spot_imgspot_imgspot_imgspot_img
Friday, June 20, 2025
spot_imgspot_imgspot_imgspot_img

ဆီစျေးမြင့်တက်မှုကြောင့် စက်မှုကိုအားထားရတဲ့ တောင်သူတွေ ထွန်ယက်စိုက်ပျိုးဖို့ အခက်တွေ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စက်မှုကိုအားထားပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့တောင်သူတွေဟာ စက်သုံးဆီတွေစျေးမြင့်တက်လာတာတွေကြောင့် ထွန်ယက်စိုက်ပျိုးဖို့ အခက်တွေ့နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကရင်နီပြည် ဒီးမော့ဆိုကို ဝင်ရောက်လာနိုင်တဲ့ ကုန်စည်လမ်းကြောင်းတွေပိတ်သွားတာကြောင့် စက်သုံးဆီစျေးတွေ မြင့်တက်လာတာပါ။

“လယ်ထွန်ရမယ့် အချိန်မှာ လယ်မထွန်နိုင်သေးတာမျိုးတို့ ဆိုရင် ကျနော်တို့အတွက် စိုးပျိုးတဲ့အချိန်က နောက်ကျမယ်။ နောက်ကျမယ်ဆိုရင် ဆိုးကျိူးတွေက ရှိနိုင်တယ်။ သီးနှံထွက်တဲ့အချိန်မှာ သီးနှံက မအောင်တာမျိုးတို့ နောက်ပြီးတော့ အထွက်မတိုးတော့တာမျိုးတို့ အဲလိုတွေ ရှိတယ်ပေါ့နော်” လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံ တောင်သူ တစ်ဦးကပြောပါတယ်။

တောင်ငူ -ဒီးမော့ဆို လမ်း မပိတ်ခင်အချိန်မှာ ဓာတ်ဆီတစ်ပေပါကို ကျပ်ရှစ်သိန်းနီးဝန်းကျင်
ပေါက်စျေးရှိခဲ့ပြီး လက်ရှိမှာ တစ်ပေပါကို ဆယ်သုံးသိန်း ဝန်းကျင်လောက်ပေးဝယ်နေရတာပါ။ လက်ရှိမှာ ဆီတွေပြတ်လပ်နေတာကြောင့် ဆီဆိုင်တချို့ကို ခေတ္တပိတ်ထားရတာတွေရှိတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းတစ်နေရာမှာ ဓတ်ဆီဆိုင် ဖွင့်ထားတဲ့ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“အစကတော့ ဆီ စျေးတွေက အများကြီး သက်သာတယ်။ ခုနစ်သိန်း ကိုး သောင်းထိ ဝယ်လို့ ရသေးတယ်။ နောက်ပိုင်း တောင်ငူလမ်းပိတ်လာတဲ့အချိန် ရှစ်သိန်းခွဲ ကိုးသိန်း အဲ့လိုတွေ တက်လာတယ်။ ရေနီဘက်ကလည်း ကားကြီးတွေ ပေးမဆင်းတော့ ဖိုးဝီးကားနဲ့ပဲ ပေးဆင်းတော့မယ် ဖြစ်လာတဲ့အချိန်မှာ ဓာတ်ဆီ ၁ ပေပါ ကို ဆယ်သိန်းငါးသောင်းထိ ထပ်တက်လာတယ်။ နောက်အခုက လမ်းပြင်မယ် လမ်းတွေ ပိတ်ထားဦးမယ်ဆိုပြီး လေးရက်ငါးရက်လောက်တော့ ပိတ်ထားလိုက်တော့ ဆီစျေးက အခုဆို ပေါက်စျေးက ဆယ်နှစ်သိန်း ဆယ်သုံးသိန်း လို့ ပြောတယ်။ ကျနော်ကတော့ မရောင်းတော့ဘူး။ ရပ်ထားလိုက်တယ်။ ဆီဝယ်ရတာလည်း ခက်တယ်။ ပြီးတော့ စျေးတွေက အရမ်းလည်း မြင့်နေတော့လေ ဆိုင်ကိုတော့ ခဏလေး ရပ်ထားလိုက်တယ်” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

အခုလို ထွန်ယက်စိုက်ပျိုးရာသီမှာ ဆီပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် စိုက်ပျိုးတာနောက်ကျမယ်ဆိုရင် သီးနှံမအောင်တာမျိုးတွေ ၊ အထွက်နည်းတာမျိုးတွေ နဲ့ ကြုံတွေ့ ရမှာကို တောင်သူတွေက စိုးရိမ်နေတာပါ။

ဒီးမော့ဆိုဘက်ကို ပုံမှန်ဝင်နေကျ ကုန်စည်လမ်းကြောင်းတွေ ပိတ်ကုန်တာကြောင့် တချို့ ကားသမားတွေမှာ တော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာတွေကနေ စက်သုံးဆီတွေကို သယ်ယူလို့ ရနိုင်ပေမယ့် လုံခြုံရေးစိန်ခေါ်ချက်တွေ ရှိနေပြန်ပါတယ်။

စစ်ကောင်စီ ရဲ့ လုံခြုံရေးဂိတ်တွေအပြင်၊ ကင်းရှည် လုံခြုံရေး ယူတာတွေ ခပ်စိပ်စိပ်တွေ့လာရပြီး ဆီသွားသယ်တဲ့ ကားသမား တချို့လည်း အပစ်ခံရတာတွေ ရှိတယ်လို့ ဒီးမော့ဆို ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဆီသွားသယ်လာတဲ့ ကားတွေ ဆိုင်ကယ်တွေ လက်နက်နဲ့ ပစ်ခံရတာတွေ ရှိတာကြောင့် ကျနော်တို့အတွက် ဆီတွေ သွားသယ်ရတာ နဲနဲ အခက်ခဲရှိတယ်” လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ တောင်ယာ၊ လယ်ယာ စိုက်ခင်းတွေဟာ ဆယ်ပုံတစ်ပုံသာ ထွန်ယက်စိုက်ပျိုးထား နိုင်သေးတာပါ။ ဆီပြတ်လပ်မှုကို ကြာကြာရင်ဆိုင်ရရင် စိုက်ပျိုးချိန်ဟာ အခါလွန်သွားတာကြောင့် တောင်သူတွေ အခက်တွေ့သွားနိုင်တယ်လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“ဒီလိုပဲ ကြာကြာ ဆီတွေ ဆက်လက်ပြတ်လပ်မယ်ဆိုရင် ကျနော်တို့ တောင်သူတွေအတွက် ဘယ်လိုမှအဆင်ပြေနိုင်မယ်မထင်ဘူး။ ဘာလို့လည်းဆိုရင် စိုက်ပျိုးဖို့ ၊ သွားလာဖို့က ဆီတွေ လိုအပ်တယ်။ ကျနော်တို့ အုပ်စုမှာဆို ၁၀ ပုံ မှာ ၁ ပုံလောက်ပဲ စိုက်ပျိုးနိုင်ကြဦးမယ်” လို့ ကျေးရွာ အုပ်ချုပ်ရေးမှုး တစ်ဦးက ပြောပါတယ်။

ကရင်နီမှာတော့ ကျေးလက်ဒေသရဲ့ အနည်းငယ်မျှသာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျွဲ၊ နွား ကို အသုံးပြုပြီး အများစုကတော့ စက်မှုကို အသုံးပြုနေကြတဲ့အချိန်မှာ အခုလို ဆီစျေးမြင့်မားတာတွေ ၊ ဝယ်ယူရခက်ခဲတာတွေကြောင့် တောင်သူတွေ စိုက်ပျိုးဖို့အတွက် အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts