ကန္တာရဝတီတိုင်း ( မ် )
ထိုင်း – မြန်မာနယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေထိုင်ကြတဲ့ လူထုတွေကို အဓိက စားနပ်ရိက္ခာထောက်ပံ့မှုပေးနေတဲ့ TBC (the border consortium) က ဧပြီလကနေ ဇူလိုင်လအထိ ၄လကြာ ရိက္ခာထောက်ပံ့မှုအစီစဥ်ကို လျှော့ချမယ်လို့ မတ်လ (၃၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ယခင် လူထုတွေကိုထောက်ပံ့နေတဲ့ ရိက္ခာရဲ့ ၈၀ ရာခိုင်နှုန်းကို ဧပြီလ ၁ ရက်နေ့မှာ စတင်လျှော့ချနေတာပါ။ ရိက္ခာမလျှော့ချခင်မှာ ၄ နှစ်အောက် ကလေးငယ်တဦးကို တစ်လလျှင် ဘတ် ၁၈၀ ကနေ ဘတ် ၂၈၀ ဝန်းကျင်ရရှိပြီး လက်ရှိမှာတော့ ဘတ် ၄၀ သာ ရရှိပါတယ်။
၅နှစ်နဲ့ အထက်ကိုတော့ ဘတ်၃၀၀ ကနေ ၄၀၀ ကျော်ရရှိပေမယ့် ရိက္ခာလျှော့ချပြီးနောက် ၈၇ ဘတ် သာ ရရှိတော့တာ ဖြစ်ပါတယ်။
TBC အနေနဲ့ အခုလို ရိက္ခာထောက်ပံ့မှု လျှော့ချတဲ့အပေါ် အရေးပေါ်အခြေအနေနဲ့ ရေရှည်ရန်ပုံငွေရရှိဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ဆက်လက်ရှာဖွေနေမှာဖြစ်ပြီး၊ ရန်ပုံငွေအသစ်တွေ ပြန်လည်ရရှိလာတာနဲ့ အဆိုပါ ရိက္ခာလျှော့ချမှုတွေကို တတ်နိုင်သမျှ အမြန်ဆုံးပြန်ပြောင်းပေးမှာဖြစ်တယ်လို့ TBC က အသိပေးထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဒုက္ခသည်စခန်းနေလူထုတွေဟာ TBC ရဲ့ စားနပ်ရိက္ခာထောက်ပံ့မှုကိုသာ အားထားရတာဖြစ်တာကြောင့် လက်ရှိ ရိက္ခာလျှော့ချခံရမှု နဲ့ ဇူလိုင်လ နောက်ပိုင်းကျရင် ရိက္ခာသာ ပုံမှန်အတိုင်း မရရှိတော့ပါက ကြုံတွေ့လာနိုင်တဲ့ အခက်အခဲ၊ စိန်ခေါ်ချက်တွေနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ် -၂ (ဘန့်မယ်စူရင်း) က လူထုတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။
စောစံထူး
“အခုက ၈၇ ဘတ်ပဲရတော့ မိသားစုအတွက် လုံးဝအဆင်မပြေတော့ဘူးလေ။ ကိုယ့်မိသားစုကိုကြည့်မယ်ဆိုရင် ဥပမာ- KnHD မှာကျနော် အလုပ်လုပ်တယ်။ ၁၀၀၀၊ ၂၀၀၀ ပဲရတယ်လေ TBC ကလည်း ရိက္ခာပြန်လျှော့တဲ့အခါကျတော့ ဆန်ဝယ်ရမလား ဆီဝယ်ရမလား အဲ့တခုလေ တအားခက်တယ်။ တခါတလေ စဉ်းစားတယ် အလုပ်ထွက်ရမလား အပြင်မှာပဲ အလုပ်သွားလုပ်ရမလား နည်းနည်းပိုအဆင်ပြေမလားပေါ့ တော်တော်လေးခက်တယ်။ ကျနော်တို့ ၁ ယောက် ၂ ယောက်ပဲရှိတယ် အဲ့လောက်ခက်တာပေါ့ တချို့မိသားစုများတဲ့သူတွေဆိုရင် ဘယ်လောက်ခက်မလဲ တချို့က အလုပ်အကိုင်လည်းမရှိဘူး ဒီ TBC ရိက္ခာနဲ့ပဲ သူအားကိုးနေရတယ်လေ အားကိုးနေရတော့ အခုပြန်လျှော့ခါကျတော့ ဘာစားမလဲ အဲ့တခုလေ တအားစိုရိမ်တယ်။”
မူကပေါ်စေး
“အရင်ကဆို သူတို့ပေးတာက ဆန်ဆို လုံလုံလောက်လောက်ရတာပေါ့ တစ်လစာဆို ဖူလုံမှုရှိတယ်။ ဒါပေမယ့် အခုဆို ဆန်က တစ်ဗုံးတောင်ဝယ်လို့မရတော့ဘူး အခက်အခဲရှိတယ် အလုပ်လည်းမရှိတော့ ဝယ်စားဖို့လည်းမရှိဘူးပေါ့။ ဒီမှာနေလည်း တခြားဟာ ဘာမှလုပ်လို့မရဘူးလေ အဲ့လိုဆိုတော့ တခါတလေဆို သရေစာတွေလုပ်ပြီး ရောင်းတာပေါ့ အဲ့ဒါနဲ့ပဲ စားဝတ်နေရေးနည်းနည်းကာမိအောင်လို့ စဉ်းစားထားတယ်။
ဒေါ်နဲမြာ
“ကျမတို့အတွက်ကတော့ အခက်အခဲအများကြီးရှိတယ်။ ဘာတွေအခက်အခဲရှိလဲဆိုတော့ ကျမတို့က အလုပ်လည်းမရှိဘူး ကလေးတွေလည်းရှိတယ် ကျောင်းတက်တဲ့အရွယ်ကြီးပဲဆိုတော့ ကလေးတွေက ကျောင်းသွားတယ် ကျမကလည်း အလုပ်မရှိဘူး ကျမတို့က ရရာအလုပ်ဝင်လုပ်မယ်ဆိုလည်း စာလည်းမတတ်ဘူး ပညာရေးကလည်း မရှိဆိုတော့ အခု ရတဲ့အလုပ်ပဲလုပ်လိုက်တယ်။ စားဖို့သောက်ဖို့ကတော့ ဆန်ဖိုးလောက်ပဲရှိတယ် ဟင်းကတော့ အသီးအရွက်တွေ ရှာခူးစားတာမျိုး။ အရင်ကတော့ ကျမတို့က အများအားဖြင့် တစ်ပတ်ကို အသားဟင်းဆို ကြက်ရိုးလောက်တော့ စားနိုင်သေးတယ်။ အခုကျတော့ မစားနိုင်တော့ဘူး ငါးခြောက်တောင် တော်တော်စဉ်းစားနေရတဲ့အဆင့်ထိ ရောက်သွားတော့ ကျမတို့အတွက် အဆင်မပြေဘူး။”
စောအယ်ကလယ်စေး
“ ကျနောတစ်ယောက်အမြင်နဲ့ပေါ့နော် အကယ်၍ ဒီတိုင်းဆက်ပြီး ထောက်ပံ့မှုသာ လျှော့ချသွားခဲ့မယ်ဆိုရင်တော့ ခုနက ကျနော်တို့ပြောတဲ့ ဒီပညာရေးပိုင်းမှာလည်း စိန်ခေါ်မှုတွေရှိလာနိုင်တာပေါ့။ မိဘတွေက ကိုယ့်ရဲ့သားသမီးတွေရဲ့ စားဖို့ဝတ်ဖို့ သုံးဖို့စွဲဖို့က ပြန်အာရုံစိုက်ရမှာပေါ့။ ဆိုတော့ ခုနကပြောသလိုမျိုး အလုပ်တွေ ထွက်လုပ်ကြမှာလား မပြောတတ်ဘူးပေါ့နော်။ တကယ်တော့ အလုပ်ထွက်လုပ်တာက တရားမဝင်ဘူးပေါ့နော်။ ဒါပေမယ့်နားလည်မှုနဲ့သွားကြမှာလား မပြောတတ်ဘူးပေါ့နော်။ ဆိုတော့ ဒီလိုဆက်ပြီး လျော့ချတဲ့အခါမှာ ဒီမိသားစုတွေက ဒီကလေးတွေ ကျောင်းထွက်သွားနိုင်မလားပေါ့နော်။ ကျနော်တို့အနေနဲ့ အဲ့လိုမျိုးနည်းနည်းတော့ စိုးရိမ်တယ်ပေါ့နော်။”
ဒေါ်နဲမယ်
“ မလုံလောက်ဘူး ဒါပေမယ့် မပြောတတ်ဘူးပေါ့။ ဇူလိုင်လကုန်လောက်ဆိုရင် ကျမထင်တာကတော့ ပုံမှန်အတိုင်းတော့ပြန်ရှိစေချင်တယ်။ ”