spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအ‌ပေါ် ပြည်ပရောက် ကရင်နီလူငယ်တွေရဲ့စကားသံများ

ကန္တာရဝတီတိုင်း ( မ် )

စစ်ကော်မရှင်ကနေ လာမယ့် ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရဲ့ အပိုင်း ၁ ကို ကျင်းပ ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီ ရွေးကောက်ပွဲ အပိုင်း ၁ကို တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပြီး ကရင်နီပြည်က လွိုင်ကော် မြို့နယ် နဲ့ ဘောလခဲ မြို့နယ်တို့ လည်း ပါဝင်နေပါတယ်။

စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လူထုတွေရဲ့ဆန္ဒ နဲ့ ပူးပေါင်းပါဝင်မှုမရှိသလို လက်သင့်ခံမှာမဟုတ်ဘူးလို့ ကရင်နီလူငယ်တွေက ဆိုကြပါတယ်။ ရွေးကောက်ပွဲအပေါ် ပြည်ပရောက် ကရင်နီ လူငယ်တချို့ ရဲ့ သဘောထား ၊ သူတို့ရဲ့ စကားသံကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

ခူးကိုရယ် ( စင်္ကာပူ နိုင်ငံရောက် ကရင်နီလူငယ်တစ်ဦး )

“ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ပါဘူး။ အနာဂတ်မရှိတဲ့ ရွေးကောက်ပွဲပါ ။ ဘာလို့လည်း ဆိုရင် အနာဂတ်လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု မရှိသလို ပြည်သူတွေရဲ့အားပါဝင်မှုလည်းမရှိလို့ပဲ ဖြစ်တယ်။ ရွေးချယ်စရာ မရှိလို့ မဲပေးကြရမယ် ဆိုရင်တောင်မှ ခြိမ်းခြောက်မှု၊ ထိတ်လန့်မှု၊ ဖိအားပေးခံရမှုတွေနဲ့ ပြည့်နှက်နေလို့ မဲပေးနေကြရမှာပဲ ဖြစ်တယ်။ ဆိုတော့ ဒီရွေးကောက်ပွဲဟာ အခွံသပ်သပ် ပါပဲ။ အဆန်မပါတဲ့ ရွေးကောက်ပွဲပါ။ ဘယ်တော့မှ အဆန်ရှိလာမှာလည်းမဟုတ်ပါဘူး အနာဂတ်မှမရှိတာ”

မော်ညေးမို ( ဒူဘိုင်းမြို့ရောက် ကရင်နီလူငယ်တစ်ဦး )

“ဒီလာမယ့် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ပြုလုပ်မယ့် စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်သူလူထုရဲ့ ထောက်ခံမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့က ပြည်သူလူထုကို တစ်ဖက်လက်နဲ့ ပြန်ပြီး စည်းရုံးချင်တဲ့ အနေနဲ့ ရွေးကောက်ပွဲ ကိုပြုလုပ်ရခြင်းဖြစ်တယ်။ ကရင်နီပြည်မှာ လွိုင်ကော် ၊ ဘောလခဲ စစ်ကောင်စီ ရွေးကောက်ပွဲ ပြုလုပ်ကျင်းပတဲ့အချိန်မှာလည်း ကရင်နီ ပြည်သူလူထုတွေက ပါဝင်လာမှာလည်း မဟုတ်ဘူးပေါ့နော်။ ဘာဖြစ်လို့လည်း ဆိုတော့ အစကတည်းက စစ်တပ်အာဏာသိမ်းယူမှုကို မလိုလား ကြဘူးလေနော်။ ပြည်သူလူထုဆန္ဒမပါပဲ လုပ်မယ့် ရွေးကောက်ပွဲလို့ မြင်တာပေါ့နော်။ ပြည်သူလူထုတွေရဲ့ ဆန္ဒ မပါတဲ့ ဒီရွေးကောက်ပွဲဟာ တရားမဝင် ရွေးကောက်ပွဲပဲ ဖြစ်တယ်”

ကိုဖိုးဘာကြီး ( အင်ဒိုနီးရှားနိုင်ငံရောက် ကရင်နီလူငယ်တစ်ဦး )

“ပြည်ပရောက် ကရင်နီလူငယ်တစ်ဦးအနေနဲ့ ကတော့ လာမယ့် ဒီဇင်ဘာလအတွင်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲက သူတို့ အာဏာရူးစစ်အုပ်စု‌ တွေက စစ်ဝတ်စုံကို တိုက်ပုံအင်္ကျီ၊ ပုဆိုး ပြောင်းဝတ်လိုက်မယ်ဆိုတဲ့သဘောပါပဲ။ ဒဲ့ပြောရရင် ငါတို့လူထုကို တိုက်ပုံဝတ်စုံပြောင်းဝတ်ပြီး အုပ်ချုပ်မယ် ငါတို့ကို မဲလာထည့်ကြပါလို့ ပြောတာနဲ့တူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ (စစ်ကော်မရှင်) မတရား‌ ရေးဆွဲထုတ်ပြန်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ လွှတ်တော်အချိုးစားကိုကြည့်ရင် သိနိုင်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်မချင်းကတော့ ဘယ်တော့မှ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး”

ဗျားရယ် ( USA နိုင်ငံရောက် ကရင်နီလူငယ်တစ်ဦး )

“သူတို့ ရွေးကောက်ပွဲတွေ ဘယ်လောက်ပဲလုပ်လုပ် ပေါ့နော် တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲပဲ။ ပြည်ပရောက် ကရင်နီ လူငယ် တယောက်အနေနဲ့ ဒီရွေးကောက်ပွဲကို လက်မခံနိုင်ဘူး။ ဘာလို့လည်းဆိုရင် ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူးပေါ့နော်။ ပြီးတော့ လွိုင်ကော်နဲ့ဘောလခဲမှာ ကျန်ရှိနေတဲ့ ပြည်သူကလည်း ဖြစ်နိုင်ရင် သူတို့ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်မှု မပြုလုပ်ကြဖို့ ကျနော် ပြောချင်ပါတယ်။ ဒါပေမယ့်လည်း လွိုင်ကော် ၊ ဘောလခဲမှာ ကျန်နေတဲ့ ပြည်သူလူထုတွေကို ခြိမ်းခြောက်ပြီးတော့မှ မဲတွေ ပေးခိုင်းတာတွေ ရှိကောင်း ရှိလိမ့်မယ်။ ပြည်သူလူထု ဆန္ဒမပါပဲနဲ့ ခြိမ်းခြောက်မှု၊ အတင်း စေခိုင်းမှုတွေ ရှိကောင်းရှိလိမ့်မယ်ပေါ့နော်။ ဒါကြောင့်မလို့ ဒါက တရားမျှတမှု မရှိတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက်မို့လို့ ဒီရွေးကောက်ပွဲကို ကျနော် ထောက်ခံအားပေးမှု မရှိဘူး”

Ain Sin (ထိုင်းနိုင်ငံရောက် ကရင်နီလူငယ်တစ်ဦး )

“ဒီရွေးကောက်ပွဲ နဲ့ ပတ်သက်ရင်တော့ ရှင်းပါတယ်။ စစ်ကောင်စီ ပြုလုပ်တဲ့ ပွဲ ဆိုရင်တော့ လုပ်ပွဲပဲ ဖြစ်မှာပါ။ ဆက်ပြီး သရုပ်ပြဖို့ပဲ ဖြစ်မယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝ မဖြစ်နိုင်တာ အမှန်ပါပဲ။ ကျနော် တို့ လူငယ်တွေ နိုင်ငံခြားမှာ ဒီလို ခက်ခက် ခဲခဲ နဲ့ ဆက်ရှင်သန်နေရတာ စစ်ကောင်စီရဲ့ လက်အောက်မှ လုံးဝ မနေချင် သလို၊ နေလို့ မရအောင်လုပ်ထားတဲ့အတွက် ရှိနေတဲ့နေရာ ပြည်ပကနေ ကိုယ်စွမ်းရှိသမျှနဲ့ အဆုံးထိ ဆက်တော်လှန်သွားဖို့ပါပဲ”

spot_img