ကန္တာရဝတီတိုင်း(မ်)
” အခုချိန်မှ မလုပ်ရင် တော်လှန်ရေးက ဆက်ကြာသွားလိမ့်မယ်”
ဒါကတော့ အသက် ၂၅ နှစ်အရွယ် လူငယ်တော်လှန်ရေးသမား ကိုဂျွန်ဆန်းရဲ့ ခံယူချက်ပါ။
ကိုဂျွန်ဆန်းဟာ နိုင်ငံအတွက်ဆိုတဲ့စိတ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မှာ စစ်သင်တန်းတက်ပြီး စစ်မြေပြင်ထဲ ခြေစုံပစ် ဝင်ခဲ့သူပါ။ စစ်အာဏာမသိမ်းခင်က ဆောက်လုပ်ရေးဆိုက်တခုမှာ ကားမောင်းတဲ့ အလုပ်ကို လုပ်ပါတယ်။
စစ်မြေပြင်မှာ အာဏာရှင်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေရင်း ၂၀၂၂ ခုနှစ် မတ်လ ၅ ရက်နေ့၊ ဒီးမော့ဆို ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းကြောင့် ဘယ်ခြေတဖက်ကို ဆုံးရှုံးခဲ့ပါတယ်။ ခြေထောက်ကို ဒူးအောက်ပိုင်းအထိ ဖြတ်ထားရတာပါ။
ခြေထောက်တဖက် မရှိတော့ပေမဲ့ KNDF ရဲ့ တပ်ရင်း ၁၉ ဒု-တပ်ခွဲမှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုဂျွန်ဆန်းဟာ ဒီနေ့အထိ စစ်မြေပြင်ကို သွားနေဆဲပါ။
“ခြေထောက်ပဲ ပြတ်သေးတာပဲ။ ငါလုပ်နိုင်တဲ့ ကဏ္ဍတွေ ရှိသေးတယ်လို့ တွေးပြီးမှ တကဏ္ဍကနေ ပါဝင်သွားတယ်” လို့ ကိုဂျွန်ဆန်းက ပြောပါတယ်။
ခြေတုတပ်ဆင်ထားတဲ့ ကိုဂျွန်ဆန်းဟာ သာမာန်လူတယောက်လိုပဲ သွားလာနိုင်ပါတယ်။ ဒဏ်ရာကနေ ပြန်ကောင်းလာပြီးနောက် ရဲဘော်တွေကို စွန့်ခွာပြီး နောက်တန်းမှာ မနေနိုင်ခဲ့ပါဘူး။
“ခြေတုနဲ့ သွားခဲ့တယ်။ ဘာလို့ဆို ရဲဘော်တွေကို စိတ်ပူလို့” ဆိုတဲ့ သူ့ရဲ့ စကားက ခေါင်းဆောင်တဦးရဲ့ စစ်မှန်တဲ့ စိတ်ဓာတ်ကို ဖော်ပြနေပါတယ်။ သူဟာ အမိန့်ပေးတာမျိုးတခုတည်း မဟုတ်ဘဲ ရဲဘော်တွေနဲ့အတူ ရင်ဘောင်တန်းပြီး တိုက်ခိုက်နေသူပါ။
စစ်ရေးတင်းမာနေတဲ့ ရှေ့တန်းမှာ ခြေတဖက်မရှိတော့ပေမဲ့လည်း တပ်ခွဲမှူးတယောက်ဖြစ်တဲ့ သူဟာ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အားပေးတာနဲ့ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးတာမျိုးတွေ လုပ်ဆောင်နေပါတယ်။ သူ့ရဲ့ ဦးဆောင်မှုပုံစံဟာ ရဲဘော်တွေအတွက် ယုံကြည်မှုနဲ့ ခွန်အားကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
“ကျနော်တို့က အစကတည်းက အားကိုးအားထားရလို့ ခွဲမှူးတင်တယ်။ မိဘတယောက်လို ထားတာပေါ့။ သူ့ရဲ့ ဆိုဆုံးမမှုတွေ၊ သူ့ရဲ့ လမ်းပြမှုအောက်မှာပဲ သွားနေတယ်” လို့ ကိုဂျွန်ဆန်းရဲ့ ရဲဘော်တဦး က ပြောပါတယ်။
ကိုဂျွန်ဆန်းဟာ နောက်တန်းကို ခဏပြန်ရောက်တဲ့အချိန်တွေမှာလည်း တက်တက်ကြွကြွနဲ့ လှုပ်ရှားနေဆဲပါပဲ။ KNDF တပ်ရင်းတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ စုဆောင်းတာ၊ ထမင်းဟင်း ချက်တာ၊ သန့်ရှင်းရေးလုပ်တာကအစ၊ စစ်ဗျူဟာတွေ ဆွေးနွေးတာ စတဲ့ အလုပ်တွေကို အဓိကထား လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် တိုက်ပွဲဝင်ရင်း ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအတွက် အားပေးကူညီမှုတွေလည်း လုပ်ပေးနေပါသေးတယ်။
ခြေတဖက်ဆုံးရှုံးခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံကိုလည်း တခြားရဲဘော်တွေကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ ဝေမျှပေးလေ့ရှိပါတယ်။ ဒီလိုမျိုး ရှေ့တန်းရော၊ နောက်တန်းပါ အဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေတာက ကိုဂျွန်ဆန်းရဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ပေါ်လွင်စေပါတယ်။
တော်လှန်ရေးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတခုကို ပေးဆပ်ထားတဲ့ ကိုဂျွန်ဆန်းဟာ တခါတလေမှာ စိတ်ဓာတ်ကျတဲ့ အချိန်တွေရှိခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပါတယ်။ ဒါပေမဲ့ သူဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို နောင်တမရဘူးလို့ ဆိုပါတယ်။
“တန်တာတော့ မတန်ဘူးပေါ့။ ဒါပေမဲ့ နောင်တတော့ မရဘူး။ ကိုယ်က ကျည်နဲ့သေရင် သေမယ်။ လက်နက်ကြီးနဲ့ သေချင်သေမယ်။ နင်းမိုင်းနဲ့ ထိရင်ထိမယ်။ အဲ့လို ကြိုတွေးထားတဲ့အရာမို့လို့ နောင်တတော့ မရဘူး” လို့ ထုတ်ဖော်ပြောဆိုပါတယ်။
သူဟာ ရဲဘော်တွေနဲ့အတူ ရေကုန်ရေခမ်း တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီး ပြည်သူတွေအတွက် အသက်ပေးဆပ်ဖို့ ဆုံးဖြတ်ထားသူပါ။
“ကျနော်တို့က အဓိက လိုအပ်နေတဲ့အရာတွေကို ထောက်ပံ့ပေးနိုင်ရင် အသက်ပေးပြီး ရေကုန်ရေခမ်း တိုက်မယ်။ ကာကွယ်သွားမယ်” လို့ ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ ပြောပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ ကိုဂျွန်ဆန်းရဲ့ တော်လှန်စိတ်ဓာတ်ကို ချိုးနှိမ်နိုင်ခြင်း မရှိဘူးဆိုတာကို သက်သေပြနေတဲ့ ခေတ်သစ် သူရဲကောင်းတဦးပါပဲ။ သူ့ရဲ့ အနစ်နာခံမှုဟာ ပြည်သူတွေ လုံခြုံပြီး ကောင်းမွန်တဲ့ အနာဂါတ်ဘဝကို မြင်တွေ့လိုတဲ့ မျှော်လင့်ချက်အပေါ် အခြေခံထားပါတယ်။
ကိုဂျွန်ဆန်းလို စိတ်ဓာတ်မျိုးရှိတဲ့ ခေါင်းဆောင်တွေကြောင့် တော်လှန်ရေးဟာ အောင်မြင်စွာအဆုံးသတ်နိုင်မှာပါ။
ဆောင်းပါး နှင့် ရိုက်ကူး _တင်စိုး