spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

စစ်မီးထဲကနေ ကရင်နီကို ခိုလှုံလာရသူများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးစွေနေတဲ့ နေ့ခင်းတခုမှာ စစ်ရှောင်စခန်းက “တဲ”ကလေးရဲ့ ဝါးရံတာမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦး စကားစမြည်ပြောနေကြပါတယ်။

သူမတို့နှစ်ဦးကတော့ ဒေါ်ထျိုးမြာနဲ့ ဒေါ်မြာမိုတို့ဖြစ်ကြပြီး ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ကနေ ကရင်နီကို စစ်ရှောင်လာခဲ့ကြသူတွေပါ။

ဒေါ်ထျိုးမြာနဲ့ ဒေါ်မြာမိုတို့ဟာ ပင်လောင်းမြို့နယ်ထဲက တရွာတည်းနေထိုင်ကြတာ မဟုတ်ဘဲ စစ်ရှောင်တဲ့အခါမှာမှ စစ်ရှောင်စခန်း တခုထဲမှာ လာဆုံကြတာဖြစ်ပါတယ်။ လက်ရှိ ဒီးမော့ဆို အနောက်ဘက်ခြမ်းက “ထျေးကေးလျား” စစ်ရှောင်စခန်းမှာ နေထိုင်ကြတာ ၇ လဝန်းကျင်ရှိနေပါပြီ။

ဒေါ်ထျိုးမြာဟာ အသက် ၄၅ နှစ်ရှိပြီဖြစ်ပေမယ့် လယ်ယာ၊ တောင်ယာလုပ်ငန်းတွေကိုလုပ်ကိုင်သူဖြစ်တာကြောင့် သန်မာကြံ့ခိုင်သူတယောက်ပါ။ ဒါပေမဲ့လည်း အခုလိုစစ်ရှောင်ရချိန်မှာ လယ်ယာ၊ တောင်ယာလုပ်ကိုင်လို့မရတော့ပါဘူး။ အလုပ်မရှိရင်မနေတတ်သူဖြစ်တာကြောင့်လည်း စစ်ရှောင်ဘဝရောက်လာတဲ့အချိန်မှာ ဒေါ်ထျိုးမြာရဲ့ နေ့စဉ်ဘဝဟာ ဟာတာတာဖြစ်နေတာပါ။

“အသိအိမ်မှာ အလည်သွားလိုက်ပြီး စကားစမြည်ပြောလိုက်တာမျိုးဆို ပိုသက်သာရာရောက်တယ်လေ။ တယောက်ထဲနေတဲ့အခါ ကိုယ်အတွေးပေါင်းစုံ ဝင်လာတာပေါ့။ စိတ်ပင်ပန်းတယ်” လို့ နေ့စဉ်အားလပ် နေရတဲ့အကြောင်း ဒေါ်ထျိုးမြာတယောက် ငြီးငြူပါတယ်။

ဒါတွေအပြင် တယောက်ထဲနေပြီး အတွေးပေါင်းစုံဝင်လာတဲ့အခါမျိုးမှာ ဒေါ်ထျိုးမြာတယောက် ဘုရားရှိခိုးတာ၊ သီချင်းနားထောင်တာတွေနဲ့ အချိန်ကုန်ဆုံးနေတတ်ပါတယ်။

ဒေါ်ထျိုးမြာနေထိုင်တဲ့ ပင်လောင်းမြို့နယ်၊ ဆောင်လန်မြောက်ကျေးရွာမှာ ဆယ့်နှစ်ရာသီလုံး အလုပ်နဲ့လက် မပြတ်ခဲ့ပါဘူး။ မိုးစပါး၊ နွေစပါးအပြင် ပြောင်းနဲ့ ကြက်သွန်ဖြူကို စီးပွားအဖြစ် စိုက်ပျိုးခဲ့ကြ တာပါ။

စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းခဲ့တဲ့ ဒေါ်ထျိုးမြာတို့စစ်မရှောင်ခင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ သူမတို့ရဲ့ လယ်ယာ၊ တောင်ယာခြံတွေထဲမှာ ရွှေဝါရောင်စပါးခင်းနဲ့ ပြောင်းခင်းတွေ ရိတ်သိမ်းဖို့ အဆင့်သင့်ပါပဲ။ ဒါပေမဲ့ စစ်မီးလျှံက ဒေါ်ထျိုးမြာတို့နေရပ်ကို ကူးစက်လာတဲ့အခါ စပါးခင်းနဲ့ ပြောင်းခင်းတွေကိုချန်ထားပြီး ထွက်ပြေးခဲ့ရပါတော့တယ်။

ဒေါ်ထျိုးမြာတို့ ကျေးရွာကနေ ထွက်ပြေးနေစဉ်အတွင်းမှာပဲ သူမတို့ရဲ့ အိမ်ခြေ ၈၀ ကျော်ရှိတဲ့ ဆောင်လန်မြောက်ရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရပါတယ်။

ဟင်းတနှပ်အတွက် မျှစ်ကို ပြင်ဆင်နေတဲ့ ဒေါ်မြာမိုကို တွေ့ရစဉ်။

“ ကျမတို့ ဆောင်လန်မြောက်ရွာကို ဘာအငြိုးနဲ့ လုပ်လဲဆိုတာတော့ မသိတော့ဘူး” လို့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတဲ့အပေါ် ဒေါ်ထျိုးမြာက ပြောပါတယ်။

ဒါတွေအပြင် စပါးခင်းနဲ့ ပြောင်းခင်းတွေလည်း မီးရှို့ခံခဲ့ရတာပါ။

ထွက်ပြေးနေစဉ်အတွင်း ဒေါ်ထျိုးမြာတယောက် တပတ်ဆယ်ရက်၊ အလွန်ဆုံးတလ တိမ်းရှောင်ပြီး အိမ်ပြန်ရမယ်လို့ တွေးထင်ခဲ့ပါတယ်။ ချက်ခြင်းတိမ်းရှောင်ရတာကြောင့်လည်း အဝတ်အစား နှစ်စုံထက် ပိုမယူသွားသလို လိုအပ်တဲ့ အိပ်ယာခင်း၊ စားစရာအနည်းငယ်နဲ့ အိုးခွက်တစုံစာပဲ ယူခဲ့ရပါတယ်။

အခုတော့ ဒေါ်ထျိုးမြာဟာ သူမတို့ပိုင်ဆိုင်တဲ့ အိမ်အပါအဝင် အိုးခွက်၊ ပန်းကန်ကအစ၊ လယ်ယာအတွက် အသုံးပြုဖို့ ပစ္စည်းပစ္စယအဆုံး တခုမျှ မရှိတော့ပါဘူး။ တိုက်ပွဲပြီးသွားလို့ အိမ်ပြန်ရမယ်ဆိုရင်တောင် သူမတို့ မိသားစုဘယ်ကနေပြန်စရမလဲဆိုတာ လက်ရှိအချိန်မှာ မတွေးနိုင်သေးဘူးလို့ ဒေါ်ထျိုးမြာက ပြောပါတယ်။

“တကယ်လို့ ပြန်လို့ရတယ်ဆိုရင်တောင် ဘယ်မှာပြန်နေရမလဲ ဘာဆိုဘာမှမရှိတော့ဘူး ဘယ်လိုပြန်နေရမလဲ။ နေစရာ အိမ်တွေလည်းမရှိတော့ဘူး။ ဒီမှာပဲဆက်နေရမယ်ဆိုရင်လည်း ဘာလုပ်ရမလဲဆိုတာ စိတ်အရမ်းပင်ပန်းတယ်” လို့ သူမက ပြောပါတယ်။

ဒီလိုအခက်အခဲတွေကို ကရင်နီကိုရောက်နေတဲ့ ရှမ်းတောင်က စစ်ရှောင်အများစုက ရင်ဆိုင်နေကြရ တာပါ။ အသက် (၅၃ )နှစ်အရွယ် ဒေါ်မြာမိုတို့မိသားစု အပါအဝင်ဒီအခက်အခဲတွေကို ဒေါ်ထျိုးမြာတို့ မိသားစုလိုပဲ ကြုံတွေ့ရပါတယ်။

ဒေါ်မြာမိုကတော့ အောင်ပန်းမြို့နယ်၊ ဆောင်လန်တောင်ရွာကပါ။ သူမတို့အိမ်က ကျန်နေသေးတယ်ဆိုပေမဲ့ လက်နက်ကြီးတွေကြောင့် အကောင်းပကတိအတိုင်း ရှိမနေတော့ပါဘူး။ သူမတို့ အိမ်တွင်း ပစ္စည်းအပါအဝင် လယ်ယာသုံးစက်ကိရိယာတွေလည်း မရှိတော့ဘူးလို့ တဆင့်စကားကနေ ကြားသိရပါတယ်။

“ အားလုံးပေါင်းမယ်ဆိုရင် ကျပ်သိန်း လေးရာ၊ ငါးရာ ရှိမှာပဲလေ။ ဒါတောင် အိမ်မပါသေးဘူးပေါ့” ဒေါ်မြာမိုတို့မိသားစု ဆုံးရှုံးခဲ့ရတဲ့ပစ္စည်း တန်ဖိုးကိုပြောပြပါတယ်။

လက်ရှိဒေါ်ထျိုးမြာနဲ့ ဒေါ်မြာမိုတို့ စစ်ရှောင်နေတဲ့ နေရာမှာလည်း ဝင်ငွေရမယ့်အလုပ်အကိုင်တွေ မရှိတာကြောင့်လည်း နေ့စဉ်ဝမ်းရေးအတွက် ကြိုတင်ပူပန်နေရပါတယ်။

“အလှူရှင်ပေးတဲ့ ဆန်တွေကုန်သွားရင် ကျမတို့ ဘယ်မှာသွားယူစားရမလဲ” လို့ ဒေါ်ထျိုးမြာတယောက် အဖြေမရှိတဲ့ မေးခွန်းကို စာရေးသူကို မေးနေသယောင်နဲ့ ပြောပါတယ်။

ဒေါ်မြာမိုကတော့ “ မနက်ဖြန်တဘက်ခါ ငါတို့ ငတ်ပြီးသေမလား၊ ငါတို့သားသမီးကို ဘာနဲ့ကျွေးမွေးရမလဲ အဲလိုတွေးမိရင် စိတ်အားငယ်တာပေါ့” လို့ ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်စား သောက်ကြတာကြောင့် ဝမ်းစာအတွက် ပူပင်စရာမရှိခဲ့ကြတဲ့ ဒေါ်ထျိုးမြာနဲ့ ဒေါ်မြာမို တို့နှစ်ယောက်ဟာ အခုလို စစ်ရှောင်ဘဝမှာ စားရေးသောက်ရေးကျပ်တည်းလာတဲ့အတွက် တနေ့ကို တမင်းတနပ်လျှော့စားကြပါတယ်။

“ဟင်းကတော့ ပြောမနေတော့နဲ့ ။ ဟင်းသီးဟင်းရွက်တွေရှာစားတယ်။ ဒီဖက်မှာလာနေတာ စားလို့ရတဲ့ အရွက်မှန်သမျှ အကုန်ခူးစားတာပဲ” လို့ ဒေါ်ထျိုးမြာက ပြောပါတယ်။

စိုက်ပျိုးရာသီဖြစ်တဲ့အခုလိုကာလမှာ မိမိတို့ စစ်ဘေးမရှောင်ခဲ့ရရင် အခုလောက်ဆို အလုပ်ဘယ်လောက်များနေပြီလဲလို့ ဒေါ်ထျိုးမြာနဲ့ ဒေါ်မြာမို တို့နှစ်ယောက် ပြောဆိုကြပါတယ်။

စစ်ရှောင်တဲမှာ ထိုင်နေတဲ့ ဒေါ်ထျိုးမြာကို တွေ့ရစဉ်။

ဘယ်လိုပဲခက်ခဲပါစေ ဒီတော်လှန်ရေးမှာ အမြန်ဆုံးအပြီးသတ်နိုင်မှ အရင်လိုဘဝမျိုးပြန်ရနိုင်မှာ ဖြစ်တဲ့အတွက် ဘာမှမရှိတော့သည့်တိုင် ဒီအခက်အခဲကိုတော့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ မော်မြာမိုက အခုလိုပြောဆိုသွားပါတယ်။

“ဘယ်နေရာမှာပဲကြည့်ကြည့် တောတောင်ထဲမှာ အဒေါ်တို့လို စစ်ရှောင်တွေပဲတွေ့ရတယ်။ အဲတော့ အခက်အခဲက အဒေါ်တို့ပဲရှိတာမဟုတ်ဘူး။ အားလုံးက ခက်ခဲကြတယ်။ ကိုယ်ဖက်ကပြန်ကြည့်မယ် ဆိုရင်လည်း စိတ်အားငယ်စရာတွေအများကြီးပဲ။ တဖက်မှာလည်း တိုင်းပြည်အေးချမ်းတိုးတက်ဖို့ ရေရှည်တိုင်းပြည်အတွက်ကြည့်မယ်ဆိုရင် ခွန်အားအပြည့်ရှိတယ်”လို့ ဒေါ်မြာမိုက ပြောပါတယ်။

spot_img

Recent posts