ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက စစ်ရှောင်လူထုတွေ ဟာလက်ရှိအချိန်ထိ စားနပ်ရိက္ခာ နဲ့ အမိုးအကာ တွေ လိုအပ်နေကြဆဲပဲ လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီက နေသိရပါတယ်။
စစ်ရှောင်အသစ်ကော အဟောင်းတွေအတွက်ပါ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦး အခုလိုပြောပါတယ်။
“အခုလည်း စားနပ်ရိက္ခာ တွေ မိုးကာတွေက လိုအပ်နေဆဲပဲ။ စစ်ရှောင်အဟောင်းကော အသစ်ကောရှိတယ်။ အသစ်က ဒေသခံ စစ်ရှောင်တွေပဲ။ အဟောင်းတွေလည်း စစ်ရှောင်တာကြာပြီကော ရိက္ခာကော၊ မိုးကာကော အကုန်လိုတယ်။” လို့ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦး ကဆိုပါတယ်။
လက်ရှိမိုးရာသီကာလမှာ ရှမ်းပြည်နယ်အတွင်းက ဒေသအများစုဟာ ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာ အချို့မှာလည်း ရေကြီးမှုတွေကြောင့် ပြည်သူတွေရဲ့ ပြောင်းခြံအချို့နဲ့ လယ်ယာအချို့ ရေနစ်မြုပ် နေပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာတော့ စစ်ရှောင်တွေဟာ စစ်ဘေးအပြင် သဘာဝဘေးပါ ရင်ဆိုင်ခဲ့ကြပြီးတဲ့နောက် စစ်ရှောင်လူထုတွေဟာ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ပိုလိုအပ်လာကြတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“သဘာဝဘေးလည်းဖြစ်နေတော့ လူသားချင်းစာနာထောက်ထားရေးအကူအညီက နေရာတကာမှာ အများကြီး လိုအပ်သွားတယ်။ အဲ့တာ အရင်က ရေဘေး နဲ့ ငလျင်ဘေး ပါ သဘောဝဘေးတွေ ထပ်ကြုံကြရတာရှိတော့ စစ်ဘေးရှောင်ဖက် သိပ် မလှည့်ဖြစ်ကြတာလည်းပါတယ်။ အဲ့တာ စစ်ရှောင်တချို့က ၈လ ၁ နှစ်ထိ ရိက္ခာမရနိုင်တဲ့သူတွေ ရှိတယ်။ ဆိုတော့ တကယ်လိုအပ်နေကြတယ် စားနပ်ရိက္ခာတွေက။” လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
ဆီဆိုင်မြို့နယ်အတွင်းကို ကရင်နီပြည်က စစ်ရှောင်လူထုတွေ လာရောက်တိမ်းရှောင်ကြတာရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁လေးလုံးစစ်ဆင်ရေးနောက်ပိုင်း လာရောက်တိမ်းရှောင်ခဲ့ကြတာပါ။
လက်ရှိမှာတော့ ဆီဆိုင်မြို့နယ်အတွင်းမှာ ကရင်နီဒေသက စစ်ဘေးရှောင်ပေါင်း ၆ ထောင်ကျော်နဲ့ ဒေသခံ စစ်ရှောင် ၁သောင်းကျော် ကျန်ရှိနေဆဲပဲလို့ စစ်ရှောင်ကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။