spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁၀)ဦးမှာ အမျိုးသမီး ၇ ဦးပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၁၀ ဦးရှိပြီး ၇ဦးဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

သေဆုံးခဲ့ရသူတွေရဲ့ ထက်ဝက်ဟာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေဖြစ်ပြီး မိန်းကလေးငယ် ၃ဦးပါဝင်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ လွိုင်ကော်မြို့ ကုန်းသာကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ၇ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် ၆ ဦးသေဆုံးခဲ့ရတာပါ။ သေဆုံးသူတွေဟာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ဦး ဖြစ်ပါတယ်။ ဒါ့အပြင် အနီးအနားမှာရှိနေခဲ့တဲ့ အရပ်သားပြည်သူ ၂၀ ဦး ဝန်းကျင်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဗုံးကြဲမှုကို စစ်ကောင်စီက SU-30 ( ပြာစိမ်း ) တိုက်လေယာဥ်တစ်စီးကိုအသုံးပြုပြီး ပေါင် ( ၃၀၀ ) ဗုံး ၂လုံးကြဲချခဲ့တာလို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လွိုင်ကော် ကုန်းသာကျေးရွာ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။

ဧပြီလ ၁၁ ရက်နေ့မှာလည်း ဖယ်ခုံအနောက်ဘက်ခြမ်းကျေးရွာတစ်ရွာမှာလည်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂ ဦးဖြစ်ပြီးတော့ ၁၂ နှစ်အောက်ကလေးငယ် ၂ ဦးဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၃ ရက်နေ့မှာလည်း ဖယ်ခုံမြို့ ဆိုင်ခွန်း (ရှမ်း) ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အရပ်သား ၇ ဦးဒဏ်ရာရခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၀ ရက်နေ့အထိ စစ်ပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၁၅၅ ဦးရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU ) က ဧပြီလ ၁၉ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးတွေထဲမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇၂ ဦးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၄ ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) ရဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့စာရင်းအရ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်မှာ ဧပြီလ ၁ ရက်ကနေ ၂၂ ရက်အထိ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားဦးရေဟာ ၃၂ ဦး ရှိနေပါတယ်။

spot_img
spot_img

Recent posts