သိုးကလေး/ကန္တာရဝတီတိုင်း(မ်)
“ကျနော် လူပျိုပေါက်စ ကတည်းက ခမောက်ချုပ်လာတာ နှစ်လေးဆယ်ကျော်လောက်ရှိပြီ ထင်တယ်။ ကျနော် အိမ်ထောက်ကျတာ နှစ် (၃၀) ရှိပြီဆိုတော့ ဦးလေးဆီကနေ ပညာအမွေရထားတာပေါ့” လို့ ဝမ်းရေးအတွက် တပိုင်တနိုင် ခမောက်ချုပ်တဲ့ ဦးနိုးအာ က ပြောပြပါတယ်။
ဦးနိုးအာဟာ ဖရူဆိုမြိုနယ် ထီးပေါ်ဆိုကျေးရွာ ဇာတိဖြစ်ပါတယ်။ လူပျိုပေါက်အရွယ်ကတည်းက ခမောက်ချုပ်တဲ့ လုပ်ငန်းကို ဦးလေးဖြစ်သူဆီကနေ ပညာသင်ယူပြီး ယနေ့အထိ ခမောက်ချုပ်လာသူပါ။ အခုတော့ ဒီ ခမောက်ချုပ်တဲ့ အလုပ်ဟာ မိသားစု ဝမ်းရေးအတွက် အဓိကကျတဲ့ လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။
အာဏာမသိမ်းခင်ကတော့ ဦးနိုးအာ ချုပ်လုပ်တဲ့ ခမောက်တွေကို အများအားဖြင့် ဖရူဆိုစျေးတန်းတွေမှာ ငါးရက်တစ်ကြိမ် သွားရောက် ရောင်းချလေ့ရှိပါတယ်။
လက်ရှိမှာတော့ ဦးနိုးအာ မိသားစုဟာ စစ်ဘေးရှောင်စခန်းတခုမှာ နေထိုင်နေရင်းနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်သလို ခမောက်ချုပ်တဲ့ လုပ်ငန်းကိုပါ လုပ်ကိုင်နေဆဲ ပါပဲ။
ဦးနိုးအာ ခမောက်ချုပ်တဲ့ အချိန်မှာ “ဝါး၊ ချည်၊ အပ်၊ ခမောက်ရွက်၊ ဓားသေး၊ ရေနံကျီး” စတဲ့ ပစ္စည်းတွေ လိုအပ်ပါတယ်။
ခမောက်တလုံးဖြစ်လာဖို့အတွက် အချိန်အတော်ကြာယူပြီး ပြင်ဆင်ထားရပါတယ်။
ခမောက်ချုပ်လုပ်ရာမှာ အသုံးပြုမယ့် ဝါးကိုတော့ ဝါးပိုးတွေမထိုးတဲ့ ဒီဇင်ဘာလမှာ ကြိုတင်ခုတ်ယူရပြီး တစ်လခွဲအထိ နေပူလှန်းထားရပါတယ်။ အဲဒီနောက် တစ်လခွဲအထိ ရေပြန်စိမ်ပေးရတာကြောင့် ပါဝင်ပစ္စည်းဖြစ်တဲ့ ဝါးတခုအတွက် (၃) လ အထိ အချိန်ယူရပါတယ်။
ခမောက်ရွက် စုဆောင်းတာကိုတော့ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလမှာ ကောက်ယူရပြီး အရိပ်ရတဲ့နေရာမှာ ထိန်းသိမ်းထားပေးရတာပါ။
ခမောက်ချုပ်တဲ့ အလုပ်ဟာ ၁၂ ရာသီလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးမဟုတ်ပဲ ရာသီအချိန်ကိုက် ပစ္စည်းတွေစုဆောင်းရသလို အချိန်ပေးပြီး လုပ်ကိုင်နေရတဲ့ လုပ်ငန်းတစ်ခုဖြစ်နေပါတယ်။ ခမောက်တစ်လုံး ဖြစ်လာနိုင်ဖို့ ပစ္စည်းစုံစုံလင်လင်ရှိထားရင် အချိန် တစ်နာရီကျော်ကြာပေးပြီး ချုပ်လုပ်ရတာပါ။

“ဇွန်လနဲ့ ဇူလိုင်လမှာ အများဆုံး ချုပ်ရတယ်၊ ဒီ နှစ်လ အတွင်းမှာပေါ့၊ တချို့ဆို စပါးပုတ်တဲ့ အချိန်ထိတော့ မှာယူကြတယ်”လို့ ဦးနိုးအာက ပြောပြပါတယ်။
အသက် (၆၀) ကျော် ရှိနေပြီဖြစ်တဲ့ ဦးနိုးအာ တစ်ယောက်ဟာ သူတတ်ထားတဲ့ ပညာအမွေကို ဆယ်ကျော်သက်လူငယ်တွေနဲ့ မိသားစုဝင် သားသမီးတွေဆီ လက်ဆင့်ကမ်းပေးချင်နေပေမယ့် စိတ်ဝင်စားသူ မရှိကြတာကြောင့် ခမောက်ချုပ်တဲ့ လုပ်ငန်းတွေ ပျောက်ကွယ်လာမှာကို စိုးရိမ်နေတယ်လို သူက ပြောပါတယ်။
“သူတို မျက်စိအောက်မှာပဲ ချုပ်ပေးတာတောင် စိတ်မဝင်စားကြတော့ဘူး၊ မချုပ်နိုင်ဘူး လက်နာတယ်၊ ဘာညာ ပြောကြတယ်”လို့ သူက ပြောပါတယ်။
ဦးနိုးအာချုပ်လုပ်တဲ့ ဝါးခမောက်ဟာ အရေအသွေးအားဖြင့် သပ်ရပ်ပြီး တောင်သူ လယ်သမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တစ်ခုပါ။
ဦးနိုးအာရဲ့ ဝါးခမောက်တွေကို လယ်ထဲ၊ ယာခင်း၊ မိုးရွာ၊ နေပူထဲ အလုပ်လုပ်တဲ့ သူတွေ အများဆုံးဝယ်ယူအသုံးပြုကြတာပါ။
ဦးနိုးအာ ရဲ့ ဝါးခမောက်တွေဟာ တစ်လုံးကို ကျပ် ၆၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပြီး မှာယူကြသူတွေလည်းရှိနေပါတယ်။