ကန္တာရဝတီတိုင်း(မ်)
ကရင်နီကို ဝင်လာတဲ့ ကုန်စည်လမ်းကြောင်းတွေ ပိတ်သွားတာကြောင့် ပြည်သူတွေဟာ စက်သုံးဆီနဲ့ အခြား စားသောက်ကုန်ပစ္စည်းတွ စျေးမြင့်တက်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။
အထူးသဖြင့် မိုးရာသီ စိုက်ပျိုးရေး ကာလ ဖြစ်ပြီး တောင်သူတွေ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်နေကြတဲ့အချိန်ဖြစ်တဲ့အတွက် ဓာတ်ဆီ ၊ ဒီဇယ်တွေက မရှိမဖြစ် လိုအပ်နေတာပါ။
တချို့တောင်သူတွေကတော့ စက်သုံးဆီတွေစျေးမြင့်နေလို့ ဒီနှစ်အတွက် စပါးကို စားရဖို့အတွက်ပဲ စိုက်တော့မယ်လို့ ပြောဆိုနေကြပါတယ်။
အခုလို ကုန်စျေးနှုန်း မြင့်တက်မှုတွေ ၊ ကုန်တွေ ပြတ်လပ်မှုတွေ ကြောင့် ဒေသခံတွေ၊ စစ်ရှောင်တွေ အနေနဲ့ ရေရှည်မှာ ဘယ်လို စိုးရမ်ပူပန်နေကြသလဲဆိုတဲ့ သူတို့ရဲ့စကားသံကို ဖော်ပြပေးလိုက်ပါတယ်။
ခူးတော့ရယ် (ဒီးမော့ဆို အနောက်ဘက်ခြမ်း ဒေသခံ တစ်ဦး)
“ အခုလို ကုန်စျေးနှုန်းတွေတက်တာတွေ ပြတ်လပ်တာတွေက ဒီတခုတော့ အရမ်းဆိုးတယ်။ ကျနော်တို့ စစ်မရှောင်ပဲ ရွာမှာပဲ နေနေရတဲ့ လူတွေတောင်မှ ပင်ပန်းဆင်းရဲတယ်။ ဘယ်လို လာမလဲ မသိဘူး။ အခုတော့ ကုန်တွေ ပြန်ဝင်လာပြီလား ဘယ်လိုလည်း မသိသေးဘူးကော။”
နီလာ (ဒီးမော့ဆို နောက်ဘက်ခြမ်း တနိုင်တပိုင် စျေးရောင်းနေသူ)
“လက်လုပ်လက်စား သမားတွေတော့ မသိဘူးပေါ့နော်။ ကျမတို့ ကုန်ရောင်းဝယ်ရေး သမားတွေတော်တော်လေး ခေါင်းကိုက်တယ်။ အဆင်မပြေဘူးပြောရမယ်ပေါ့နော်။ ကျမတို့ ကုန်တွေမှာတာ ကုန်ပစ္စည်းမှာလိုက်တဲ့ဟာတွေက ကားခတွေက စျေးကြီးတယ်။ စျေးကြီးလို့ ပစ္စည်းတွေ ရောက်ရင်တောင်မှ အဆင်ပြေသေးတယ်။ အခုက စျေးကြီးတဲ့ အပြင်ကို သယ်လို့ မရဘူး ။ လမ်းတွေ ပိတ်သွားပြန်ပြီ အဲလိုတွေ ကြားပြီဆိုရင် တစ်ရက်ပြီတစ်ရက် စိတ်တွေ ညစ်တယ်”
ခူးစေးရယ် (စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူ)
“မိသားစု အဟာရချို့တဲ့မှုတွေ ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမှာကိုစိုးရိမ်တယ်။ ဒေသတွင်းခိုးယူလုယက်မှု အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ဖြစ်ပွားလာမှုရှိလာနိုင်တဲ့အတွက်လည်း စိတ်လုံခြုံမှုမရှိတော့ဘူး။ မိသားစုအတွင်း ပညာရေး ကျန်းမာရေးအတွက်လည်း အခက်အခဲတွေရှိလာနိုင်တယ်။ အကြွေးတွေများလာနိုင်မယ်။ အလှုရှင်များကို ပိုမို မျှော်ကိုးလာမယ်။ ဒေသအတွင်းမှာ လမ်းပန်းဆက်သွယ်မှု အခက်အအခဲနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဒေသတွင်းကုန်ပစ္စည်းပြတ်လပ်မှုကလည်း ဒီထက်ပို ကြုံတွေ့လာနိုင်လိမ့်မယ်”
ခူးစဲရယ် (ဒီးမောဆို အရှေ့ဘက် စစ်ရှောင်တစ်ဦး)
“အစကတည်းက ဒီလမ်းကြောင်း မပိတ်ဆို့ခင်မှာကတည်းက ကုန်စျေးနှုန်းတွေ တက်တက်နေတယ်။ လမ်းကြောင်းထပ်ပိတ်လိုက်တော့ တချို့အရာတွေက စျေးနှုန်းတွေက နှစ်ဆ မက ထပ်တက်တော့ ကျနော်တို့ စစ်ရှောင်အနေနဲ့ ဝင်ငွေတွေကလည်း မရှိဘူး။ ကုန်စျေးနှုန်းတွေကလည်း ထပ်တက်တော့ ကိုယ့်စားဝတ်နေရေးအတွက် စပါးတွေ ပြန်စိုက်မယ် ဆိုရင်လည်း ဓာတ်ဆီ ၊ ဒီဇယ် တွေ ရှိမှပဲ ပြန်လုပ်လို့ ရမယ် ။ အရင်းအနှီး ရှိမှလည်း ပြန်လုပ်လို့ ရမယ်။ ပြီးတော့ ဓာတ်ဆီ ၊ ဒီဇယ် ၊ မြေဩဇာတွေက ကုန်စျေးနှုန်း မြင့်လိုက်တော့ ကျနော်တို့ စစ်ရှောင်တွေ အနေနဲ့က ပိုပြီးတော့ အခက်အခဲတွေ တွေ့တာပေါ့”
ခူးဦးရယ် (ဒီးမော့ဆို အရှေ့ဘက်ခြမ်း ဒေသခံတစ်ဦး)
“ဒီထက်ပိုဆိုးလာမယ်ဆိုရင် စားဝတ်နေရေးတွေ ပိုမို ကျပ်တည်းလာနိုင်တယ်။ စိတ်ဓါတ်တွေကျလာနိုင်မယ်။ နောက်ဆုံး အကျင့်စာရိတ္တတွေ ပါ ပျက်ပြား လာနိုင်တဲ့ အထိ ဖြစ်လာနိုင်တယ်”