spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးခရီးစဉ်

Author

Date

Category

ကရင်နီသူ

မော်ချီးပပွာကလူ ကရင်လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ ဥက္ကဌတစ်ယောက်နဲ့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်နဲ့ မော်ချီးကိုသွားပြီး မြေပြိုတဲ့နေရာတွေကို လိုက်ကြည့်ဖို့အတွက် ညကတည်းက စိတ်တက်ကြွနေကြပါတယ်။

ဩဂုတ်လ ၂ရရက်နေ့ မနက်၉နာရီလောက်မှာ လွိုင်ကော်ကနေ ကားထွက်လာကြပါတယ်။ ကားကိုစင်းလုံးငှါးလာတာ ဖြစ်တဲ့အတွက် လူသိပ်မပါဖြစ်ဘဲ ကားပေါ်မှာကားသမားရဲ့ကုန်တွေပဲ များနေပါတယ်။

နေ့လည်လောက်မှာ ကျွန်မတို့စီးလာတဲ့ကားက ဖားဆောင်းမှာရှိတဲ့ထမင်းဆိုင်တစ်ဆိုင်မှာ ဝင်နားစားသောက်ကြပါတယ်။ အားလုံးစားသောက်ပြီးတော့ ခရီးဆက်ကြပါတယ်။ ခရီးဆက်ရင်း မွန်းလွဲ ၂နာရီမှာ မော်ချီးအမှတ်(၂)လမ်းခွဲကို ရောက်ရှိပါတယ်။ အတက်လမ်းတစ်နေရာမှာ လမ်းဆိုးတဲ့အတွက် ကား၃ပြန် ၄ပြန် ပြန်ကျလာပါတယ်။ နောက်ဆုံး ကားဘီးကိုချိန်းပတ်ပြီးတက်တော့မှပဲ တက်နိုင်ပါတော့တယ်။ ကုန်းတက်၊ တောင်တက်ကြီးပဲဖြစ်နေတော့ ကားဘီးတစ်လှိမ့်ချင်းလှိမ့်တက်တာ ၄နာရီမတ်တင်းမှာ ကားဂိတ်ကိုရောက်ရှိပါတယ်။

ကားပေါ်ကနေ အထုပ်တွေကိုယ်စီထမ်းပြီး ၁၃ကုန်းကိုဆင်းတဲ့ လှေကားနားရောက်တော့ ̏ ပြေး..ပြေး.. ဆရာမတို့ အမြန်ပြေးကြမယ်၊ ဟိုးအောက်နားရောက်မှ နားကြမယ်˝ ဆိုပြီး ဆရာမက ကျွန်မတို့ကို အော်ပြောရင်း ပြေးဆင်းကြပါတယ်။ ကျွန်မတို့ကလည်း ဘာဖြစ်တာလဲပေါ့။ ကြောင်အမ်းအမ်းနဲ့ ဆရာမနောက်ကို လိုက်ပြေးဆင်းကြတယ်။ အောက်နား လွတ်တဲ့နေရာရောက်မှ ဆရာမက အပေါ်မှာ မြေဘယ်ချိန်ပြိုမလဲဆိုတာ မသိနိုင်လို့ မလွတ်မှာစိုးလို့ ပြေးခိုင်းတာပါတဲ့လေ။

ဆရာမပြောတဲ့ မြေပြိုမယ့်နေရာက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက်ကြောင့် မြေတွေပြိုခဲ့ပါတယ်။ မြေပြိုမှုကြောင့်ပဲ ခဲကျင်းနှစ်ကျင်း ပိတ်သွားပါတယ်။ မိုးနောက်ထပ် တစ်ကြိမ်နှစ်ကြိမ် ထပ်ရွာမယ်ဆိုရင် မြေထပ်ပြိုနိုင်တာကြောင့်မို့ အနီးအနားမှာရှိနေတဲ့ ခဲကျင်းတွေကိုလည်း သက်ဆိုင်ရာတွေက လာရောက်စစ်ဆေးပြီး ပိတ်ခိုင်းလိုက်ပါတယ်။

ပျက်စီးသွားသော မီးဖိုချောင်ပစည်းများအချို့

ဒီနေရာကိုရောက်ရင် ကျွန်မတို့ပဲ ပြေးကြတာမဟုတ်ဘဲ ဒေသခံတွေကိုယ်တိုင်ကလည်း ထပ်ပြိုမှာကြောက်နေတဲ့အတွက် ရပ်စကားပြောတာတွေဘာတွေမလုပ်ဘဲ ခပ်သွက်သွက်ဖြတ်သန်းသွားလာကြပါတယ်။

ညညဆို ဖြောက်…ဖြောက် ဆိုတဲ့မြေကြီးတွေ၊ ကျောက်ခဲတွေပြိုကျနေတဲ့အသံကို ကြားနေရပြီး နိုးနိုးကြားကြားနဲ့ အိပ်ရကြောင်း အနီးအနားရှိ တဲလေးမှာနေထိုင်ကြတဲ့သူတွေက ပြောပါတယ်။

နောက်တနေ့မနက်မှာတော့ မနက်စာစားပြီး ၁၃ကုန်းတကြောကို လိုက်ပတ်ကြည့်တော့ မြေပြိုထားတဲ့နေရာတွေ၊ အက်ကြောင်းရာတွေအများကြီးကိုတွေ့ရပါတယ်။ အက်ကြောင်းရာတွေ ရှိတဲ့ပတ်ဝန်းကျင်မှာမနေဖို့ တာဝန်ရှိသူတွေက ပြောင်းရွှေ့ဖို့ပြောလာပေမယ့် စီးပွားရေး ဝမ်းစာကတစ်ဖက်ရှိနေသေးတော့ နေ့ခင်းမှာ အလုပ်လာလုပ်ကြပြီး ညဖက်မှာ အန္တရာယ်ကင်းတဲ့နေအိမ်တွေကို ပြောင်းရွှေ့နေကြပါတယ်။ မော်ချီးရာအိမ်မှူးကလည်း မြေပြိုနိုင်မယ့်နေရာတွေမှာ နေထိုင်နေတဲ့အိမ်တွေကို အန္တရာယ်ကင်းရာကို ပြောင်းရွှေ့ခိုင်းထားပြီးသားလို့ ပြောပါတယ်။

̏ ကျွန်တော်တို့ လွတ်နိုင်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးဖို့ အော်လံတွေနဲ့လည်း လိုက်အော်တယ်။ ပါးစပ်နဲ့လည်း အသံပေးပြီး သတိပေးထားပြီးသားပဲဖြစ်ပါတယ်˝ လို့ ရာအိမ်မှူး ဦးဆန်းဝင်းက ပြောပါတယ်။

အန္တရာယ်ဇုံလို့ သတ်မှတ်ထားတဲ့နေရာတွေမှာ နေထိုင်တဲ့သူတွေကို ရွှေ့ပြောင်းဖို့သတိပေးနေပေမယ့် စားဝတ်နေရေးကြောင့် ဆက်လက်နေထိုင်နေကြတဲ့ သူတွေတချို့ရှိပါတယ်။ လက်ရှိ မြေပြိုနေတဲ့နေရာတွေမှာ လူသေလူပျောက်မရှိပေမယ့် တဲတွေပြိုကျနေတာတွေရှိနေတယ်လို့ ရာအိမ်မှူးက ပြောပါတယ်။ နေအိမ် ငါးလုံးနဲ့ ကားနှစ်စီး၊ ဘုန်းကြီးကျောင်းဆွမ်းစားဆောင်တစ်ဆောင် ပြိုကျခဲ့တယ်လို့ သိရပါတယ်။ နေအိမ်ပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း၂၅ဝခန့်ရှိမယ်လို့ ရာအိမ်မှူးဦးဆန်းဝင်းက ပြောပါတယ်။

̏ ဒီမှာ အန္တရာယ်ရှိတော့ မအိပ်ရဲဘူးလေ မိုးရွာရင် မြေပြိုမှာကြောက်လို့ အပေါ်ဘက်မှာ သွားအိပ်တယ်˝ လို့ မိုးရွာလို့ မြေပြိုခဲ့တဲ့နေရာနားမှာ နေထိုင်တဲ့ဦးလေးစောလှမေက ပြောပါတယ်။

၁၃ကုန်းကိုကြည့်ပြီး အမှတ် ၂ သတ္တုလုပ်ကွက်ဘက်ကို သွားကြည့်တဲ့အချိန်မှာ ကျင်းအလုပ်သမားအများကြီးကို တွေ့ခဲ့ရပြီး ဒီထဲမှာ တိုင်းရင်းသားတွေရှိသလို ပြည်မဘက်ကနေ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေလည်း တွေ့ရပါတယ်။ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ လုပ်သားတွေရှိသလို အမှတ် ၂ ရဲ့တစ်ဖက် ကမ်းပါးယံမှာ ခဲသတ္တုတွေကို ခိုးယူတူးဖော်နေတဲ့ လုပ်သားတစ်ဦးစ နှစ်ဦးစကိုလည်း တွေ့မြင်ရပါတယ်။ ကျင်းထဲမှာတော့ ကျင်းခွဲတွေအများကြီး၊ လုပ်သားတွေ အများကြီးနဲ့မို့ မြို့လိုပဲစည်ကားနေတယ် အတွေ့အကြုံလိုချင်ရင် ဝင်လေ့လာသွားပါဆိုပြီး ကျင်းပိုင်ရှင်တွေက ကျွန်မတို့ကို ပြောပါတယ်။

ဒီလိုနဲ့ ၂၈ရက်နေ့ ညနေပိုင်းလောက်မှာ ကျွန်မတို့ သုံးယောက် KB1 ရဲ့ အထက်ဘက်ကို သွားပြီးလေ့လာကြည့်တဲ့အခါမှာ အက်ကြောင်းရာ အကြီးကြီး ၆ခုလောက်ကို တွေ့ရပါတယ်။ အင်မတန်ကြောက်ဖို့ကောင်းတဲ့ အက်ကြောင်းရာတွေပါပဲ။ အနီးအနားက တဲတွေမှာနေထိုင်တဲ့သူတွေကတော့ တချို့က စိုးရိမ်တယ်၊ ညအချိန်ပြိုကျရင် ပြေးစရာနေရာမရှာတတ်မှာကို စိုးရိမ်တယ်လို့ ပြောကြပြီး တချို့သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး အေးဆေးပါလို့ ပြောကြပါတယ်။ စိုးရိမ်စရာမရှိဘူးလို့ ပြောတဲ့သူတချို့ရှိနေပေမယ့် ကျွန်မအမြင်တော့ ဒီတောင်အက်ကြောင်းက နေ့လားညလားပဲ ပြိုဖို့က။

မော်ချီးဒေသခံတို့ နေအိမ်အောက်တွင် အက်ကွက်ကြောင်းများမြင်တွေ့နေရသည့်မြင်ကွင်း

̏ ကြောက်တယ်။ ညညဆိုဒီမှာ မအိပ်ရဲဘူး၊ ကလေးတွေလည်းရှိနေတော့ ကြောက်ရတယ်လေ˝ လို့ KB1အထက်က ကျင်းပိုင်ရှင်ဦးလေးတစ်ယောက်က ပြောပါတယ်။

နေ့လားညလားပဲလို့ ပြောတဲ့ အက်ကြောင်း ၆ကြောင်းရှိနေတဲ့ တောင်ကြီးက ၃ဝရက်ည ၉ နာရီဝန်းကျင်မှာပဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပဲ ပြိုကျသွားပါပြီလို့ မော်ချီးဒေသခံ ဆရာမမာဂရက်စိန်က ပြောပါတယ်။ ကျွန်မတို့ ကားဂိတ်ကနေဆင်းလာတဲ့ လှေကားတွေမှာလည်း တောင်တွေပြိုထားတော့ မြေစာတွေတွေပြည့်ကုန်ပြီလို့ ပြောပါတယ်။

̏ ဆေးခန်းတွေတော့ အောက်စီဂျင်တွေအကုန်လုပ်ထားတယ်။ အဆင်သင့်ဖြစ်အောင်တော့ ပြင်ဆင်ထားတယ် ထိတဲ့လူနာတွေရှိရင် အဆင်ပြေအောင်လို့ ˝ လို့ ဆရာမဒေါ်မာဂရက်စိန်က သူမရဲ့ ဆေးခန်းအခြေအနေ ပြင်ဆင်ထားပုံကို ပြောပြပါတယ်။

KB1 အထက် အက်ကြောင်း၆ကြောင်းရှိတဲ့ တောင်ကြီးက ည ၉နာရီဝန်းကျင်အချိန်၊ ည၁နာရီအချိန်တို့မှာ မိုးအကြီးအကျယ်ရွာခြင်း၊ မိုးကြိုးပစ်ခြင်းတို့တွေကြောင့် ၆ကြောင်းလုံးပြိုကျသွားပြီလို့ ဆရာမဒေါ်မာဂရက်စိန်က မော်ချီးရဲ့ လက်ရှိအခြေအနေကို ပြောပြနေပါတယ်။

အက်ကြောင်းတွေ မပြိုခင်မှာ အသံပေးပြီး ၆ကြောင်းလုံး ပြိုကျခဲ့တယ်လို့ အနီးအနားမှာနေထိုင်တဲ့ ကိုသန့်ကပြောပါတယ်။

̏ မပြိုခင် ၁၅မိနစ်၊ မိနစ်၂ဝလောက် အသံပေးသေးတယ်၊ နောက်ပြီး ပြိုကျသွားတယ်˝

သဘာဝပတ်ဝန်းကျင်ထိခိုက်အောင် လူကလုပ်တာပဲဖြစ်ဖြစ်၊ ဘဘာဝကြောင့်ပဲဖြစ်ဖြစ် အက်ကြောင်းတွေကတော့ ကွဲကြေပြီး ပြိုကျခဲ့ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို သဘာဝဘေးအန္တရာယ်ကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိတာကိုပဲ ကျေးဇူးတင်ရမှာပါ။

ဒီလိုမိုးရာသီကာလမှာ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို မြေပြိုမှု၊ လမ်းပြိုမှု၊ တောင်အက်ကြောင်းပြိုကျမှုကတော့ အနည်းနဲ့အများနဲ့တော့ ဖြစ်မှာပါ။ ဒီလိုအန္တရာယ်ရှိတဲ့ နေရာမှာ နေထိုင်ကြတဲ့ ဒေသခံ၊ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သတိရှိရှိနဲ့ နေထိုင်ရမှာပါ။

အန္တရာယ်ဇုံလို့ သတ်မှတ်ထားတဲ့နေရာမှာ နေထိုင်ကြတဲ့ သူတွေကို သက်ဆိုင်တဲ့တာဝန်ရှိသူတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ပြင်ဆင်ခိုင်းနေကြပါပြီ။ ဒီလို သတိပေးမှုကို အလေးထားဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သဘာဝဘေးဆိုတာ ကြိုတင်မသိ၊ မမြင်နိုင်တဲ့ အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts