ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ၆လကျော်အတွင်း အရပ်သားပြည်သူ ၃၃ ဦးသေဆုံးခဲ့တယ်လို့ ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ကအသိပေးထုတ်ပြန်ထားပါတယ်။
သေဆုံးခဲ့တဲ့ ပြည်သူ ၃၃ ဦးထဲမှာ အမျိုးသား (၁၅) ဦး၊ အမျိုးသမီး(၉) ဦး၊ ကလေး (၂) ဦးနဲ့ ကျား/မ မသိရသေးသူ (၇) ဦး တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၁၆) ဦး ၊အမျိုးသမီး(၁၀) ဦး ၊ကလေး (၁၃) ဦးနဲ့ ကျား/မ အတည်မပြုနိုင်သူ(၅၅) ဦး စုစုပေါင်း (၉၄) ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ သေဆုံးခဲ့သူ ၃၃ ဦးဟာ လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းကြောင့် ဖြစ်ပြီး အခြားသော လက်နက်ကြီး၊ ဒရုန်းဗုံးနဲ့ မြေမြုပ်မိုင်းတွေကြောင့် သေဆုံးခဲ့သူတွေ မပါဝင်သေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တစ်လတာ အတွင်းမှာလည်း ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ (၁၂)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၄၆)ဦး ထိ ရှိနေတယ်လို့ ယမန်နေ့ ဇူလိုင်လ (၈) ရက်နေ့မှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားတာရှိပါတယ်။
စစ်ကောင်စီတွေဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှု ကျူးလွန်ရုံတင်မကဘဲ ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ အခြေခံစားဝတ်နေရေး အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်ဖို့ ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း တွေ ပိတ်ဆို့တာ၊ ပြည်သူအများနေထိုင်ရာ ဒေသတွေကို စစ်ဆင်ရေးတွေ အကြိမ်ကြိမ်ပြုလုပ်တာတွေရှိနေတာပါ။
အခုလို အပစ်မဲ့ ပြည်သူတွေအပေါ် ပြုလုပ်တဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ စစ်ကောင်စီရဲ့ လေယာဉ်ဆီရရှိနိုင်မှု လမ်းကြောင်းတွေကို ဖြတ်တောက်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ IEC က တောင်းဆိုထားပါတယ်။