spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

“ကရင်နီ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီရဲ့ ဒရုန်းများ”

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်မှာ စစ်ကော်မရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးအရ ဖိနှိပ်ထားနိုင်ဖို့အပြင် အရပ်သားတွေကို ကြောက်လန့်အောင် ခြိမ်းခြောက်မှုတွေကို ဗျူဟာကျကျ လုပ်ဆောင်နေတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီလိုအရပ်သားတွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်ရာမှာ အရင်တုန်းကတော့ အရပ်သားတွေရှိတဲ့ နေရာတွေဆီကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်လေ့ရှိတာပါ။ အခုကတော့ ပစ်မှတ်ကို ပိုမိုတိတိကျကျ တိုက်ခိုက်လာနိုင်တဲ့ ဒရုန်း၊ ဒရုန်းဗုံး တွေကို အဓိကထား သုံးစွဲလာပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အင်အားအလုံးအရင်းနဲ့ မိုးဗြဲမြို့ကို ထိုးစစ်ပြန်ဆင်လာကတည်းက စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းစစ်ဆင်ရေးမှာ နည်းပညာတွေ သိသိသာသာ မြင့်မားလာတာကို သတိထားမိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တွေဆီကနေ သိရပါတယ်။ အဲဒီဒရုန်းစစ်ဆင်ရေးတွေကို နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေမှာသာမက အနီးနားက အရပ်သားတွေကို တိုက်ခိုက်တဲ့နေရာမှာပါ စစ်ကော်မရှင်တပ်က သုံးစွဲလာပါတယ်။

စစ်ကော်မရှင်တပ်က ကာမီကာဇေ လို့ခေါ်တဲ့ အသေခံဒရုန်း နှစ်စင်းနဲ့ အရပ်သားတွေရှိတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်လည်း ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးကြောင့် ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါတွေက စစ်အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်ရဲ့ စစ်ဘက်သုံး လေယာဥ်၊ လက်နက်ကြီး၊ ဒရုန်း အန္တာရာယ်ကို တော်လှန်‌ရေးတပ်တွေနဲ့ အလားတူ အရပ်သားတွေလည်း ရင်ဆိုင်နေကြရတာကို သက်သေပြနေပါတယ်။

တိုးတက်လာတဲ့ စစ်ကော်မရှင်ရဲ့ ဒရုန်းစစ်ဆင်ရေး အစ
နွေဦးတော်လှန်ရေးအစပိုင်းမှာ အစစအရာရာ လက်နက်အင်အား၊ လူအင်အား သာလွန်းတဲ့ စစ်ကော်မရှင်တပ်ကို ခြိမ်းခြောက်နိုင်တဲ့အရာက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းစစ်ဆင်ရေး နဲ့ တော်လှန်စိတ်တွေပါပဲ။
နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအသိုင်းအဝိုင်းတွေသာမက ပြည်သူလူထုတွေက အသိမှတ်ပြုတဲ့ အထင်ရှားဆုံး အောင်မြင်မှုမှတ်တိုင်တစ်ခုကတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးပါ။ အဆိုပါစစ်ဆင်ရေးမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒရုန်းဗုံးသီး နှစ်သောင်းခွဲခန့် အသုံးပြုတိုက်ခိုက်ခဲ့လို့ စစ်ရှုံးခဲ့ရတာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံခဲ့ဖူးပါတယ်။

ဒါက ဒရုန်းတပ်ဖွဲ့ဟာ တိုက်ပွဲတစ်ခုမှာ ဘယ်လောက်ထိ အဆုံးအဖြတ်ပေးနိုင်သလဲဆိုတာကို ညွှန်ပြနေခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း အပြီးမှာပဲ စစ်ကော်မရှင်တပ်ကလည်း ဒရုန်းတပ်ဖွဲ့အသစ်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့ ဘီဘီစီ သတင်းဌာနက ပြောထားပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ထောက်လှမ်းရေးအတွက် ဒရုန်းနည်းပညာကို တရုတ်နိုင်ငံ ကူမင်းမှာ လေ့လာခဲ့တယ်လို့လည်း စစ်ကော်မရှင်‌ရဲ့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မြေပြင်ထိုးစစ်တွေမှာ သုံးတဲ့စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနည်းပညာတွေက တော်လှန်ရေးတပ်တွေထက် အဆင့်မြင့်လာတာကိုတွေ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဒရုန်းဌာန ဌာနမှူး 3D က ပြောပါတယ်။

“အရင်တုန်းကတော့ သူတို့(စစ်ကော်မရှင်)သုံးတာလဲ ရှိတယ်ပေါ့။ ဒါပေမဲ့ တွင်တွင်ကျယ်ကျယ် မဟုတ်ဘူး။ ကျနော်တို့လိုမျိုး မသုံးနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ သူတို့(စစ်ကော်မရှင်) ပြင်ဆင်စုဖွဲ့မှုကလည်း ပိုပြီးတော့အားကောင်းလာတယ်။ ပြီးတော့သူတို့ရဲ့ ပစ္စည်းရရှိမှု၊ ဒရုန်းရရှိမှု ကလည်း ပိုအားကောင်းလာတဲ့အတွက်ကြောင့်မို့လို့ ဒီ‌နောက်ပိုင်း စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ တချို့တွေက မြို့တွေ၊ ရွာတွေကနေ စွန့်ခွာလာတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော်” လို့ KNDF ဒရုန်းဌာန ဌာနမှူး 3D က ပြောပါတယ်။

စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ အရပ်သားတွေကို ဘယ်လိုတိုက်ခိုက်နေလဲ
စစ်ကော်မရှင်က ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ထိုးစစ်ပြန်ဆင်လာတဲ့အချိန်ကစလို့ ဒရုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ မြေပြင် တော်လှန်ရေးတပ်သားတွေက ပြောပါတယ်။

သြဂုတ်လ ၄ ရက်နေ့က ဒီးမော့ဆိုမြို့ အခြေစိုက် ခလရ ၁၀၂ တပ်ကနေ လှုပ်ရှားလာတဲ့ စစ်ကော်မရှင်တပ်ကလည်း သူတို့ရဲ့ စစ်ကြောင်းလှုပ်ရှားမှုနဲ့ အနီးဆုံးနေရာမှာ ဒရုန်းနဲ့ စောင့်ကြည့်လေ့လာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေတယ်လို့ ယူဆကြတဲ့ နေရာတွေအပြင်၊ သာမန်အရပ်သားတွေရှိနေတဲ့ နေရာတွေအထိကိုပါ ပုံမှန်ဒရုန်းနဲ့ ထောက်လှမ်းမှုတွေ ပြုလုပ်နေပါတယ်။ ဒါ့ကြောင့်လည်း စစ်ဇုန်နဲ့ နီးကပ်တဲ့ နေ‌ရာတွေကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရနိုင်ချေများတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆိုပါတယ်။

စစ်ကော်မရှင်တပ်က တိုက်ပွဲအတွင်းသုံးတဲ့ ဒရုန်းတွေနဲ့ အရပ်သားတွေရှိရာကို ကင်းထောက်ဖို့ လာတတ်သလို ပစ်မှတ်ကို ပိုမိုတိကျအောင် ပစ်ခတ်နိုင်တဲ့ဒရုန်းကို အရပ်သားတွေအနေနဲ့ သတိထားဖို့ လိုကြောင်းလည်း KNDF ဒရုန်းဌာန၊ ဌာနမှူး 3D က ပြောပါတယ်။

“ပြီးခဲ့တဲ့ တစ်လနှစ်လက… ဆောင်းပြောင်းနဲ့ ဖယ်ခုံကြားက တိုက်ပွဲမှာဆိုလို့ရှိရင် သူတို့(စစ်ကော်မရှင်) စစ်ရှောင်ပြည်သူတွေကို အဲဒီဒရုန်းနဲ့ လိုက်ပြီးကြဲချတဲ့ ဖြစ်စဥ်မျိုးတွေ ရှိခဲ့တယ်ပေါ့နော်။ ဒဏ်ရာရ သေဆုံးတာတွေ ရှိခဲ့တယ် အရပ်သားတွေ။ ဆိုတော့ ဒရုန်းက သူတို့ရဲ့ တိုက်ခိုက်ရေး ဒရုန်း မှန်သမျှကတော့ ဒီပြည်သူတွေ တိုက်ခိုက်ဖို့အတွက် သုံးတာမျိုး တွေ့ရတယ်ပေါ့နော်” လို့ 3D က ပြောပါတယ်။
စစ်ကော်မရှင်တပ်က တိုက်ပွဲအတွင်း အထိနာလာရင် အရပ်သားရှိရာကို ဦးတည်ပြီး ဒရုန်းနဲ့ တိုက်ခိုက်လာတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ဒီး‌‌မော့ဆိုမြို့ပေါ်တိုက်ပွဲနဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ဒရုန်းကင်းထောက်မှုကို နေ့စဥ်မြင်တွေ့နေရပြီး စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူတွေလည်း ရှိနေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်က ဘာဒရုန်းတွေကို သုံးနေတာလဲ
ဒရုန်းနည်းပညာကို တော်လှန်ရေးတပ်ဖွဲ့ဆီကပဲ စသင်ယူခဲ့တယ်လို့ပြောလို့ရမယ့် စစ်ကော်မရှင်က နောက်ပိုင်းမှာတော့ တရုတ်၊ ရှရှား နည်းပညာတွေကို အသုံးပြုလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်က ကရင်နီမှာ အသုံးပြုနေတဲ့ ဒရုန်းအမျိုးအစားတွေနဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(Multi-Rotor Drone) မော်တာ တစ်လုံးထက်ပိုရှိပြီး အမြင့်ကိုပျံသန်းနိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။ (Hexacopter drone) ကတော့ အကွာအဝေးအနည်းဆုံး ခြောက်ကီလိုမီတာအထိ သွားနိုင်ပြီးတော့ ဝန်အလေးချိန်အနည်းဆုံး ငါးကီလိုဂရမ် သယ်ဆောင်နိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။

(Fixed-Wings hybrid VTOL drone) ကတော့ အကွာအဝေး ၃၀ ကီလိုမီတာကနေ ၆၀ ကီလိုမီတာ အထိပျံသန်းနိုင်ပြီး ဝန်အလေးချန် ၁၅ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။

(Suicide Drone) အသေခံဒရုန်းတွေကတော့ လေယာဥ်သဏ္ဌာန်ရှိ ဒရုန်းငယ်တွေဖြစ်ပြီး စစ်ကော်မရှင်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အရပ်သားတွေကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးတဲ့ ဒရုန်းအမျိုးအစား ဖြစ်ပါတယ်။

အထက်ပါဒရုန်းတွေက စစ်ကောင်စီက အသုံးများတဲ့ ဒရုန်းတွေဖြစ်ပြီး ဒရုန်းအရွယ်အစားပေါ် မူတည်ပြီး ဝန်အလေးချိန် သယ်ဆောင်နိုင်မှု၊ အမြင့်ပေ ပျံသန်းနိုင်မှုက ကွားခြားနိုင်တယ်လို့ ဆိုပါတယ်။

“ဒီဒရုန်းတွေကကျတော့ နည်းနည်း အသံတော့တိုးနိုင်တယ်ပေါ့နော်။ အမြင်အရ ကိုယ့်ဆီတည့်တည့် လာနေတာမျိုးတွေ ဘာညာဆိုလို့ရှိရင်တော့ သူက ပုန်းလို့ရတယ်ပေါ့နော်။ ပြီးတော့ သူတို့ရဲ့ (စစ်ကော်မရှင်) တိုက်ခိုက်ပုံကတော့ ဒီပစ်မှတ်ကို သူကတစ်ခါတည်း ပစ်မှတ်နေရာကို သွားပါဆိုပြီးတော့ program (အစီအစဥ်ချမှု) သွားထားတဲ့ ပုံစံလေးဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ်က သူလာတဲ့လမ်းကြောင်းကနေ ဖယ်လိုက်တာမျိုးဆိုရင် လွတ်နိုင်ချေ များတယ်ပေါ့နော်” လို့ 3D က ပြောပါတယ်။

စစ်ကော်မရှင်တပ်က လာမဲ့ရွေးကောက်ပွဲအတွက် နယ်မြေချဲ့ထွင်ရေး ကြိုးပမ်းနေတာကြောင့် ဒရုန်းအသုံးပြုမှုလည်း ပိုများလာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အရပ်သားတွေ ရှိရာကို ဒရုန်းလာသံကြားရပါကလည်း အပြင်ထွက်မကြည့်ဘဲ အိမ်တွင်းဖြစ်စေ၊ အကာအကွယ်ရတဲ့ နေရာမှာဖြစ်စေ နေထိုင်၊ ပုန်းခိုလိုက်တာက ထိခိုက်မှုကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့လည်း KNDF ဒရုန်းဌာန ဌာနမှူး 3D က ပြောပါတယ်။

spot_img

Recent posts