ကန္တာရဝတီတိုင်း(မ်)
” ဒီဖက်မှာက LGBT တွေလာရင် လက်ခံနေကြပါပြီ။”
ဒါကတော့ ကရင်နီပြည်က အထက်တန်းဆင့် အဆင့်မြင့်ပညာအထက်တန်းကျောင်းတခုမှာ စာသင်ကြားပေးတဲ့ ဆရာမ တီချယ်မေရဲ့ စကားသံပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့ကြီးသူဘဝကို စွန့်လွတ်ပြီး ဝေးလံခေါင်ဖျားက တိုက်ပွဲတွေအမြဲဆိုသလို ဖြစ်ပွားနေတတ်တဲ့ ကရင်နီပြည်ကိုရောက်လာပြီး အစိမ်းသက်သက်ဖြစ်နေတဲ့ နယ်မြေတခုမှာ ဘဝတခုလုံးကို ပုံအပ်ထားတဲ့ အမျိုးသမီးတဦးပါ။ သူကတော့ LGBT တဦးလည်းဖြစ်၊ စာသင်ဆရာမလည်းဖြစ်တဲ့ တီချယ်မေပါ။
အခုတော့ လက်နက်ကြီးတွေ၊ လေယာဉ်ဗုံးကြဲမှုတွေကြားမှာ နေသားကျနေပါပြီ။
ရန်ကုန်မှာ မွေးပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့ပေမဲ့လည်း လက်ရှိမှာ စစ်ပွဲတွေ၊ မငြိမ်မသက်မှုတွေနဲ့ပြည့်နေတဲ့ ကရင်နီပြည်နယ်ရဲ့ ကြားကာလပညာရေးမှာ ကျောင်းသားလူငယ်တွေအတွက် မီးရှူးတန်ဆောင် တခုလို ရပ်တည်ပေးနေပါတယ်။
ကရင်နီကို ရောက်လာစမှာတော့ အရာရာ အဆင်ပြေချောမွေ့လှတယ်လို့တော့ မဟုတ်ပါဘူး။ တီချယ်မေ အနေနဲ့ ကရင်နီပြည်မှာ ကလေးတွေကို စာသင်ကြားပေးဖို့အတွက် စိတ်အားထက်သန်စွာ ရောက်ရှိလာခဲ့ပေမယ့် LGBT တယောက်အနေနဲ့ ကျောင်းသားတွေအပြင် အရပ်သားဒေသခံတွေရဲ့ ကဲ့ရဲ့ အပြစ်တင်ခြင်းကို ကိုယ်တွေ့ခံစားခဲ့ရဖူးတယ်လို့ ပြောပါတယ်။
” ဆရာနဲ့ ဆရာမဆိုရင်တောင် သူတို့က လေးစားရင် လေးစားဦးမယ်။ ကျမတို့လို LGBT မျိုးဆို လို့ရှိရင် သူတို့က ငွေတွင်းကြီးလို မြင်ကြတာမျိုး၊ သူတို့တွေကို အမ်းမယ့် အခြောက်မကြီးလို့ မြင်တာမျိုးပေါ့နော်။” လို့ တီချယ်မေ က ပြောပါတယ်။
သူမရဲ့ အသံဟာ အမျိုးသမီးအသံဖြစ်နေတာရယ်၊ သူငယ်ချင်းတွေက လှောင်ပြောင်ကြတာရယ်ကြောင့် အရင်ကတော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားခဲ့သူပါ။ သူမရဲ့ အသက် ၂၁ နှစ်မှာ LGBT+ တဦးဖြစ်ကြောင်း သူငယ်ချင်းတွေကို ထုတ်ဖော်ဝန်ခံခဲ့ပြီး ဝန်ခံချိန်ဟာ နောက်ကျခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ သူမရဲ့အသက်ဟာ ၂၈ နှစ် ထဲကို ရောက်နေပါပြီ။
“အရက်တွေ ၊ ဘီယာတွေမှာ ကပ်ထားတဲ့ ပိုစတာတွေမှာ ကောင်မလေးတွေပုံတွေ တွေ့လို့ရှိရင်တော့ ကိုယ်ကနည်းနည်း သဘောကျတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကောင်မလေးတွေကို သဘောကျတယ်ဆိုတာမျိုးက အားကျတဲ့စိတ်မျိုးနဲ့ သဘောကျတာ၊ သူတို့လိုမျိုး ဖြစ်ချင်တာ။” လို့ တီချယ်မေက ပြောပါတယ်။
LGBT တယောက်အဖြစ် ရပ်တည်ဖို့ ရွေးချယ်ခဲ့တဲ့ တီချယ်မေရဲ့ ဘဝအစက တခြားသူတွေနဲ့မတူဘဲ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ မိသားစုနဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိန်ခေါ်မှုတံတိုင်းတွေကို ဖြတ်ကျော်ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ ရည်မှန်းချက်ကတော့ ပညာရေးပါပဲ။
စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ရန်ကုန်မှာ ကျောင်းတက်ရာကနေ သူငယ်ချင်းတွေ ရှိနေတဲ့ တော်လှန်ရေးနယ်မြေထဲက လွိုင်ကော်ကို ရောက်ရှိလာခဲ့ပါတယ်။
သူမရဲ့ဘဝ လိပ်ပြာလုံစွာ ဖြတ်သန်းနိုင်ဖို့ သူမတတ်မြောက်ထားတဲ့ စီးပွားရေး ပညာများကို မျှဝေသင်ကြားပေးမယ်ဆိုတဲ့ ရည်ရွက်ချက် ပါလာခဲ့ပါတယ်။ အနာဂတ်မဲ့သွားတဲ့ ကလေးတွေအတွက် တခုခုလုပ်ပေးချင်တဲ့ ဆန္ဒက သူ့ကို ရန်ကုန်ကနေ ကရင်နီပြည်နယ်ဆီ တွန်းပို့ခဲ့တာပါ။
” ကျမသိတဲ့၊ ကျမတတ်တဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ ပညာလေးတွေကို ဒီဖက်ကို ပြန်မျှဝေပေးမယ်ဆိုပြီးတော့ ရောက်လာတာပေါ့နော်”လို့ တီချယ်မေ က ပြောပါတယ်။
ကိုယ့်နယ်မြေ၊ ကိုယ့်ပတ်ဝန်းကျင်မဟုတ်တဲ့ နေရာတခုမှာ ပညာရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နေတာဟာ တီချယ်မေရဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြသနေပါတယ်။
ကရင်နီပြည်က တော၊ တောင်တွေထဲမှာ စစ်ရှောင်ကရင်နီ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းလိုအပ်ချက်တွေ၊ လူမှုပုံစံခွက်တွေကြားမှာ ကလေးတွေရဲ့ ပညာရေးအတွက် ရသလောက်ကို ပေးဆပ်နေတယ်လို့ ဆိုပါတယ်။
” ပြုပြင်ပြောင်းလဲခြင်းက သူတို့လက်ထဲမှာ ရှိတယ်ဆိုတဲ့ဟာကြီးကို ကျမက မဖြစ်မနေ မရှိ ရှိတာလေးနဲ့တော့ သွားနေရတာမျိုး ရှိပါတယ်။” လို့ တီချယ်မေက ဖွင့်ဟပြောဆိုပါတယ်။
လက်ရှိမှာတော့ တီချယ်မေဟာ ကရင်နီပြည်နယ်အတွင်းက အထက်တန်းဆင့် အဆင့်မြင့်ကျောင်း တကျောင်းမှာ အလွတ်တန်း လခစားဝန်ထမ်းတဦးအနေနဲ့ စာသင်ကြားပေးနေတာပါ။
ဒီကျောင်းဟာ စစ်ကြောင့် အနာဂတ်လမ်းပျောက်နေတဲ့ အထက်တန်းအဆင့် ကလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးနေတဲ့ နေရာတခု ဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေ၊ လုံခြုံရေးအရ အန္တရာယ်ရှိတဲ့နေရာတွေမှာ နေထိုင်ရတဲ့ ကလေးတွေကို စာသင်ကြားပေးရတာဟာ စိန်ခေါ်မှုများစွာရှိပေမဲ့လည်း တီချယ်မေက မတွန့်ဆုတ်ပါဘူး။
တီချယ်မေဟာ သင်ရိုးညွှန်းတမ်းတွေအပြင် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုပါ နားလည်ပေးပြီး ဘဝအတွက် လမ်းညွှန်မှုတွေ ပေးနေသူလည်း ဖြစ်ပါတယ်။
သူမဟာ ကျောင်းအိပ်ကျောင်းစားနဲ့ ကျောင်းက ပေးတဲ့ ချီးမြင့်လစာကိုယူပြီး စာသင်ကြားရတာကလည်း လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ချီးမြှင့်ငွေကလည်း တကိုယ်ရည် တကာယသမားဖြစ်ပေမဲ့လည်း သူမအတွက် လောက်ငှမှု မရှိပါဘူး။
ငွေရေးကြေးရေးဆိုင်ရာ ခက်ခဲမှုများ ရှိခဲ့ပေမဲ့ ကလေးငယ်များ ပညာသင်ခွင့်ရဖို့ကိုသာ အာရုံစိုက် အလေးထားသူပါ။
သူမ ကရင်နီမြေကို စနင်းခဲ့ရတဲ့ ပထမဦးဆုံးရွာတရွာမှာ နေထိုင်ခဲ့စဉ်ကဆိုရင် ဒေသခံရွာသူ၊ ရွာသားတွေက LGBT ဆိုတာကို မကြားဖူးကြသလို ဒါကိုလည်း ဒေသခံတွေ လက်မခံပါဘူး။ တီချယ်မေတယောက် ခြိမ်းခြောက်ပြောဆိုမှုတွေ၊ မထိတထိ ထိပါးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။
“ရွာထဲကကောင်လေးတွေကို နောက်တခါကြိုက်တယ်လို့ ပြောရဲပြောကြည့် လည်လှီးပစ်မယ် ဆိုတဲ့ဟာမျိုးတွေထိ ကျမတို့ ကြားခဲ့ရဖူးတယ်။” လို့လည်း သူကြုံခဲ့ရတာတွေကို တီချယ်မေ က ပြောပြပါတယ်။
LGBT တဦးအနေနဲ့ စစ်ဘေးသင့်ဒေသမှာ နေထိုင်ရတာဟာ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ တီချယ်မေဟာ အဲဒီအခက်အခဲတွေကို အကောင်းဆုံးကျော်လွှားပြီး သူ့မရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။
” ကျမကိုယ်တိုင် မဟာပြီးအောင် လုပ်မယ်။ ပြီးကျရင် ကရင်နီဒေသထဲမှာ စီးပွားရေးကျောင်း တကျောင်း ပေါ်ထွက်လာစေရမယ်။ အဓိက ကတော့ စာသင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လာခဲ့တာဆိုတော့။ “လို့ တီချယ်မေက ခိုင်ခိုင်မာမာ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ အကြမ်းမဖက်အာဏာဖီဆန်မှု CDM ကျောင်းသူဖြစ်တာမို့ အင်္ဂလိပ်နှင့် စီးပွားရေး ဘွဲ့နှစ်ခုကိုသာ ရထားသေးတယ်လို့ ဆိုပါတယ်။
သူမက ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)က ရေးဆွဲပြဌာန်းထားတဲ့ LGBT ရေးရာ မူဘောင်မှာ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် LGBT တွေအတွက် ရပ်တည်ပေးမယ့် (Thirt Gender Organization) တခုရှိဖို့ကိုလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။
စစ်ကြောင့် ပျက်စီးသွားတဲ့ ပညာရေးစနစ်ထဲမှာ ရှင်သန်နေတဲ့ မျှော်လင့်ချက်တခုဖြစ်သလို၊ LGBT အသိုင်းအဝိုင်းအတွက်လည်း ရဲရင့်တဲ့ စံနမူနာတခုပါပဲ။ တီချယ်မေဟာ ပညာရေးမီးရှူးတန်ဆောင်တခုအနေနဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ဘဝတွေကို အလင်းပေးနေတဲ့ သူရဲကောင်းတဦးအဖြစ် ရပ်တည်နေပါတယ်။
ဖိနှိပ်မှုတွေကြားထဲက ရှင်သန်မှု၊ ကိုယ်ပိုင်အမှတ်လက္ခဏာ နဲ့ ပညာရေးရဲ့စွမ်းအားကို တီချယ်မေဟာ လက်တွေ့သက်သေပြနေပါတယ်။ သူမရဲ့ မျှော်လင့်ချက်ဟာ ပညာရေးကို ပုံဖော်နေတဲ့ ရောင်စဉ်တခုပါပဲ။
ဆောင်းပါးနှင့် ရိုက်ကူး – တင်စိုး