ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
“ပြီးခဲ့တဲ့ နှစ်တုန်းကဆို ရေကြီးလာတယ်။ စပါးတွေ အများကြီး နစ်မြုပ်သွားတယ်။ ဒီနှစ်လည်း ရေကြီးလာသေးတယ်။ ရေကြီးခဲ့ရင်တောင်မှ တဝက် မဟုတ်ရင် နည်းနည်းပါးပါးတော့ ရိတ်စားလို့ ရသေးတယ်၊ အခုတော့ ဘာမှ မရတော့ဘူး၊။”
တနှစ်တာအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားတာတွေကို အကုန်ပစ်ထားခဲ့ပြီး ထွက်ပြေးတိမ်ရှောင်နေရလို့ သူရဲ့ ဆုံးရှုံးမှုကို ရင်ဖွင့်လာသူကတော့ အသက် (၃၀) အရွယ် ဖယ်ခုံ အရှေ့ဘက်ကမ်းက စစ်ရှောင် အမျိုးသမီးတဦး မော်ထိုးမြာ ဖြစ်ပါတယ်။
သူတို့နေထိုင်ရာ ကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း ထိုးစစ်ဆင်လာတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။ ဖယ်ခုံ အရှေ့ဘက်ကမ်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေ အများစုဟာ လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေဖြစ်ပါတယ်။
သူတို့ နေထိုင်ရာ ဖယ်ခုံ အရှေ့ဘက်ကမ်းရှိရာကို စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်းမှာ အင်အား တထောင်ခန့်နဲ့ ရေပူကျေးရွာရှိရာဘက်ကို စတင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကြောင်းဟာ တဖြည်းဖြည်းနဲ့ နီးကပ်လာသလို၊ ရှမ်းကရင်နီနယ်စပ် မိုးဗြဲမြို့ကိုလည်း ၂၀၂၅ ဇူလိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် မဖြစ်မနေ ထွက်ပြေးဖို့ အချိန်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
“အခုက မိုးစပါး စိုက်ထားတော့ အရင်းအနှီးတွေ အများကြီး ကုန်တယ်လေ။ နွေစပါးတွေလည်း စိုက်ထားတယ်။ တချို့ဆို ရိတ်သိမ်းခါနီးပြီ။ အခြေအနေ မကောင်းတော့ မရိတ်လိုက်ရဘူး။ မိုးစပါးလည်း တရွာလုံးနီးပါး စိုက်ပြီးသွားပြီ။ တချို့တလေပဲ ကျန်မယ်။ အကုန်လုံးနီးပါးပြီးပြီ။ နောက်ပြီးတော့ မိုးရာသီဆိုတော့ ပြောင်းတွေ စိုက်ကြတယ်လေ။ အိမ်တိုင်းစိုက်ကြတယ်။ ပြောင်းမျိုးစေ့ကလည်း စျေးကြီးတယ်။ အိမ်တိုင်းနီးပါးကလည်း ဝယ်ရတယ်။ စက်ခတွေကလည်း စျေးကြီးပေးပြီး ထယ်ပြီးပြီ။ စိုက်ပြီးပြီ။ အပင်တွေတောင် နည်းနည်းကြီးလာပြီ။ စပါးကော ပြောင်းကော ၊ အကုန်လုံးစိုက်ပြီးတဲ့ အချိန်မှ ပြေးရတာဆိုတော့ ကျမတို့ အရှေ့ဘက်ကမ်းက ရှိသမျှ ပိုက်ဆံတွေ အကုန်လုံး ရင်းနှီးထားတော့ ဘာမှမကျန်တော့ဘူး။ လက်ဗလာနဲ့ ပြေးလာရတာပေါ့” လို့ မော်ထိုးမြာက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာလည်း မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် မိုးဗြဲဆည်အောက်က ဒေသခံတွေရဲ့ လယ်ယာဧက ထောင်နဲ့ချီပြီး နစ်မြုပ်သွားခဲ့ရပါတယ်။ အခုနှစ်မှာလဲ ရေကြီးရေလျှံမှုတွေအပြင် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ရင်းနှီးထားတဲ့ တောင်ယာတွေ ၊ လယ်ယာတွေဟာ ဘာတခုမှ ပြန်ရတာမျိုးတွေ မရှိကြတော့ပါဘူး။
စစ်ကြောင်းတွေကြောင့် အသက်ဘေးကလွတ်အောင်ပြေးရတဲ့ မော်ထိုးမြာတို့လိုဒေသခံတွေအတွက် လက်ရှိကော၊ အနာဂါတ်မှာကော စားဝတ်နေရေး အဆင်ပြေဖို့ဆိုတာ မသေချာတော့ပါဘူး။
လက်ဗလာနဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့မော်ထိုးမြာတို့စစ်ဘေးရှောင်တချို့ဟာ နေရပ်ပြန်ပြီး ဆန်၊စပါးတွေကို သယ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

မော်ထိုးမြာရဲ့ ဦးလေးဖြစ်သူ ဦးဖရေးရယ်ဟာဟာ အရဲစွန့်ပြီး တူလေး တွေနဲ့အတူ နေရပ်ကို ပြန်ပြီး စပါးတွေသယ်ယူဖို့ ပြန်သွားခဲ့ပါတယ်။ နေရပ်ကို ပြန်လည် ရောက်ရှိခဲ့ပေမယ့်လည်း ပြန်ထွက်လာဖို့ ပြင်ဆင်ကြတဲ့ အချိန်မှာတော့ စစ်ကောင်စီ စစ်ကြောင်းဟာ လွိုင်ကော် – မိုးဗြဲ လမ်းမကြီးကို ထိန်းချုပ် ထားလိုက်ပါပြီ။
ထွက်ပေါက်တွေပိတ်ပြီး ပြန်ထွက်လာလို့ မရတော့တဲ့ အပြင် စစ်ကောင်စီရဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။
“စပါးအိတ်တွေ စက်ပေါ်တင်ပြီး ပြန်ထွက်လာမယ်လုပ်တော့ လမ်းမှာက ပေးမဖြတ်တော့ဘူးတဲ့။ ဆိုတော့ ကျနော်တို့ ပြန်လှည့် လိုက်ရတယ်။ ကျနော်တို့ ရွာထဲ စဝင်တဲ့ နေရာနားမှာ ဒရုန်းနဲ့ လိုက်လာတယ်။ တယောက်တနေရာစီ ပြေးကြတော့ ကျနော် တယောက်ထဲပဲ ထိသွားတယ်”လို့ ဦးဖရေးရယ်က ပြောပါတယ်။
ဦးဖရေးရယ်ဟာ စစ်ကောင်စီရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ပေါင်တဖက်ရယ်၊ လက်မောင်းတဖက်ရယ်မှာ ဒဏ်ရာနဲ့ အနာတရ ရရှိခဲ့တာပါ။ ကျေးရွာထဲမှာ ရက်ပိုင်းအတွင်း ပိတ်မိနေပြီး အဲဒီကနေ ထွက်ခွာနိုင်ဖို့အတွက် (၁၀) ရက်ကျော်ကြာ လမ်းခရီးကို လမ်းလျှောက်လာခဲ့ရပါတယ်။
ဒဏ်ရာတွေ နဲ့ (၁၀) ရက်ကျော်ကြာလမ်းခရီးကို ဖြတ်သန်းခဲ့ရတဲ့အတွက် သူ့ရဲ့ ပင်ပန်းနွမ်းနယ်မှုဟာ ဘာနဲ့မှကို ဖော်ပြလို့မရအောင် ဖြစ်နေခဲ့ပါတယ်။ မိုးရာသီ ဖြစ်သလို စစ်ကောင်စီတပ်တွေကို ရှောင်ကွင်းပြီး တောလမ်းခရီးနှင်ခဲ့ရတာကြောင့်လည်း နေ့ပေါင်း၊ ညပေါင်း များစွာ ပင်ပန်းဆင်းရဲမှုတွေကြုံတွေ့ခဲ့ပါတယ်။
“ကျနော်တို့ တောထဲမှာပဲလာရတော့ မိုးကလည်း အရမ်းရွာတယ်။ ပြီးတော့ စားစရာတွေကလည်း အဆင်မပြေဘူး”လို့ ဦးဖရေးရယ်က ပြောပါတယ်။
၁၀ ရက်ကျော်ကြာ တောလမ်းခရီးကို ဖြတ်သန်းပြီး ကားလမ်းပေါက်တဲ့ နေရာထိ ရောက်ရှိလာတဲ့ အချိန်မှာတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ မိသားစုတွေ ရှိရာဘက်ကို ပြန်လည် ရောက်ရှိလာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အဝတ်တထည် ကိုယ်တခုနဲ့သာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာခဲ့ရတာကြောင့် ရေရှည်အတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်နေခဲ့တာပါ။

“အဆင်မပြေဘူး။ အခုက အလုပ်လည်း မလုပ်ရဘူး။ အလုပ်အကိုင်ကလည်း မရှိတော့ဘူး။ ဘယ်လိုတွေရှာပြီး စားသောက်ရမလဲ ကိုယ့်ကိုယ်ကိုတောင် မသိတော့ဘူး”လို့ ဦးဖရေးရယ်က ပြောပါတယ်။
ခုတော့ နေရပ်က ထွက်ပြေးလာပြီး လုံခြုံစိတ်ချရပြီလို့ ထင်ရတဲ့နေရာမှာ ရောက်ရှိနေခဲ့ပေမဲ့လည်း စစ်ကောင်စီတပ်တွေရဲ့ ခြိမ်းခြောက်မှုရန်ကနေ ပြေးမလွတ်နိုင်သေးပါဘူး။ သူတို့ လက်ရှိ လာရောက်တိမ်းရှောင်နေတဲ့ ဒီးမော့ဆို မြို့တွင်းတနေရာမှာလည်း စစ်ကောင်စီထိုးစစ်တွေ နီးသထက်နီးလာတာကြောင့် နောက်ထပ်တခါ ထပ်မံတိမ်းရှောင်ရဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေရပြန်ပါတော့တယ်။
အသက်ဘေး လုံခြုံဖို့အတွက် ဘယ်လောက်ထိပဲ ပြေးဖို့ ကြိုးစားနေပါသော်လည်း ပြေးရင်းနဲ့ သေမလား ၊ ငတ်ပြီးပဲ သေမလား ဆိုတာကို တွေးပြီး ညတိုင်း လက်နက်ကြီးသံတွေ ၊ လေယာဉ်သံတွေနဲ့အတူ ဦးဖရေးရယ်တို့မိသားစုတွေ ထိတ်ထိတ်လန့်လန့်နဲ့ပဲ ဖြတ်သန်းနေကြရပါတယ်။