CJ / ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာရှိတဲ့ လွိုင်ကော်မြို့ဟာ အရင်ကဆိုရင် တိတ်ဆိတ်အေးချမ်းပြီး သဘာဝအလှတရားတွေနဲ့ ပြည့်စုံတဲ့မြို့တစ်မြို့ပါ။ ဒါပေမဲ့ ခုချိန်မှာတော့ စစ်ပွဲတွေရဲ့ဒဏ်အပြင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေရဲ့ ဒဏ်၊ သူခိုး၊ သူဝှက်တွေရဲ့ ဒဏ်ကို အပြင်းအထန် ခံစားနေရပြီး မြို့သူမြို့သားတွေရဲ့ ဘဝဟာလည်း ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ဘေးရဲ့ ရိုက်ခတ်မှုများ
လွိုင်ကော်မြို့ဟာ တိုက်ပွဲတွေကြောင့် အထူးသဖြင့် ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။ မြို့တွင်းတိုက်ပွဲတွေ အကြီးအကျယ် မဖြစ်တော့ဘူးလို့ ဆိုပေမဲ့ ပစ်ခတ်သံတွေကတော့ ဆက်ပြီးကြားနေရတုန်းပါပဲ။ အဲဒီအသံတွေဟာ မြို့ခံလူထုအတွက် စိတ်အေးချမ်းခွင့်မရဘဲ အမြဲလိုလို ထိတ်လန့်စရာ အခြေအနေတစ်ခုပါ။
ဒါ့အပြင် စစ်ပွဲလက်ကျန်ပစ္စည်းတွေ၊ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ကလည်း ဆက်လက်ရှိနေပြီး စစ်ကောင်စီဘက်က မိုင်းရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဆိုပေမဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာတွေ၊ အသက်ဆုံးရှုံးတာတွေ ဆက်ဖြစ်နေဆဲပါပဲ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ပေါက်ကွဲမယ်မှန်းမသိတဲ့ မိုင်းအန္တရာယ်က ဒေသခံတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။

လူမှုရေးပြဿနာတွေနဲ့ စီးပွားရေးကျပ်တည်းမှု
စစ်ဘေးဒဏ်ကြောင့်အပြင် စီးပွားရေးကြပ်တည်းမှု၊ နဲ့ တရားဥပဒေစိုးမိုးမှု မရှိတာတွေကြောင့် လွိုင်ကော်မှာ ခိုးမှုတွေ သိသိသာသာ များပြားလာပါတယ်။ စားဝတ်နေရေး အခက်အခဲတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေကလည်း လူမှုရေးပြဿနာတွေကို ပိုမိုဆိုးရွားစေပါတယ်။
အထူးသဖြင့် လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ များလာတာကို တွေ့ရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းမရှိတဲ့အခါမှာ ဘဝကို အလွယ်တကူ လောင်းကစားနဲ့ ရင်ဆိုင်ကြရာကနေ အွန်လိုင်း(Online) လောင်းကစားတွေ ဆော့ရင်း ဘဝပျက်နေသူတွေလည်း မနည်းပါဘူး။
လွိုင်ကော်မြို့မှာ မာရှယ်လော (စစ်အုပ်ချုပ်ရေး) လည်း ရှိနေဆဲဖြစ်ပြီး ညမထွက်ရအမိန့်တွေ၊ စစ်ဆေးမှုတွေက မြို့သူမြို့သားတွေရဲ့ လွတ်လပ်မှုကို ကန့်သတ်ထားပါတယ်။ ယူနီဖောင်းဝတ်စုံတွေကို မြင်တိုင်း ထိတ်လန့်နေရတယ်ဆိုတဲ့ ခံစားချက်က ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိသေးတာကို ပြသနေပါတယ်။
စီးပွားရေးအပိုင်းမှာဆိုရင်လည်း မြို့က အရင်ကလို မဟုတ်တော့ဘဲ အခြေအနေ ဆိုးရွားနေပါတယ်။ ဘဏ်တွေ မဖွင့်တာကြောင့် ငွေကြေးလည်ပတ်မှုမှာ အခက်အခဲတွေ ရှိနေပြီး ပြည်သူတွေ ငွေကြေးသုံးစွဲဖို့၊ လွှဲပြောင်းဖို့ စတာတွေမှာ ဒုက္ခရောက်နေရပါတယ်။
မြို့ပြင်ပက ဧည့်သည်တွေ မလာတော့တဲ့အတွက် ခရီးသွားလုပ်ငန်း ရပ်ဆိုင်းနေသလို ထုတ်ကုန်တွေလည်း နည်းပါးလာတာကြောင့် စီးပွားရေးဟာ တစထက်တစ ပိုမိုကျပ်တည်းလာနေပါတယ်။

ရှေ့ဆက်ရမယ့် လွိုင်ကော်
လွိုင်ကော်မြို့ရဲ့ အနာဂတ်ဟာ မရေရာပေမဲ့ မြို့သူမြို့သားတွေကတော့ မျှော်လင့်ချက် ရောင်ခြည်လေးကို ရှာဖွေရင်း ရုန်းကန်နေကြရပါတယ်။ ဘဝတွေ ပုံမှန်ပြန်ဖြစ်ဖို့၊ စစ်ဘေးဒဏ်ကနေ အမြန်ဆုံး လွတ်မြောက်ဖို့၊ စီးပွားရေးတွေ ပြန်လည်ဦးမော့လာဖို့ဆိုတာ အားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီးမှသာ ဖြစ်လာနိုင်မှာပါ။ လွိုင်ကော်မြို့ရဲ့ အလှအပတွေ ပြန်လည်ပွင့်လန်းလာပြီး ငြိမ်းချမ်းတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။