွေရှိနေတဲ့ ထိုင်း – ကရင်နီ နယ်စပ်ဒေသက စစ်ဘေးရှောင်စခန်းတစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီ လူဦးရေ ငါးထောင်ဝန်းကျင်ကို ထိုင်းအာဏာပိုင်တွေက သူတို့ပိုက်နက်ထဲကို ယာယီခိုလှုံခွင့် ပေးထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံပိုက်နက်ထဲကို ရောက်ရှိသွားတာကြောင့် အာဏာပိုင်တွေရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးနေရတာပါ။ ဒါ့ကြောင့် မော်မြာ ( အမည်လွှဲ ) တို့ လူငယ်တစ်စုဟာလည်း စာသင်ကြားဖို့ အခွင့်အရေး ခက်ခဲသွားခဲ့ရတာ ဖြစ်ပါတယ်။

“အားလုံးကလည်း နားလည်ထားတဲ့ အတိုင်းပေါ့နော။ ဒီပညာရေးက တိုင်းပြည်အတွက် အရေးကြီးတယ်ပေါ့နော။ ပညာတတ်မှ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် ဘယ်လိုအလုပ်လုပ်ကြမလဲ စဉ်းစားတွေးခေါ်နိုင်မယ်။ စဉ်းစားတွေးခေါ်နိုင်မှသာလျှင် အလုပ်လုပ်တဲ့ အပေါ်မှာလည်း ကောင်းမယ်ပေါ့နော။ ဆိုတော့ ကလေးတွေက ဒီပညာရေးက သင်ကြားလို့ မရတော့ဘူးဆိုရင် တိုင်းပြည်ရဲ့ အနာဂါတ်အများကြီး ထိခိုက်နစ်နာမှု ဖြစ်စေနိုင်တယ်။” လို့ နယ်စပ်ဒေသမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သဲကောလိပ်ရဲ့ ဆရာမတစ်ဦးဖြစ်တဲ့ မော်နိုမြာ က သူမရဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ စာသင်ကြားခွင့် ဆုံးရှုံးသွားရပုံနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။

မော်မြာ ( အမည်လွှဲ ) လာရောက်ခိုလှုံပြီး ကျောင်းတက်ခဲ့တဲ့ ထိုင်း – ကရင်နီ နယ်စပ်တစ်နေရာက ကျောင်းသွားနေတဲ့ ကျောင်းသားတချို့အား တွေ့ရစဉ်

နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ တိုင်းပြည်ရဲ့ အနာဂါတ်ဖြစ်တဲ့ ကလေးတွေအတွက် Education in Emergency ဆိုတဲ့ အရေးအပေါ်ပညာရေး အစီအစဉ်ကို အထူးလုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ မော်နိုမြာက ဆက်ပြောပါတယ်။

မော်မြာ ( အမည်လွှဲ ) လိုဘဲ နယ်စပ်ဒေသက ဆယ်သဲကောလိပ်မှာ လာရောက်ပညာသင်ကြားနေတဲ့ ခူးဈားရယ်ဟာလည်း သူ မျှော်မှန်းထားတာတွေနဲ့ ကွာခြားသွားခဲ့ပေမယ့် လူငယ်တွေရဲ့ ပညာတတ်မှုကို ပိတ်ပင်ချင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ တွန်းအားကို လက်လျော့သွားမှာ မဟုတ်ဘဲ သူ ပညာတတ်ဖြစ်လာသည်အထိ ရှေ့ဆက်ကြိုးစားသင်ယူသွားမယ်လို့ ဆိုပါတယ်။

“မျှော်မှန်းထားတာနဲ့ ကွာခြားသွားတယ်။ ဘာလို့လဲဆို ကျောင်းဖွင့်တာက တစ်လကျော်ဘဲ ရှိသေးတယ်ပေါ့နော။ ကျောင်းဖွင့်ခါစမှာဘဲ ကျောင်းက အဲ့လိုမျိုးဖြစ်သွားတော့ အများကြီး ကွာခြားတာပေါ့နော။ ကိုယ်မျှော်မှန်းထားတာနဲ့။ ဘယ်လိုဘဲဖြစ်ဖြစ် အခက်အခဲတွေ ဘယ်လောက်ဘဲရှိရှိပေါ့နော ရှေ့ဆက်ပြီးတော့မှ ကြိုးစားပြီး ပညာသင်သွားမှာပါ။” လို့ ခူးဈားရယ်က ပြောပါတယ်။

လူဦးရေ ငါးထောင်ဝန်းကျင် ခိုလှုံနေတဲ့ ခူးဈားရယ်တို့ စစ်ရှောင်စခန်းနေရာဟာ ယခင် ၁၉၉၀ ကျော် ခုနှစ်ကတည်းက စစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြသူများက ခိုလှုံနေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ နဲ့ ထိစပ်လျှက် ရှိနေပါတယ်။
အဲဒီဒုက္ခသည်စခန်းမှာလည်း နှစ်ပေါင်း နှစ်ဆယ်ကျော် ခိုလှုံနေထိုင်လာကြတဲ့ လူငယ်တွေမှာတောင် ဒီကနေ့အထိ ပညာကို လွတ်လပ်စွာသင်ကြားခွင့်ရနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

စစ်ကြောင့်တိမ်းရှောင်ကြရင်း ကရင်နီဒုက္ခသည်စခန်းမှာ ကြီးပြင်းလာကြတဲ့ ကရင်နီလူငယ်တွေဟာ အခုချိန်အထိ ပညာရေးအခွင့်အလမ်း ကျဉ်းမြောင်းနေဆဲ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းမှာ မွေးဖွားပြီး ပညာသင်ယူရင်း နိုင်ငံတကာအထိ ထိုးဖောက်ခွင့်ရမဲ့ အရည်အချင်းပြည့်မီသူများကလည်း ထိုးဖောက်ခဲ့ကြသလို အရည်အချင်း ပြည့်မီသော်ငြားလည်း ဒုက္ခသည်စခန်းမှာသာ ကြီးပြင်းလာခွင့်ရကြတဲ့ အခက်အခဲမျိုးစုံတွေကြောင့် ထိုးဖောက်ခွင့်မရကြသူများလည်း ဒုနဲ့ဒေးပါ။

“ပညာတော်သင်ကတော့ ကျနော်တို့ ဘုတ် အဖွဲ့ရှိတယ်ပေါ့လေ။ ကျနော်တို့ ပညာရေးဌာန ဝန်ကြီးဌာနအောက်မှာ ကျနော်တို့ ဘုတ်သီးသန့် ကျနော်တို့ ဖွဲ့ထားတာ ရှိပါတယ်။ အဲ့ဒီကနေပြီးတော့ အထူးသဖြင့် နိုင်ငံတကာ ပညာဆက်သင်နိုင်ဖို့ လက်လှမ်းမီသလောက် ကျနော်တို့ လုပ်နေတာ ရှိပေမယ့် ကျနော်တို့ အခက်အခဲရှိတာပေါ့လေနော။ အခက်အခဲက ဘယ်လိုရှိလဲဆိုလို့ရှိရင် နိုင်ငံတကာကို သွားဖို့က ပါ့စ်ပို့တွေ လိုမယ်။ အထူးသဖြင့် မှတ်ပုံတင်တွေ လိုမှာ။ အဲ့ဒါကြောင့် ဒီစစ်ဘေးရှောင်မှာ ရှိတဲ့လူတွေက မှတ်ပုံတင်တို့ တရားဝင်လမ်းကြောင်းနဲ့ ပတ်စ်ပို့နဲ့ သွားဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပါဘဲ။” လို့ ကရင်နီပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒု – ဝန်ကြီး ခူးလူရယ်က ကရင်နီဒုက္ခသည်စခန်းက လူငယ်တွေရဲ့ ပညာသင်ကြားရေး အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ပြောပြသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီမှာ လေကြောင်းသုံးတိုက်ခိုက်မှုတွေကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာတွေဟာ အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကထက် ၂၀၂၃ ခုနှစ်မှာ နှစ်ဆ တိုးမြင့်လာတာကို မြင်တွေ့နေရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ၈ လအတွင်း လေကြောင်းတိုက်ခိုက်ခံတဲ့ အကြိမ်ရေဟာ ( ၄၃၅ ) ကြိမ် အထိ အရှိန်မြင့်လာခဲ့ပါတယ်။ ဒီအချက်အလက်ကိုတော့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ချက်ကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ စစ်ဘေးရှောင်လူထုတွေ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စခန်းတွေဖြစ်ပြီး အများစုဟာ စာသင်ကျောင်းတွေ နဲ့ ဆေးပေးခန်းတွေ ထိခိုက်ပျက်စီးသွားတာ ဖြစ်ပါတယ်။

ပညာဆက်လက်သင်ကြားနိုင်ဖို့ မိဘ၊ မောင်နှမတွေကို စွန့်ခွာပြီး နယ်စပ်ကို ရောက်ရှိလာခဲ့တဲ့ မော်မြာ
( အမည်လွှဲ ) ဟာ နယ်စပ်ဒေသမှာ စာဆက်လက်သင်ယူခွင့် ခက်ခဲသွားတာအပြင် နေရာထိုင်ခင်းလည်း အခက်အခဲရှိလာတာကြောင့် အခုလက်ရှိမှာတော့ သူမ ဖြတ်ကျော်လာခဲ့ရတဲ့ လေးရက်၊ သုံးည ခရီးကို တဖန်နှင်ပြီး ကရင်နီပြည်တွင်းမှာ စစ်ဘေးရှောင်နေကြတဲ့ မိသားစုထံကို ပြန်သွားခဲ့ပါပြီး

ဒါပေမယ့် အိမ်မက်နောက်ကို လိုက်ရင်း အိမ်မက်ကိုပါ စွန့်ခွာသွားခဲ့ရသူ ကျောင်းသူလေး မော်မြာ
( အမည်လွှဲ ) ကတော့ လူငယ်ပီပီ လက်လျော့သူ မဟုတ်ဘဲ ပညာတတ်လူငယ်တွေ ပေါ်ထွန်းလာမှာကို စိုးရိမ်နေတဲ့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကြားက “ကျောင်းပြန်တက်ချင်တယ်။ ပြန်ဖွင့်ရင် ပြန်သွားမယ်။” လို့ အားခဲထားနေလေရဲ့…………….။

spot_img
spot_img

Recent posts