spot_imgspot_imgspot_imgspot_img
Wednesday, August 20, 2025
spot_imgspot_imgspot_imgspot_img

စစ်ပူကာလမှာ တောင်သူတွေ ပြင်ဆင်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေနဲ့ ပါတ်သက်ပြီး (IEC) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာန၊ ဌာနမှူးကြီး – ခူးတူရယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း ( မ် )

” ၂၀၂၅ မှာက စစ်က တစ်ကျော့ပြန်စစ်ကြောင်းထိုးနိုင်တဲ့ အနေအထားရှိလာတော့ တောင်သူတွေက လယ်ယာစိုက်ပျိုးနိုင်မှုက ၅၀ရာခိုင်နှုန်း ထပ်ကျလာတယ်။ စိုက်ပျိုးမှုအခြေအနေကတော့ ဒီတစ်နှစ်ကတော့ နောက်ထပ် လျော့နည်းလာတဲ့အနေအထားမှာရှိတယ်။ ဒါပေမယ့် စားဝတ်နေရေးအတွက် ဘယ်လောက်ဖူလုံနိုင်မလဲ ထိခိုက်နိုင်မလဲ ဆိုတာတော့ ပြောရခက်တယ်။”

လက်ရှိဖြစ်ပွားနေတဲ့ ရှမ်း-ကရင်နီနယ်စပ်က စစ်ရေးအခြေအနေကြောင့် တောင်သူတွေဟာ ပုံမှန်စိုက်ပျိုးနိုင်တဲ့ ဧရိယာထက် လျော့ပြီးစိုက်ပျိုးထုတ်လုပ်နေကြရသလို စစ်ဘေးဒဏ်ကြောင့် လယ်ယာစိုက်ခင်းတွေကို ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ဒီလို မစိုက်ပျိုးနိုင်တော့တဲ့ အနေအထားမှာ ဒေသခံတောင်သူတွေရဲ့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အခြေအနေတွေ အပါအဝင် စိုက်ပျိုးရာသီကာလမှာ စိုက်၊မွေး၊ဆည်မြောင်းဌာန အနေနဲ့ ဆောင်ရွက်ချက်၊ တောင်သူတွေရဲ့လိုအပ်ချက် တောင်းပြတောင်းခံမှုကို ဆောင်ရွက်ပေးနိုင်မှုအခြေအနေ စတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာန၊ ဌာနမှူးကြီး – ခူးတူရယ်နှင့် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဆရာတို့ဌာနကနေ လတ်တလောဆောင်ရွက်ချက်တွေက ဘာတွေရှိမလဲ။ ဘယ်လိုကဏ္ဍတွေကို ဦးစားပေးဆောင်ရွက်နေတာရှိသလဲပေါ့နော။

ဖြေ ။ ။ ကျနော်တို့စိုက်ပျိုး မွေးမြူရေးကိစ္စတွေကို စနစ်တကျလုပ်ဆောင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ စိုက်ပျိုးရေး မွေးမြူရေး ပေါ်လစီကို ထုတ်နိုင်ခဲ့ပြီ အဲ့ဒါက အဓိကပေါ့။ နိုင်ငံ၊ ပြည်နယ် ဒါမှမဟုတ် ကျေးရွာတခုကို စနစ်တကျ မောင်းနှင်ဖို့ဆိုတာ မူပေါ်လစီက အဓိက ကျတယ်လို့ ယူဆယ်။ ဆိုတော့ ထုတ်နိုင်ခဲ့ပြီ။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာနကလည်း နာမည်ပေးထားတဲ့အတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စတွေရှိမယ်၊ ဆည်မြောင်းဆိုင်ရာကိစ္စတွေရှိမယ်။ စိုက်ပျိုးရေးမှာတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး မူပေါ်လစီကို အခြေခံပြီးတော့လုပ်ထားတာရှိတယ်။ ဥပမာ – စစ်ဖြစ်ပြီ တောင်သူတွေ ရေရှည်စိုက်ပျိုးရေးစနစ်ကို လုပ်ဆောင်နိုင်ဖို့အတွက် ကျနော်တို့သဘာဝတရားကို အခြေခံပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ဟာ မူဝါဒအတိအကျ ရေးထားတာရှိတယ်။ အဲ့အတိုင်း လုပ်ဆောင်နေတာရှိတယ်။ ဒါပေမယ့်လို့ ကရင်နီတစ်ပြည်လုံးနယ်ကို လွှမ်းခြုံနိုင်လား ဒီ တောင်သူတွေကို အကုန်လုံးလွှမ်းခြုံနိင်လား ဆိုတာကိုတော့ မေးခွန်းမေးစရာရှိတယ်။ ကျနော်တို့ အကုန်လုံး လွှမ်းခြုံနိုင်တဲ့ အနေအထားတော့ မရှိသေးဘူး။ လွှမ်းခြုံနိုင်ဖို့ ကြိုးစားနေတယ်။

နောက်တခုက စိုက်ပျိုးရေးနည်းပညာကို ကြိုးစားပြီးတော့ ပေးနေတယ်။ ပေးတဲ့နေရာမှာ လူတွေ့ပေးတာရှိတယ် နောက်တခုက စံပြစိုက်ပျိုးရေးအကွက်တွေကို လုပ်ထားတာရှိတယ်။ အွန်လိုင်းမှာ လက်လှမ်းမီတဲ့ နည်းပညာကို ပေးနိုင်အောင် ကြိုးစားထားတာရှိတယ်။ လက်လှမ်းမီနိုင်တဲ့ နည်းမျိုးစုံကို သုံးပြီးတော့ ပေးတော့ပေးနေတယ်။ ဒါပေမယ့် ပိုပြီးထိရောက်တဲ့ နည်းနာတွေကိုလည်း ရှာဖွေနေတယ်ဆိုတာ ပြောချင်တယ်။

မွေးမြူရေးကျတော့ ရိုးရိုးမွေးတာထက် စနစ်တကျနဲ့ ဘယ်လိုမွေးကြမလဲ၊ ဘာနည်းပညာလိုလဲ၊ ဆိုတာမျိုးလည်း တောင်သူတွေကို အသိပညာပေးတာရှိတယ်။ မွေးမြူရေးဆိုတာ နေကောင်းတဲ့အခါရှိသလို နေမကောင်းတာလည်းရှိတယ်။ ကုသရေး၊ ကာကွယ်ရေးအပိုင်းတွေ လိုအပ်တဲ့ဆေးဝါးတွေကို လိုက်ပြီးတော့ ပေးတာရှိတယ်။ အကုန်လုံး လွှမ်းခြုံနိုင်တဲ့ အနေအထားတော့ မရှိဘူး။ လက်လှမ်းမီ နိုင်သလောက်တော့ ကြိုးစားပေးနေတယ်။

ဆည်မြောင်းမှာတော့ စိုက်ပျိုးရေးလုပ်ရင်တော့ ရေက မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်တယ်။ စိုက်ပျိုးရေးအတွက်ကော မွေးမြူရေးပါပေါ့။ တောင်သူတွေ ရေကိုအလွယ်တကူနဲ့ လက်လှမ်းမီနိုင်အောင် စိုက်ပျိုးရေးအတွက် ရေအလွယ်တကူ ရနိုင်အောင် အမြဲတမ်း ကြိုးစားပြီးလုပ်ဆောင်နေတယ်။

ဒီအရာအားလုံးကို လုပ်နိုင်ဖို့ဆိုတာက မူဝါဒဘယ်လောက်ပဲကောင်းနေပါစေ၊ တောင်သူတွေရဲ့ပူးပေါင်းပါဝင်မှု၊ လူထုတွေရဲ့ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်။ ပူးပေါင်းလုပ်ဆောင်မှုမရှိတဲ့ လုပ်ဆောင်မှုက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ ဒါက ပွင့်ပွင့်လင်းလင်းပြောတာပါ။

မေး ။ ။ စိုက်ပျိုးရေးနည်းပညာတွေကို ပေးနေတယ်လို့ပြောတဲ့နေရာမှာ ကရင်နီရဲ့ မြို့နယ်အလိုက်မှာ ဘယ်လောက်ရာခိုင်နှုန်း အတိုင်းအတာထိ ပေးနိုင်ပြီလို့ ပြောလို့ရနိုင်မလဲ။

ဖြေ ။ ။ နည်းပညာတွေကို ပေးတဲ့နေရာမှာ မြို့နယ်အကုန်လုံးကို ပေးနိုင်တဲ့ အနေအထားတော့မရှိသေးဘူး။ ဆိုတော့ ဘယ်လောက်အတိုင်းအတာထိ ပေးနိုင်လဲဆိုရင် တောင်သူလယ်သမား ၁၀၀ ရာခိုင်နှုန်းရှိရင် ၂၀ ရာခိုင်နှုန်းလောက်ပဲ ပေးနိုင်သေးတယ်။ ကျန်တဲ့အပိုင်းတော့ လူသူအရောက်ပေးတာထက်စာရင် လက်လှမ်းမီတဲ့ နည်းစနစ်တွေကို ကျနော်တို့သုံးတယ်။ အွန်လိုင်းလား ဒါမှမဟုတ်ရင် လက်ကမ်းစာစောင်လား ပေးတော့ပေးနေတယ်။ ဒါပေမယ့် အကုန်လုံး ထိရောက်လားဆိုတာတော့ ခံယူတဲ့အပေါ်မှာလည်း မူတည်တယ်လို့ ကျနော်ယူဆတယ်။

မေး ။ ။ စိုက်ပျိုးရေးကဏ္ဍမှာ ထိရောက်စွာလုပ်ကိုင်နိုင်ဖို့က ဘယ်လောက် အရေးကြီးတယ်လို့ထင်လဲ။ တောင်သူတွေကိုကော အသိပေးတဲ့အနေနဲ့ ဘာပြောဆိုချင်တာရှိလဲ။

ဖြေ ။ ။ စိုက်ပျိုးမွေးမြူရေးက ကျနော်တို့ ဘဝတခု ရှင်သန်ရပ်တည်ဖို့က အဓိက အက္ခရာကျတဲ့အရာတခုဖြစ်တယ်။ ကျနော်တို့ရှင်သန်နေသ၍တော့ စိုက်ရမှာပဲ။ ကျန်းမာဖို့အတွက်လည်း စားရမှာပဲ။ ဆိုလိုတာက ရှင်သန်နေသ၍တော့ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စတွေက မဖြစ်မနေလုပ်ရမှာပဲ။ စိုက်ပျိုးရေးကတော့ လူသားတစ်ဦး ရှင်သန်ရပ်တည်ဖို့ သိပ်ကို အက္ခရာကျတဲ့ အရာတခုဖြစ်တယ်။ စိုက်ပျိုးရေးလုပ်တဲ့နေရာမှာ ကျနော်တို့ မှီခိုနေတဲ့ ဓာတုမြေဩဇာတွေ ကျနော်တို့ ဘဝကို ပျက်ဆီးစေတဲ့ဆေးတွေ မြေကို မကျန်းမာအောင်လုပ်နေတဲ့ ဆေးတွေကို ကျနော်တို့ သုံးမလား တစ်ပွဲတိုးအတွက်သုံးမလား၊ ဒါမှမဟုတ် ကျနော်တို့အသက်ရှင်သ၍ မြေကို အသုံးချရမယ် မြေက ကျန်းမာဖို့လိုတယ်။ ဆိုတော့ မျိုးဆက်ကို တကယ်ချစ်ရင် ကောင်းမွန်တာပေးချင်ရင် သဘာဝတရားကို အခြေခံတဲ့ပုံစံမျိုးကို ဖန်တီးရမှာပဲ။ လွယ်လားလို့ပြောရင် မလွယ်ဘူး။ အားစိုက်ဖို့လိုတယ်။ စိတ်နှစ်ကိုယ်နှစ်နဲ့ လုပ်ဖို့တော့လိုတယ်။ တောင်သူတွေကို အားပေးချင်တာက ကျနော်တို့ တစ်သက်လုံး လုပ်ကျွေးနေတဲ့ မြေကို ဂရုစိုက်ကြပါ၊ ကျန်းမာအောင်လည်း ပြုစုကြဖို့ ပြောချင်ပါတယ်။

မေး ။ ။ လက်ရှိကာလကလည်း စိုက်ပျိုးရာသီကာလဖြစ်တော့ ကရင်နီပြည်အတိုင်းအတာနဲ့ စိုက်ပျိုးနိုင်တဲ့ ဧရိယာက ဘယ်လောက်ရှိနေလဲ။ စိုက်ပျိုးနိုင်တဲ့ ဧရိယာရှိပေမယ့် တချို့တောင်သူတွေကတော့ မစိုက်ပျိုးနိုင်ဘဲ စစ်ရေးအခြေအနေကြောင့် တိမ်းရှောင်ရတဲ့အနေအထားမှာ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်မလဲ တောင်သူတွေအနေနဲ့ပေါ့နော။

ဖြေ ။ ။ အာဏာမသိမ်းခင်မှာတော့ လယ်ဧက က နှစ်သောင်းကျော်ရှိတယ်။ ဒါပေမယ့် နောက်ပိုင်း စစ်ရေးအခြေအနေနဲ့ စစ်ကြောင့် စစ်ရှောင်နေရတော့ မစိုက်ပျိုးနိုင်တဲ့ နေရာဒေသတွေက ၃၀ ရာခိုင်နှုန်းလောက်ရှိသွားတယ်။ ကျန်တာတော့ စိုက်နိုင်တယ်။ ဒါပေမယ့် ၂၀၂၅ မှာက စစ်က တစ်ကျော့ပြန်ထိုးနိုင်တဲ့ အနေအထားရှိလာတော့ တောင်သူတွေက လယ်ယာစိုက်ပျိုးနိုင်မှုက ၅၀ရာခိုင်နှုန်း ထပ်ကျလာတယ်။ စိုက်ပျိုးမှု အခြေအနေကတော့ ဒီတစ်နှစ်ကတော့ နောက်ထပ် လျော့နည်းလာတဲ့အနေအထားမှာရှိတယ်။ ဒါပေမယ့် စားဝတ်နေရေးအတွက် ဘယ်လောက်ဖူလုံနိုင်မလဲ ထိခိုက်နိုင်မလဲ ဆိုတာတော့ ပြောရခက်တယ်။

မေး ။ ။ အထူးသဖြင့် ရှမ်း -ကရင်နီနယ်စပ်တောက်လျှောက်မှာက စိုက်ပျိုးရေးလုပ်ကြတဲ့ ဒေသဖြစ်တယ်။ သို့ပေမယ့် စစ်ဘေးတိမ်းရှောင်ရတဲ့အနေအထားမှာ မစိုက်ပျိုးနိုင်တာ၊ စိုက်ပျိုးပြီးသား စပါးခင်းကို ချန်ထားခဲ့ရတာတွေကြောင့် ရေရှည်မှာ အကျိုးသက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းကြမလဲပေါ့။

ဖြေ ။ ။ အသက်ရှင်နေသ၍တော့ စိုက်ရမယ် ပျိုးရမယ်ဆိုတာကို လူတိုင်းသိတယ်။ ဒါပေမယ့် စိုက်မယ့်တောင်သူတွေကို ထမင်းရှင်တွေပေါ့နော ကျနော်တို့ ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲ။ နောက်ပြီး စိုက်နေတဲ့ နည်းစနစ်တွေ ဘယ်လောက်ထိ သူတို့ကို ပေးနိုင်မလဲဆိုတာလည်း မူတည်သေးတယ်။ ဘယ်လောက်ပဲ ထောက်ပံ့နိုင်ပါစေ တောင်သူတွေကိုယ်၌ကလည်း ဘယ်လောက်ထိ ပြောင်းလဲနိုင်မလဲ လုပ်နိုင်မလဲဆိုတာကို တခါပြန်စဉ်းစားရမယ်လို့ ယူဆတယ်။ တောင်သူတွေက လုံခြုံစွာနဲ့ အန္တရာယ်ကင်းကင်းနဲ့ လယ်ယာလုပ်ငန်းကို မလုပ်ကိုင်နိုင်တော့ဘူးဆိုရင် စားသုံးသူတွေထိခိုက်နိုင်တယ်။ ဒါပေမယ့် မထိခိုက်အောင် တောင်သူတွေကို ဘယ်လိုပံ့ပိုးမလဲဆိုတာ နည်းလမ်းကိုတော့ အမြဲတမ်းရှာနေတယ်။ သွင်းအားစုတွေ အားနည်းလာပြီဆိုရင် သွင်းအားစုလို့ပြောတဲ့နေရာမှာ စိုက်ပျိုးရေးတွေမှာသုံးတဲ့ ဓတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ တခြားအရာတွေကော တောင်သူတွေကို ဘယ်လိုပံ့ပိုးမလဲ တောင်သူတွေရဲ့ဝန်ကို ဘယ်လောက်ထမ်းကူမလဲဆိုတာ မူတည်လိမ့်မယ်။

မေး ။ ။ စိုက်ပျိုးနိုင်တဲ့ဧရိယာတွေမှာတော့ စပါးကို အဓိက စိုက်ပျိုးကြတော့ ဆရာတို့ ဌာနအနေနဲ့ကကော စိုက်ပျိုးတဲ့တောင်သူတွေကို မျိုးစေ့၊ မျိုးဆန် ထောက်ပံ့ပေးတာရှိလား။ တောင်သူတွေကကော လိုအပ်ချက်တွေကို တင်းပြတောင်းခံတဲ့အပေါ် ဆရာတို့အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးတာရှိလဲ။

ဖြေ ။ ။ စပါးမျိုးနဲ့ပတ်သက်လာရင်တော့ တောင်းဆိုလာတာ များတယ်။ ဒေသနဲ့ကိုက်ညီတဲ့ စပါးမျိုးကို ထုတ်ဖို့ ကျနော်တို့ကြိုးစားနေတယ်။ ဒေသမြေနဲ့ ကိုက်ညီတဲ့ စပါးမျိုးကို လုပ်ဆောင်နေတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ပြောလို့ရမယ်။ ဒီနှစ်အတွင်းတော့ မျိုးစပါးကို ထောက်ပံ့နိုင်တာက အရမ်းနည်းတယ်။ နောက်လာမယ့်နှစ်တွေမှာတော့ တချို့တောင်သူတွေကို စပါးမျိုးကို ထောက်ပံ့နိုင်လိမ့်မယ်လို့ ကျနော်ယူဆယ်။ နောက်တခုက စပါးစိုက်တဲ့အချိန်မှာ ဘယ်လိုနည်းပညာမျိုး သုံးရင် အဆင်ပြေနိုင်မလဲ ပိုပြီးထိရောက်မလဲဆိုတာတော့ ကျနော်တို့ စိုက်ပျိုးဆရာတွေနဲ့ တိုင်ပင်ဆွေးနွေးထားတာရှိတယ်။ ဘယ်လောက်ထိ မျိုးစပါးကိုဖြန့်နိုင်မလဲဆိုတာတော့ ပြောရခက်တယ်။

မေး ။ ။ လယ်ယာစပါးကို အဓိက စိုက်ပျိုးတဲ့ ရှမ်း-ကရင်နီနယ်စပ်ဖက်မှာ ဒေသခံတောင်သူတွေက တိမ်းရှောင်နေရတော့ ယခုနှစ်ရဲ့ စပါးအထွက်နှုန်းက လျော့ကျသွားနိုင်တဲ့အနေအထားမှာ တိုက်ပွဲမဖြစ်ပွားတဲ့ နေရာဖက်က တောင်သူတွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားသင့်တယ်လို့ မြင်လဲ။

ဖြေ ။ ။ ကရင်နီပြည်ရဲ့ စပါးကျီလို့ပြောလို့ရတာပေါ့။ အဲ့ဒီဒေသဖက်မှာ အထွက်နှုန်းနည်းလာရင်တော့ ဒီဖက်မှာတော့ အနည်းနဲ့အများ ထိခိုက်မှုရှိလာလိမ့်မယ်။ ရှင်သန်ဖို့အတွက် စားနေရတဲ့ စပါးကို ပိုပြီးစိုက်ပျိုးကြပါဆိုတာမျိုးလည်း ကျနော်အမြဲပြောဖြစ်တာပေါ့။ လူသားချင်းစာနာမှု အကူအညီတွေ အထောက်ပံ့တွေ မရတော့ဘူးဆိုရင် ကျနော်တို့ရှင်သန်ဖို့အတွက် ဆန်စပါးက လိုအပ်တဲ့အရာဖြစ်တယ်။ တောင်သူတွေ ဆန်စပါးကို ပိုမိုစိုက်ပျိုးနိုင်အောင် တောင်သူတွေလက်လှမ်းမီနိုင်တဲ့ နည်းပညာတွေ ဖြန့်ဝေနိုင်ရင်တော့ ဆန်စပါအထွက်နှုန်းများတဲ့ နေရာဒေသတွေမှာ အထွက်နှုန်းကျရင် ဒီဖက်တွေမှာ ပြန်ပြီးတော့ ကုစားနိုင်တဲ့ အနေအထားမျိုးဖြစ်သွားမှာပေါ့။ အနည်းနဲ့အများ ထိခိုက်တယ်ဆိုတာ ပြောချင်တာပါ့။

မေး ။ ။ လယ်ယာ၊ တောင်ယာ စပါးစိုက်ပျိုးနေကြတဲ့ တောင်သူတွေကို ဘယ်လို အထောက်ပံ့တွေ ပံ့ပိုးဆောင်ရွက်ပေးသင့်လဲ လက်ရှိအနေအထားမှာ။

ဖြေ ။ ။ နံပါတ်တစ်ကတော့ တောင်သူတွေကို နည်းပညာပေးရမယ်လို့ ယူဆတယ်။ နည်းပညာပေးတဲ့နေရာမှာ နည်းပညာဖြစ်ရင် ပြီးရော ဆိုတာထက် တောင်သူတွေအလွယ်တကူ နားလည်ပြီး သူတို့နဲ့ သဟဇာတဖြစ်တဲ့ နည်းပညာဖြစ်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ မြင်တယ်။ မြေက သက်ရှိဖြစ်တယ်၊ အစာစားရတယ်။ အသီးနှံတွေထွက်ရှိဖို့အတွက် သူ့ကို အစာကျွေးရတယ်။ ဆိုတော့ သဘာဝမြေဩဇာကို အခြေခံပြီး ပြုလုပ်တဲ့ မြေဩဇာကို ဘယ်လိုကျွေးရင်ကောင်းမလဲဆိုတာမျိုးတော့ သဘာဝတရားကို အသုံးပြုပြီးတော့ စိုက်ပျိုးရေးမှာ ထုတ်လုပ်နိုင်တဲ့ အနေအထားဖြစ်အောင် တောင်သူတွေကိုယ်၌ကလည်း လုပ်နိုင်အောင် သင်တန်းတွေ များများပေးဖို့လိုတယ်။

နောက်တခုကတော့ စက်ယန္တရားပေါ့။ စက်ယန္တရားမပါဘူးဆိုရင် အနည်းနဲ့အများတော့ အထွက်နှုန်းကတော့ ကွာလိမ့်မယ်။ စက်ယန္တရားတွေ ဘယ်ကနေရနိုင်မလဲ ကူညီနိုင်မယ့် နည်းလမ်းတွေ ငှားရမ်းနိုင်မယ့် ငွေကြေးတွေ တစ်စုံတစ်ရာ ပံ့ပိုးမှုရှိရင်တော့ အဆင်ပြေဆုံးဖြစ်မယ်လို့ ယူဆတယ်။ ငွေကြေးလို့ပြောတဲ့နေရာမှာ အမတော်ကြေးလိုပေါ့ ထုတ်ယူနိုင်တဲ့ နည်းရှိရင်တော့ တောင်သူတွေအတွက် စိုက်ပျိုးရေးကိစ္စမှာ ဝန်ပေါ့စေလိမ့်မယ်ပေါ့။

မေး ။ ။ ကြားကာလအစိးရ (IEC) အောက်က ဌာနတခုဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေး၊ ဆည်မြောင်းဌာနအနေနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေ ရှိနေလဲ။

ဖြေ ။ ။ စိန်ခေါ်ချက်ကတော့ အများကြီးရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တောင်သူတွေက ဒီစိုက်ပျိုးရေး နည်းစနစ်က ကောင်းတယ်လို့ မိဘတွေက လက်ဆင့်ကမ်းထားတဲ့ အရာတခုကို နည်းစနစ်အသစ်တခုနဲ့ ပြောင်းလဲဖို့ဆိုတာကတော့ ခက်ခဲမှုရှိကြတယ်။ နည်းပညာတွေကို လက်လှမ်းမီနိုင်တဲ့ အနေအထားရှိလားလို့ ကျနော်တို့ကို မေးရင်တော့ နည်းပညာတွေကို တောင်သူတွေက လက်လှမ်းမမီနိုင်တော့ နည်းပညာအသစ်တွေကို ကျနော်တို့က လာပေးတဲ့အချန်မှာ လက်ခံနိုင်လောက်တဲ့ အနေအထားက နည်းတယ်။ ဒါပေမယ့် ချက်ချင်းတော့ ပြောင်းလဲဖို့ မလွယ်ဘူးဆိုတာ ကျနော်တို့ယုံကြည်တယ်။ တဖြေးဖြေး ပြောင်းလဲနိုင်အောင် ဆိုတာမျိုးလည်း ကျနော်တို့ ဘယ်လောက်ထိ လက်တွေ့လုပ်ပြနိုင်လဲဆိုတာလည်း လိုအပ်သေးတယ်။ လက်တွေ့ကို များများလုပ်ပြလေလေ တောင်သူတွေက ယုံကြည်လက်ခံလာလိမ့်မယ် ဆိုတာမျိုးလည်း ရှိတယ်။ ဒါကတော့ ကျနော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်တယ်။ ဥပမာ – မွေးမြူရေးကိစ္စ၊ စနစ်တကျမွေးဖို့ဆိုတာက လိုအပ်တယ်။

ကျနော်တို့ မူဝါဒတွေရှိထားတယ် စနစ်တကျဖြစ်ဖို့ဆိုရင် ဘယ်လိုလုပ်ကြမလဲ စနစ်တကျဖြစ်ဖို့ တောင်သူတွေ ပူးပေါင်းမှုက အက္ခရာကျတဲ့အရာတခုဖြစ်တယ်။ တောင်သူတွေပါဝင်လာရင်တော့ ကျနော်တို့အတွက် အားဖြစ်သလို၊ ကျနော်တို့အတွက် စိန်ခေါ်မှုဖြစ်တဲ့ တောင်သူတွေမပါဝင်ဘူးဆိုတာလည်း နည်းလာလိမ့်မယ်လို့ ယူဆတယ်လေ။

spot_img