ကန္တာရဝတီတိုင်း ( မ် )
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီက ဦးစီးကျင်းပနေတဲ့ ၂၀၂၄ – ၂၀၂၅ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ( Grade – 12 ) ကို ကရင်နီပြည် ၊ လွိုင်ကော်မြို့က အထက – ၁ ကျောင်း စာစစ်ဌာနကနေ ကျောင်းသူ၊ ကျောင်းသား ( ၁၃၂ ) က ဝင်ရောက်ဖြေဆိုနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ယမန်နေ့ မတ်လ ၁၇ ရက်နေ့မှာ မြန်မာစာကို စတင်ဖြေဆိုခဲ့ကြတာဖြစ်ပြီး ကရင်နီပြည်မှာတော့ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ လွိုင်ကော်မြို့ အထက ( ၁ ) ကျောင်းက စာစစ်ဌာနတစ်ခုသာ ကျင်းပနိုင်ခဲ့တာပါ။
စာမေးပွဲဖြေဆိုသူ စာရင်းရှိ ၁၄၁ ဦးရှိပေမယ့် ပထမနေ့ မြန်မာစာ လာရောက်ဖြေဆိုသူ ၁၃၂ ဦးရှိတာကြောင့် ၉၃.၆၂ % ဖြစ်ပါတယ်။ စစ်ကောင်စီခန့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နဲ့ အဖွဲ့ကလည်း စာမေးပွဲဖြေဆိုနေတာကို လိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ – ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၁ လေးလုံးစစ်ဆင်ရေးတိုက်ပွဲကြောင့် ကရင်နီပြည်မှာ ဖြေဆိုနိုင်ခြင်းမရှိခဲ့ပေ။
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနအသီးသီးက ခရိုင်ပေါင်း(၁၀၄) ခရိုင်၊ မြို့နယ်ပေါင်း(၂၅၁) မြို့နယ်၊ စာစစ်ဌာနပေါင်း (၈၁၇) မှာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၂သိန်းကျော် ( ၂၀၈၈၈၉ ) က ဖြေဆိုနေလျက် ရှိပါတယ်။
ကချင်ပြည်နယ်မှာ စာစစ်ဌာန ၂၂ ခု၊ ကရင်နီမှာ ၁ခု ၊ ကရင်မှာ ၁၂ ခု ၊ ချင်းမှာ ၂ ခု၊ စစ်ကိုင်းတိုင်းမှာ ၃၅ ခု ၊ တနင်္သာရီတိုင်းမှာ ၁၆ ခု၊ ပဲခူးမှာ ၉၂ခု၊ မကွေးမှာ ၄၉ ခု ၊ မန္တလေးတိုင်းမှာ ၈၉ ခု ၊ မွန်မှာ ၂၃ ခု၊ ရခိုင်မှာ ၈ ခု ၊ ရန်ကုန်မှာ ၉၁ ခု၊ ရှမ်း (တောင်) မှာ ၆၆ခု၊ ရှမ်း (မြောက်) မှာ ၄ ခု၊ ရှမ်း (ရှေ့) မှာ ၁၂ခု၊ နေပြည်တော်မှာ ၄၇ ခု ၊ နိုင်ငံခြားစာစစ်ဌာန ၁၃ ခု၊ ဧရာဝတီတိုင်းမှာ စာစစ်ဌာန ၂၄၅ ခု နဲ့ အများဆုံး ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ( Grade – 12 ) ကို ရန်ကုန်တိုင်းက ဖြေဆိုသူ ၃၇၄၆၈ ဦး နဲ့ အများဆုံးရှိပြီး မန္တလေးတိုင်းက ၃၄၃၈၃ ဦး၊ ဧရာဝတီတိုင်းက ၃၂၂၄၂ ဦး ၊ မကွေးတိုင်းက ၁၇၈၆၂ ဦး ၊ ရှမ်း (တောင်) က ၁၂၄၀၇ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုမှု ရာခိုင်နှုန်း ( ၉၄.၅၉ % ) ရှိပါတယ်။
မတ်လ ၁၇ ရက်နေ့မှာ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုပြီး မတ်လ ၂၂ ရက်နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုကြရမှာဖြစ်ပါတယ်။
၂၀၂၄ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူ (၁၂၈၈၀၁) ဦး ရှိခဲ့ပြီး ၂၀၂၅ ပညာသင်နှစ်မှာတော့ ( ၂၀၈၈၈၉ ) ရှိတာကြောင့် ဖြေဆိုသူ ၈၀၀၀၀ ဝန်းကျင် ပိုများလာပါတယ်။