မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း (မ်)
လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က အွန်လိုင်းကနေ ဦးသိန်းဇော်ဆီကို ဖုန်းခေါ်ဆိုမှုတခု ဝင်လာပါတယ်။ အဲဒီဖုန်းပြောဆိုမှုက နောက်ဆုံးအကြိမ် ဖြစ်လာမယ်မှန်းလည်း သူမသိခဲ့ဘူးလေ။
“အဖိုးရေ။ မြေးလေးပြန်လာမယ်နော။ အဖိုးနေကောင်းအောင်နေနော်။ မြေးလေး အဖိုးကိုသတိရတယ်တဲ့။ နောက်ပိုင်းတော့ ဘာမှမသိတော့ဘူး” လို့ တိမ်ဝင်နေတဲ့အသံ နဲ့ ဦးသိန်းဇော်က စာရေးသူ ကျမကို ပြောပြတယ်။
မိုးရာသီဆိုပေမဲ့ အဲဒီနေ့က နေသာနေခဲ့ပါတယ်။ ဇူလိုင်လ ထဲက တရက်ရက်ပေါ့။
ဖားဆောင်းမြို့တွင်း စစ်ကောင်စီအခြေစိုက် ခလရ ၁၃၄ တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး တပတ်အကြာမှာ ဦးသိန်းဇော်ရဲ့ နေအိမ်အသစ်ဆီကို ကျမရောက်သွားတဲ့နေ့ပါ။
အမှန်တိုင်းဝန်ခံရရင် ဦးသိန်းဇော်ရဲ့လက်ရှိ အိမ်အသစ်က သိပ်မခန့်ညားလှပါဘူး။ ဝါးသဲပြားနဲ့ မသပ်မရပ်ဆောက်ထားတဲ့ သူ့အိမ်ကလေးက ဝါးပိုးမှုန်တွေ အဝတ်ပုံတွေအပေါ် ကျနေပြီ။ အိမ်ကိုမိုးထားတဲ့ အပြာရောင်မိုးကာတွေကလည်း အပြာရဲရဲတောင် မသန်းတော့ပါဘူး။
ကျမရောက်သွားတဲ့နေ့က အသားခပ်ဖြူဖြူနဲ့ ကောက်လိမ်နေတဲ့ ဆံသားအမည်းရောင်ရှိတဲ့ ဦးသိန်းဇော်က အပြာရောင်တီရှပ်၊ အညိုရောင် ပုဆိုးကို ဝတ်ဆင်ထားတယ်။
ဝါးခြမ်းနဲ့ရိုက်ထားတဲ့ လှေကားပေါ်မှာ တယောက်တည်း မှိုင်တိုင်တိုင်ထိုင်ပြီး ကလေးတွေဆော့နေတာကို သူငေးကြည့်နေတယ်။
“ဒီအချိန် ငါ့မြေးလေး KG တက်တဲ့အရွယ်။ ကျောင်းရော တက်ရရဲ့လား။ အေးရောအေးချမ်းရဲ့လား”
သူ့စကားသံတွေနောက်က မှုန်ဝါးဝါးသာမြင်ရတော့တဲ့ သူ့ရဲ့ဘယ်ဖက် မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ပြည့်လျှံနေပါတယ်။
သူနေထိုင်နေတဲ့ ရပ်ကွက်ငယ်လေးရဲ့ အမည်ကိုတော့ မပြောပြတော့ပါဘူး။ စစ်တပ်ရဲ့ လေယာဥ်တွေဆီက ကျလာမယ့် ပြင်းအားကြီး ‘ဗုံးတွေရဲ့ အသံ’ကို နားစွင့်ထားဖို့လိုပါတယ်။
ဦးသိန်းဇော်ရဲ့ ညာဖက် မျက်လုံးက ဒီရပ်ကွက်အသစ်ထဲကိုရောက်ပြီး လပိုင်းအကြာမှာပဲ တိမ်စွဲပြီး ကွယ်သွားခဲ့ပါတယ်။

သူ့ရဲ့ ကိုယ်ဝန်သည်သမီး နဲ့အတူ မြေးဖြစ်သူ ယွန်းယွန်း က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာစတဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲကြောင့် ပြည်နယ်ပြင်ပကို တိမ်းရှောင်သွားခဲ့ကြတာပါ။ သူ့ရဲ့ သားကြီးလည်း နောက်ထပ် ပြည်နယ်ပြင်ပ တနေရာကို ရောက်သွားခဲ့တယ်။
ဦးသိန်းဇော်နဲ့ ကျန်တဲ့ သားငယ်နှစ်ယောက်ကတော့ တခြားဖားဆောင်းမြို့ခံ ၂၀၀ ကျော်နဲ့အတူ ဖားဆောင်းမြို့ပေါ် ဘုန်းကြီးကျောင်းမှာ ခိုလှုံမယ့်အတွေးနဲ့ ရက်အတန်ကြာ ပိတ်မိနေခဲ့ကြတယ်။
အဲဒီမှာပဲ မြေးဖြစ်သူ ‘ယွန်းယွန်း’ နဲ့ တကြိမ် ဖုန်းပြောဖြစ်ခဲ့ကြတာလို့ပြောပါတယ်။ ရက်စွဲကိုတော့ သူမမှတ်မိတော့ပါဘူး။
တလခန့်ကြာတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကယ်ဆယ်မှုကြောင့် ဦးသိန်းဇော်တို့အားလုံး ကုန်းတတန် ရေတတန် ခရီးနဲ့ ဘေးလွတ်ရာကို ၂၀၂၅ ရဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့ မိုဘိုင်းဖုန်းတွေတော့ ‘လုံခြုံရေးအရ’ ဆိုတဲ့ခေါင်းစဉ်နဲ့ လက်နက်ကိုင်အစုအဖွဲ့တွေက သိမ်းလိုက်ပါတယ်။
အခု ဦးသိမ်းဇော်နေတဲ့ ရပ်ကွက်အသစ်မှာ ည ၈ နာရီထိုးပြီဆိုတာနဲ့ ဖယောင်းတိုင်မီးတောင် ထွန်းခွင့်မရှိတော့ပါ။
“ဦးလေး ယွန်းယွန်း ကိုဘယ်လောက်လွမ်းလဲ”လို့ ကျမကမေးလိုက်တော့ …
မဆိုင်းမတွပဲ ဦးသိန်းဇော်က “အာ လွမ်းတာပေါ့။ သားသမီးအချစ်။ မြေးအနှစ်တဲ့။ မြေးတွေက လူမမယ်လေးတွေ။ သားသမီးတွေက ကိုယ့်ကို လျှောက်လှမ်းနိုင်ပြီ” လို့ ပြန်ပြောပါတယ်။
သူ့နဲ့ တနှစ်ကျော်ကြာ အဆက်အသွယ်ပြတ်သွားတဲ့ ငါး နှစ်သမီး ‘ယွန်းယွန်း’ နဲ့ စကားအများကြီး ပြောချင်နေပုံပါပဲ။
ဦးသိန်းဇော်တို့ ရပ်ကွက်အဝင် နားနေဆောင်က ကျောက်သင်ပုန်းမှာ ရေးထားတာကို ကြည့်လိုက်တော့ အဲဒီမှာ လူဦးရေ ၁,၀၀၀ ကျော်တဲ့။ အဲဒီထဲက ၃၀၀ ကျော်ကတော့ ၁၈ နှစ်အောက်ကလေးငယ်တွေဖြစ်ကြတယ်။
ဒီရပ်ကွက်ထဲမှာတော့ တဲအိမ်ကလေးတိုင်းက ဝါးသဲပြားနဲ့ပဲ အခင်းခင်း၊ အကာရိုက်ထားကြပါတယ်။ စစ်စိမ်းရောင် မိုးကာကြီးတွေ၊ ဖက်ရွက်တွေနဲ့ အမိုးမိုးထားကြတယ်။ အမိုးတွေက သပ်သပ်ရပ်ရပ်တော့ သိပ်မရှိကြပါဘူး။
တဲ အိမ်တလုံးနဲ့ တလုံးကြားမှာတော့ လူတယောက်သွားစာ လမ်းချန်ထားပေမဲ့ တယောက်ကပြောတဲ့စကားကို အရပ်လေးမျက်နှာက မိသားစုဝင်တွေကပါ ကြားရလောက်တယ်။

မိုးပေါက်တွေကြောင့် တဗြိုက်ဗြိုက်ထလာတဲ့ ရွံ့ဗွက်တွေကလည်း ရပ်ကွက်ရဲ့ဘေးပတ်ပတ်လည်မှာ ဝိုင်းလို့။
“ဒီလိုမျိုးဗွက်တွေ မဆော့ဘူးသူက။ ဖိနပ်လေးတွေ နည်းနည်းပေတာနဲ့ အုတ်ကန်နားသွား။ သူ့သူ ဖိနပ်လည်းတိုက်။ သူ့ခြေတောက်တိုက်။ သူက အသန့်အပြန့်တအားကြိုက်တာ” လို့ ငါးနှစ် သမီး ယွန်းယွန်းရဲ့ အသန့်ကြိုက်ပုံကို ပြောပါတယ်။ မြေးဖြစ်သူ ယွန်းယွန်းရဲ့ ပုံရိပ်တွေက သူ့မျက်ဝန်းစမှာ လွမ်းမိုးထားဆဲပဲ။
ကရင်နီမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ဦးသိန်းဇော်တို့ ရပ်ကွက်က ကလေးတွေလည်း ကျောင်းပိတ်ထားရတယ်။
ကလေးတွေကလည်း တဲအိမ်လမ်းကြားတွေထဲ အုံ့အုံ့ညံညံ ပြေးလွှားဆော့ကစားနေကြတော့တာပေါ့။ သူတို့ရဲ့ရယ်သံ စူးစူး တွေကြောင့်လည်း ရပ်ကွက်အပေါ်မှာဖုံးနေတဲ့ အပင်ပေါ်က ငှက်လေးတွေရဲ့ အသံကိုကြားရဖို့တောင် အနိုင်နိုင်။
ငှက်ကလေးတွေ အသံက နားဝင်ချိုပြီး ကျမရဲ့ စိတ်ကိုခနတာ ကြည်လင်စေသလိုခံစားရတယ်။ ရပ်ကွက်ထဲကလူကြီးတွေကတော့ အထီးကျန်နေကြပုံပါပဲ။ အမျိုးသားကြီး တွေက ဝရံတာမှာ ပက်လက်အိပ်သူ ကအိပ်ပြီး ငုတ်တုတ်ထိုင်တဲ့သူက ထိုင်နေကြတယ်။ အမျိုးသမီးတွေကလည်း သူ့အုပ်စုနဲ့သူ တီးတိုး စကားထိုင်ပြောနေကြတယ်။ သူတို့က ရပ်ကွက်အပြင်ထွက်ခွင့် မရှိကြပါဘူး။
သူတို့အားလုံးက ကျမကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေကြတယ်။ ရပ်ကွက်ထဲ သူစိမ်းတွေအဝင်အထွက် သိပ်မရှိတော့ ကျမက သူတို့အတွက် ထူးခြားနေမှာပါ။ သူတို့တွေရဲ့ မျက်နှာမှာလည်း အပြုံးတွေကိုမမြင်ရပါဘူး။
ဦးသိန်းဇော်ရဲ့ ဘေး နှစ်အိမ်ကျော်မှာ နေတဲ့ အဘွားတယောက်ကတော့ သူတို့ကယ်ထုတ်ခံရစဥ်တုန်းက သူကြားရတဲ့ စစ်တပ်ရဲ့ ဗုံးသံ၊လေယာဥ်သံ ရဲ့ကြောက်စရာကောင်းပုံကို မနေ့တနေ့က အဖြစ်အပျက်အတိုင်း တတွတ်တွတ်ပြောပြီး လက်ကလည်း ဝရံတာတိုင်ကို ကျစ်ကျစ်ပါကိုင်ထားတယ်။ ဘေးနားက မြေးဖြစ်သူ ကလေးကတော့ မုန့်စားချင်တယ် တကဲကဲနဲ့ သူ့အဖွားကို လာ,လာပူဆာနေပါတယ်။
ဖားဆောင်းမြို့ပေါ် စစ်သလင်းဖြစ်မသွားခင် အချိန် မြို့အတွင်းနေထိုင်ခဲ့တဲ့ နောက်ဆုံး မနက်ခင်းမှာ ချစ်ရတဲ့ ယွန်းယွန်း အတွက် မုန့်ဟင်းခါး ပူပူနွေးနွေးတပွဲကို ကျွတ်ကျွတ်အိတ်နဲ့ သွားဝယ်လာပေးခဲ့တာကိုလည်း ဦးသိန်းဇော် ပြောပြတယ်။
ဒါပေမဲ့ ဆို့နင့်နေတဲ့ သူ့ရဲ့အသံက တုန်ရီရီ ဖြစ်နေတယ်။
“သူများကလေးတွေ ပြေးလွှားနေရင် အော် ငါ့မြေးလေး ပြေးလွှားနေတာပဲ။ သူများတွေ မိန်းကလေးဆို သူများဆံပင်ဖြီး၊ အဝတ်အစားလှလှလေးတွေ ဝတ်ရင် အိုး ငါ့မြေးလေး အလှကြိုက်တယ်။ သူတို့နဲ့တူလိုက်တာ။ အဲလိုမျိုးတွေ ဒီလိုပဲ အစားထိုးကြည့်ပြီး ဖြေရတာပေါ့” လို့ ဦးသိန်းဇော်က ပြောပါတယ်။

ရှေ့သွားကကျိုး၊ အသားကဖြူ စကားပြောသွက်ပြီး အလှကြိုက်တတ်တဲ့ ငါး နှစ်သမီး ယွန်းယွန်းလည်း ရောက်တဲ့ အရပ်မှာ အဆင်ပြေဖို့ သူညတိုင်း ဆုတောင်းဖြစ်တယ်လို့ပြောပြတယ်။
သူအခုနေထိုင်နေတဲ့ ရပ်ကွက်က စားစရာ ဆန်အတွက်မပူရပါဘူး။ ရပ်ကွက်ဘေးက ယာခင်းသေးသေးလေး ထဲမှာတော့ ဟင်းစားအတွက် အသီးအနှံစိုက်ထားကြတယ်။ မိုးရာသီဆိုတော့ မျှစ်ကို ဆီစိုရုံမျှ ကြော်ပြီးထမင်း မြိန်အောင် ကြိုးစား, စားသောက်ကြတာပေါ့။
အသား၊ ငါးဝယ်စားဖို့က ပိုက်ဆံချေးမှရပါမယ်။ နေ့စားအလုပ်ရှိရင်တော့ ဝင်ငွေနည်းနည်းရလာပြီး အသားတွေ ဝယ်စားဖြစ်ကြတယ်လို့ပြောပါတယ်။
ငရုတ်သီးထောင်းဟင်းနဲ့ ထမင်းလုံးတွေကို အတင်းမျိုချရပါစေ။ ဦးသိန်းဇော် စားကိုစားပါတယ်။
“ငါကျန်းမာနေရမယ်။ ငါအသက်ရှင်နေရမယ်။ ငါကျန်းမာနေရင် ငါအသက်ရှင်နေရင် တနေ့ ငါ့မိသားစုနဲ့ ငါပြန်တွေ့ရမယ်” ဆိုတဲ့ အသိက ဦးသိန်းဇော် ဦးနှောက်ထဲအပြည့်။
စစ်ကြီးပြီးသွားလို့ မိသားစုတွေပြန်ဆုံမယ့် နေ့ကိုမျှော်လင့်ရင်း ချစ်ရတဲ့ မြေးမလေးယွန်းယွန်းတယောက် အဖိုးဖြစ်တဲ့ သူကို မှတ်မိနိုင်ဖို့ကလည်း ဦးသိန်းဇော်မျှော်လင့်နေပါတယ်။
မျှော်လင့်ချက်နဲ့ ရှင်သန်နေတဲ့ ဦးသိန်းဇော်က ကရင်နီပြည်ထဲ စစ်ဘေးဒုက္ခခံနေရတဲ့ မိသားစုသောင်းပေါင်းများစွာထဲက တယောက်အပါအဝင်ဖြစ်ပါတယ်။