ဘလက်ဇင်း / ကန္တာရဝတီတိုင်း ( မ် )
ဝါးထရံတွေနဲ့ ဆောက်ထားတဲ့ တဲအိမ်လေးရဲ့ ထောင့်တနေရာမှာ အသက် ၄၀ ကျော်အရွယ် နာယူဖော တယောက်၊ တိတ်ဆိတ်လှတဲ့ ညနေခင်းအချိန်မှာ သူမရဲ့လက်က ရက်ထည်အင်္ကျီ ရက်လုပ်နေပါတယ်။
“အလုပ်ကတော့ ဒါပေါ့ ( အင်္ကျီရက်လုပ်တာ) ဒါက တထည် ၇၀၀ (ဘတ်)” လို့ လုပ်လက်စ ကရင်အင်္ကျီတထည်ကို ညွှန်ပြရင်း ကရင်ဘာသာစကားနဲ့ နာယူဖောက ပြောပါတယ်။
အခုရက်လုပ်နေတဲ့ အမျိုးသမီးဝတ် ခရမ်းရောင် ကရင်ဂါဝန်ရှည်တထည်အပြီးသပ်လိုက်ရင်တော့ ဝမ်းရေးဖြေရှင်းဖို့အတွက် ရောင်းချရတော့မှာပါ။ ဒီလိုရိုးရှင်းပြီး လှပတဲ့ ကရင်အင်္ကျီတထည် ဖြစ်မြောက်လာဖို့ ၂ရက်ခန့် အချိန်ယူရပြီး ဈေးနှုန်းက ၇၀၀ ( ထိုင်းဘတ်ငွေ ) ရှိပါတယ်။
အင်္ကျီရက်လုပ်တာကတော့ သူမရဲ့ နေ့စဉ်အလုပ်တခုဖြစ်ပြီး ဝယ်သူအမှာရှိရင်တော့ တလကို ၆ ထည် အထိ ရက်ပေးရသလို အမှာမရှိရင်တော့ သားသမီးတွေ ဝတ်ဖို့ ရက်ပေးတယ်လို့ ပြောပါတယ်။ သူမတို့မိသားစုအတွက် ရက်ကန်းရက်တဲ့လုပ်ငန်းက အဓိက ဝင်ငွေရလမ်းဖြစ်ပါတယ်။
သူမတို့နေထိုင်တဲ့ ဒုက္ခသည်စခန်းမှာတော့ အရင်လို စားနပ်ရိက္ခာထောက်ပံ့မှု အပြည့်အဝ မရတော့ပါဘူး။ ဒါ့ကြောင့်လည်း အင်္ကျီရက်လုပ်တာကနေ မိသားစုအတွက် ဆန်တပုံး၊ ဆီ တလီတာ ဝယ်ယူနိုင်ဖို့ကို မျှော်လင့်နေပါတယ်။
၂၀၂၅ ခုနှစ် ဧပြီလကစလို့ ဒုက္ခသည်စခန်းမှာ ပုံမှန်ရရှိနေတဲ့ စားနပ်ရိက္ခာအကူအညီတွေဟာ တဖြည်းဖြည်း လျော့နည်းလာခဲ့တာပါ။ ထိုင်း – မြန်မာ နယ်စပ်တလျှောက်မှာ ယာယီခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်စခန်း ၉ ခုက လူထုတွေကို စားနပ်ရိက္ခာဖြန့်ဝေနေတဲ့ TBC (the border consortium) ရဲ့ ရန်ပုံငွေ အခက်အခဲတွေကြောင့် ရိက္ခာထောက်ပံ့မှုတွေဟာ ပုံမှန်မဖြစ်တော့ပါဘူး။

ရိက္ခာမလျော့ချခင်မှာ ၄ နှစ်အောက် ကလေးငယ်တဦးကို တလမှာ ထိုင်း ဘတ် ၁၈၀ ကနေ ဘတ် ၂၈၀ ဝန်းကျင်ရရှိပြီး၊ လက်ရှိမှာတော့ ဘတ် ၄၀ ကျော်သာ ရရှိပါတယ်။ ၅နှစ်နဲ့ အထက်ကတော့ ယခင်က ဘတ် ၄၀၀ ကျော်အထိ ရရှိပေမဲ့ လက်ရှိမှာတော့ ၈၇ ဘတ်သာ ရရှိတော့တာပါ။
ဒီလိုလျော့နည်းလာတဲ့ ထောက်ပံ့မှုတွေကြောင့် ဝင်ငွေရအလုပ်အကိုင်မရှိတဲ့ ဒုက္ခသည်စခန်းနေလူထုတွေအဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒီလိုအခက်အခဲတွေကို ကရင်နီဒုက္ခသည်စခန်း – ၂ ( ဘန့်မယ်စူရင်း ) မှာ နေထိုင်လာတာ ၁၅နှစ်ကျော်ရှိပြီဖြစ်တဲ့ နာယူဖောလည်း ရင်ဆိုင်နေရပါပြီ။
တလကို လူတဦးအတွက် ၈၇ ဘတ်သာ ရရှိတော့တာကြောင့် နေ့စဉ်ဝမ်းရေးအတွက် တာဝန်ယူချက်ပြုတ်ပေးနေရတဲ့ အိမ်ထောင်ရှင်တွေအတွက် ချွေတာရေးစနစ်ကို ကျင့်သုံးရပါတော့တယ်။
မီးဖိုချောင်အသုံးစရိတ် သက်သာအောင်နဲ့ အပိုဝင်ငွေရရှိအောင် ခေါက်ဆွဲကြော် ရောင်းပြီး စုဆောင်းနေရတယ်လို့ အသက် ၂၇ နှစ်အရွယ် အိမ်ထောင်ရှင်အမျိုးသမီး မူကပေါ်စေး က ပြောပါတယ်။
“အရင်ကဆိုရင် မိသားစုဝင်တယောက်ကို ဘတ် ၃၀၀ ကျော်ရတယ်။ ဆန်၊ ဆီ ၊ ဆား ၊ ငရုတ်သီး၊ အာလူး အဲ့လို တလစာဖူလုံမှုရှိတယ်။ အခုက ဆန်တမျိုးတည်းတောင်မှ လုံလောက်မှုမရှိတော့ဘူး။” လို့ သူက ပြောပါတယ်။
သူမမှာတော့ မိသားစုဝင် ၇ ဦးရှိပြီး တနေ့ကို မနက်တကြိမ် ၊ ည တကြိမ် ထမင်းချက်ဖို့အတွက် ဆန် ၁၂ ဘူး ကုန်ပါတယ်။ ၈၇ ဘတ်သာ ရရှိတော့တဲ့ ထောက်ပံ့မှုက မိသားစုရဲ့ စားဝတ်နေရေးအတွက် လုံလောက်မှုမရှိတော့ဘူးလို့ မူကပေါ်စေးက ဖွင့်ဟပြောပါတယ်။
ကရင်နီဒုက္ခသည်စခန်း – အမှတ် ၂ (ဘန့်မယ်စူရင်း) မှာ အိမ်ခြေ ၅၀၀ ကျော် ၊ လူဦးရေ ၃၁၉၆ ဦးရှိပါတယ်။

တပိုင်တနိုင် လုပ်ငန်းအနေနဲ့ စခန်းနေ လူထုတချို့ကတော့ ယခင်က ဒုက္ခသည်စခန်းကနေ UN အစီအစဉ်နဲ့ တတိယနိုင်ငံလို့ခေါ်တဲ့ အမေရိကန်၊ ဩစတေးလျ ၊ ကနေဒါ စတဲ့ နိုင်ငံတွေကို ကူးပြောင်းသွားကြသူတချို့ရဲ့ လိုအပ်တဲ့ အမှာတွေကို ပြန်လည်ပေးပို့ ရောင်းချတာလည်း ရှိပါတယ်။
ဒါ့အပြင် စခန်းအတွင်းရောင်းချနိုင်တဲ့ အစားအစားတွေဖြစ်ကြတဲ့ မျှစ်ခြောက် ၊ ကုန်ခြောက် ၊ ဆေးရွက်ကြီး ၊ ကွမ်းသီး အပြင် ရိုးရာအဝတ်အစားတွေက ရောင်းရတာကြောင့် ဝင်ငွေရသူလည်း ရှိနေပါတယ်။
ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ နောက်ထပ်အမျိုးသမီးဖြစ်သူ ဒေါ်နဲမြာကတော့ မိသားစုဝင် ၁၁ ယောက်ရှိပြီး လူဦးရေများတာကြောင့် အသုံးစရိတ်တွေကို ချွေတာသုံးစွဲနေရပါတယ်။ ဝင်ငွေမရှိတဲ့ ဒေါ်နဲမြာအဖို့ စားသောက်ရေးအပြင် တခြားကုန်ကျစရိတ်တွေကို ချင့်ချိန်ရတယ်လို့ ပြောပါတယ်။
ဒေါ်နဲမြာမှာ ပိုင်ဆိုင်ထားတာဆိုလို့ ဟင်းစားအဖြစ် မွေးမြူထားတဲ့ ကြက် ၁၅ ကောင်သာ ရှိပါတယ်။ လက်ရှိမှာတော့ ယခင်က စုဆောင်းထားတဲ့ငွေကြေးကို သုံးစွဲတာ၊ အစားအသောက်တွေ လျှော့စားတာတွေရှိတယ်လို့ ပြောပါတယ်။
“အရင်က ရှိပြီးသားဟာ ထုခွဲရောင်းချပြီးစားတာရှိတယ်။ လျှော့စားတာရှိတယ်။ ဒီထက် ပိုအခြေအနေ၊ ပိုဖြတ်လာမယ်ဆိုရင် မြန်မာပြည်ပြန်မယ်လို့ စဉ်းစားထားတယ်။” လို့ ဒေါ်နဲမယ်က ပြောပါတယ်။
ကိုယ့်မြေ၊ ကိုယ့်ရေမှာ အနည်းဆုံးတော့ တောင်ယာလုပ်ကိုင်စားသောက်လို့ရတဲ့ မြေရှိတာကြောင့်လည်း စစ်ဖြစ်ပွားနေဆဲ ဒေသဖြစ်တဲ့ ကရင်နီပြည်ကို ပြန်ဖို့ ဒေါ်နဲမယ်က ဆုံးဖြတ်ထားပါတယ်။
ဒါပေမဲ့ ဒါက ရေရှည်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတခုတော့ မဟုတ်ပါဘူး။ ကရင်နီဒုက္ခသည်စခန်း -အမှတ် ၂ ရဲ့ အုပ်ချုပ်ရေးကော်မတီကတော့ လက်ရှိ ရင်ဆိုင်နေရတဲ့ ရိက္ခာပြဿနာ ဖြေရှင်းနိုင်ဖို့ နိုင်ငံခြားရောက် ကိုယ့်လူမျိုးစုအသိုင်းအဝိုင်း ၊ ပုဂ္ဂိလအလှူရှင်အဖွဲ့အစည်းတွေနဲ့ ကိုယ်ထူကိုယ်ထ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
TBC ရဲ့ ရိက္ခာလျှော့ချမှုက ဧပြီလကနေ ဇူလိုင်လကုန်ထိ ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ပုံမှန်အခြေအနေတိုင်း ရိက္ခာပြန်ရရှိ၊ မရှိ ကိုလည်း အာမခံချက်မပေးနိုင်သေးပါဘူး။ ဒီကြားကာလမှာတော့ စခန်းနေလူထုတွေက တောင့်ခံနိုင်သေးပေမဲ့ နောက်ပိုင်းကျရင် ပိုခက်ခဲလာနိုင်တယ်လို့ ကရင်နီဒုက္ခသည်စခန်း – အမှတ် ၂ (ဘန့်မယ်စူရင်း) ရဲ့ စခန်းကော်မတီဥက္ကဌ စောထိုလွှီဝါးက ပြောပါတယ်။
“ လက်ရှိ လျှော့ချ ခံနေရတဲ့ ကာလအတွင်း ရှိနှင့်ပြီးသား ပိုက်ဆံနဲ့ အကုန်လုံးဝယ်ထားကြတယ်။ ဘယ်လိုပြောရမလဲ ဒီလ အတွက် အဲ့လောက်ထိ၊ ထိရောက်မှုတော့ မရှိသေးဘူး။ လာမယ့် လဝက်ဆိုရင်တော့ သူတို့ဝယ်ထားတဲ့ ဆန်လည်းကုန်မယ်။ ပိုက်ဆံလည်း သိပ်မရှိတော့ဘူး၊ ဆိုတော့ ဒါကတော့ သူတို့အတွက် အခက်အခဲပိုရှိလာနိုင်သလို ကျနော်တို့ဘက်ကလည်း စခန်းကော်မတီအနေနဲ့ အလှူရှင်တွေလည်း ပိုပြီးတော့ ရှာဖို့လိုမယ်ပေါ့နော်။ private donor တွေလည်း များများရှာနိုင်ရင်တော့ သူတို့အတွက် ကူညီရာလည်းရောက်တယ်၊ ကျနော်တို့အတွက်လည်း အဆင်ပြေတယ်။”လို့ စောထိုလွှီဝါးက ပြောပါတယ်။
ကရင်နီဒုက္ခသည်စခန်း – အမှတ် ၂ ဟာ တောတောင်ထဲမှာ တည်ရှိနေသလို ရေချောင်းလေးတွေက လှည့်ပတ်စီးဆင်းနေတဲ့ ချောင်းဘေးမှာ ရှိနေပါတယ်။ ရေအရင်းအမြစ် ကောင်းတာကြောင့်လည်း နှစ်စဉ် ဆောင်းရာသီကာလမှာ တပိုင်တနိုင် ဟင်းစားအဖြစ် စိုက်ပျိုးကြတာရှိပါတယ်။ ဒုက္ခသည်စခန်းထဲက မိသားစုတချို့အတွက် အဲ့ဒီစိုက်ခင်းလေးတွေက ငွေကြေးမကုန်ကျဘဲ လုပ်အားကိုအသုံးချပြီး စိုက်ပျိုးနိုင်တဲ့ အစားအသောက်အရင်းအမြစ် ဖြစ်လာပါတယ်။
မိသားစုနီးပါးတိုင်းက ချောင်းဘေးမှာ ကိုယ်ပိုင်ခြံတွေ ရှိကြသလို လိုအပ်တဲ့ မျိုးစေ့ကိုလည်း စခန်းကော်မတီလက်အောက်က အသက်မွေးဝမ်းကြောင်းဌာနကနေ ပံ့ပိုးပေးတာရှိပါတယ်။
“ကျနော်တို့ ဒုက္ခသည်တယောက် အနေနဲ့ကြတော့ ထိုင်းအာဏာပိုင်တွေက မိသားစုရဲ့ စီးပွားဖြစ်ကို စိုက်ပျိုးတဲ့ နည်းစနစ်ကို ခွင့်မပြုထားဘူး။ တနိုင်တပိုင် ကိုယ့်ရဲ့ အိမ်တွင်းရေးကို ဖြေရှင်းနိုင်လောက်တဲ့ အထိပဲ သူတို့ခွင့်ပြုထားတယ်။” လို့ စခန်းကော်မတီဥက္ကဌ စောထိုလွှီဝါးက ပြောပါတယ်။
အိမ်ရဲ့ မီးဖိုချောင် အသုံးစရိတ်သက်သာအောင် အများအားဖြင့် သခွားသီး၊ ပဲသီး ၊ ကန်စွန်းရွက် ၊ ခရမ်းသီး ၊ ငရုတ်သီး နဲ့ တခြားသော သီးနှံတွေကို စိုက်ပျိုးကြတာပါ။ ချောင်းဘေးမှာစိုက်ပျိုးကြတာကြောင့် အများအားဖြင့် ဆောင်းရာသီ နဲ့ နွေရာသီမှာ စိုက်ပျိုးလေ့ရှိပါတယ်။
ဒုက္ခသည်စခန်းဖြစ်တာကြောင့် စားဝတ်နေရေးအတွက် အလှူရှင်အဖွဲ့အစည်းရဲ့ အထောက်အပံ့တချို့ ရရှိနေပေမဲ့လည်း နေ့စဉ်ဘဝ၊ ဝမ်းရေးရဲ့ တစိတ်တပိုင်းကို တာဝန်ယူဖြေရှင်းနိုင်ဖို့ဆိုရင်၊ အတည်တကျလုပ်ကိုင်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က မရှိမဖြစ် လိုအပ်နေပါသေးတယ်။ အဲ့ဒီ အခန်းကဏ္ဍကို ဖြည့်ဆည်းနိုင်မှသာ သူတို့ဘဝတွေမှာ စိတ်ချရမှုနဲ့အတူ တကယ့် အနာဂတ်တခုကို မျှော်လင့်လို့ရပါလိမ့်မယ်။

TBC အဖွဲ့အစည်းရဲ့ ရိက္ခာထောက်ပံ့မှုဟာ ရေရှည် ဘယ်လောက် တည်တံ့မလဲဆိုတာ မသိနိုင်သေးပါဘူး။ အဲ့ဒီ အထောက်အပံ့ကို ရယူနေတာလည်း နှစ်ပေါင်း ၃၀ ကျော် ရှိနေပြီဖြစ်တဲ့အတွက် ရိက္ခာလျှော့ချခံရမှုဟာ စခန်းနေလူထုအတွက် ဆန်းစစ်မှုတခုဖြစ်တယ်လို့ စခန်းကော်မတီဥက္ကဌ စောထိုလွှီဝါးက ပြောပါတယ်။
“ဆန်းစစ်မှုကို ကျနော်တို့ စိတ်ငြိမ်ငြိမ်လေးထားပြီးတော့ ကျနော်တို့ရရှိလိုက်တဲ့ပညာကို အခက်အခဲကြားထဲမှာ အကျိုးရှိရှိ အသုံးချပြီးတော့ ဆက်လက်သွားဖို့တော့လိုတယ်လို့ ကျနော့် တို့ စခန်းသူ၊ စခန်းသားတွေကိုတော့ တိုက်တွန်းချင်တယ်။” လို့ စခန်းကော်မတီ ဥက္ကဌ စောထိုလွှီဝါးက ပြောပါတယ်။
စခန်းနေလူထုတွေကတော့ အရင်ကလို လုံလောက်တဲ့ ရိက္ခာထောက်ပံ့မှုကို ပြန်လည်ရရှိဖို့ စိတ်လှုပ်ရှားစွာ မျှော်လင့်နေကြရပါတယ်။ တနေ့တာကို စိတ်ပူပန်မှုမရှိစွာနဲ့ ဖြတ်သန်းနိုင်ဖို့၊ မိသားစုအတွက် တာဝန်ယူနိုင်ဖို့ သူတို့အနေနဲ့ လူသားချင်းစာနာမှုထဲက အကူအညီတစိတ်တပိုင်းကို မျှော်လင့်နေဆဲပါ။ ထိုမျှော်လင့်ချက်ဟာ တကယ်ဖြစ်လာဖို့ နာယူဖော က အခုလို ပြောဆိုလိုက်ပါတယ်။
“အရင်ကလိုမျိုး အပြည့်ပြန်ပေးရင် ပျော်ရွှင်ရတယ်။ ကိုယ့်သားသမီးတွေလည်း ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးနိုင်တာပေါ့။” လို့ နာယူဖော က ပြောပါတယ်။