spot_imgspot_imgspot_imgspot_img
Wednesday, September 3, 2025
spot_imgspot_imgspot_imgspot_img

“တော်လှန်ရေးနဲ့အတူ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို တပါတည်း တော်လှန်ပေးပါ”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုများပြားလာတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ပြောထားကြပါတယ်။ တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ အခုလို အကြမ်းဖက်မှုတွေကို ထုတ်ဖော်ပြောကြားဖို့အပြင် ကျူးလွန်ခံရသူများအတွက် မျှတတဲ့ ပြစ်မှုပြစ်ဒဏ် ချပေးနိုင်ဖို့ဆိုတာ အဖက်ဖက်က စိန်ခေါ်မှုတွေ ရှိနေပါတယ်။

စစ်တပ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်ကာလအတွင်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၉၆၃ မှု‌ကောက်ခံရရှိခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ ဇွန်လ ၁၈ ရက်နေ့မှာ မိတ်ဆက်တဲ့ Speaking Truth To Power: Ending Military Impunity In Burma/Myanmar ဆိုတဲ့ အစီရင်ခံစာအရ သိရပါတယ်။ အဲ့ဒီအထဲမှာတော့ ကရင်နီက ၃၆၅ မှုနဲ့ စံချိန်တင် အများဆုံးဖြစ်ပါတယ်။

ဒါတွေဟာ အဖက်ဖက်သော စိန်ခေါ်မှုတွေကြားက ထုတ်ဖော်ပြောဆိုမှုကြောင့် သိရှိရတဲ့ အမှုတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထုတ်ဖော်မပြောကြားနိုင်တဲ့ အမှုတွေ မြေပြင်မှာ အများကြီး ရှိနေနိုင်သေးတယ်လို့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်မှာ လက်နက်ကိုင်တော်လှန်ကြတဲ့ ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးထဲမှာ ကရင်နီပြည်ဟာ အစောဆုံး တော်လှန်တဲ့ ပြည်တခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် လက်နက်ကိုင်တော်လှန်ရေး နှစ် နှစ်မြောက်လာတဲ့အခါ ကြားကာလ အစိုးရအဖြစ် ပထမဦးဆုံး ဖွဲ့စည်းနိုင်ခဲ့တာပါ။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ၂၀၂၃ ခုနှစ် မှာ ဖွဲ့စည်းလိုက်တာပါ။ အဲ့ဒီကနေ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနအပါအဝင် တဖြည်းဖြည်းချင်း ဌာနဆိုင်ရာတွေကိုလည်း ဖွဲ့စည်းလာနိုင်ပါတယ်။ လက်ရှိအချိန်အထိ IEC လက်အောက်က ဌာနဆိုင်ရာ ၁၃ ခုအထိ ရှိလာနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းပြည်တည်ဆောက်ရေးမှာ မဏ္ဍိုင်ထဲက တခုဖြစ်တဲ့ တရားရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းထားပြီး လက်ရှိမှာလည်း တရားစီရင်ရေးအခန်းကဏ္ဍတွေကို ကိုင်တွယ်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အခုလို တရားဥပဒေအရ ဖြေရှင်းနေကြတာတွေကြောင့်လည်း ထုတ်ဖော်ပြောဆိုလာနိုင်ကြတာဖြစ်ပြီး ကရင်နီမှာ အမှုတွေ အများဆုံး ထုတ်ဖော်လာနိုင်တာ ဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့တွေက သုံးသပ်ပြောဆိုထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိန်းမှုတွေ ရှိနေပေမယ့် လုံခြုံရေးကြောင့်ဖြစ်စေ၊ တခြားသော စိန်ခေါ်မှုတွေကြောင့်ဖြစ်စေ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးသန့်ထုတ်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

“Rape Case (မုဒိန်းမှု) အပြင် အိမ်တွင်းအကြမ်းဖက်မှုများတယ်လေ နေရာတိုင်းမှာဘဲ ဖော်ထုတ်နိုင်ရင် ဖော်ထုတ်သလောက်ရှိတယ်။ အနည်းဆုံးတော့ ဆယ်အိမ်မှာတအိမ်တော့ ရှိပြီးသားဘဲ။” လို့ ဖရူဆိုမြို့နယ်ဒေသခံ အမျိုးသားတဦးက သူနေထိုင်ရာ ပတ်ဝန်းကျင်က အခြေအနေကို ပြောပါတယ်။

“အကြမ်းဖက်မှုဆိုတာ အကြမ်းဖက်သူကော အကြမ်းဖက်ခံရသူကော မသိနေတော့ ခံရလို့ခံရမှန်း မသိသလို အကြမ်းဖက်နေလို့ အကြမ်းဖက်နေမှန်း မသိဘူးဖြစ်နေတယ်။” လို့ အထက်ပါ အမျိုးသားက ဆက်ပြောပြပါတယ်။

ယခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ကရင်နီမှာ သက်ငယ်မုဒိန်းမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ကရင်နီက လူမှုအသင်းအဖွဲ့တွေကလည်း ကူညီဆောင်ရွက်ပေးနေကြပါတယ်။ လက်ရှိမှာတော့ ကျုးလွန်ခံရသူတွေဟာ ဆေးကုသမှု ခံယူနေရဆဲ အခြေအနေဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“ကျေးလက်မှာဖြစ်တဲ့ Case (ဖြစ်စဉ်) တွေဆို အထူးသဖြစ် ကလေး Case ဆိုရင် အများကြီးစိတ်မကောင်းဘူး။ တရားခံကလွတ်နေတယ်၊ ထိခိုက်မှုကလည်း မနည်းဘူး။ အားမရနေဘူး။ လူမှုအဖွဲ့အစည်းတွေလည်း ကြိုးစားကူညီနေတာ ကြားသိရတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မသိရနေဘူးပေါ့။ လျှို့ဝှက်ရမယ့်ကိစ္စလည်း ဖြစ်လို့ထင်တယ်။ ကလေးအတွက် အကောင်းဆုံးဖြစ်ပါစေဘဲ ဆုတောင်းပေးရမှာပေါ့။” လို့ အဆိုပါဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အထက်ပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျုးလွန်သူကို ဖော်ထုတ်အရေးယူနိုင်သလားဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ ဆက်လက်စုံစမ်းနေဆဲပါ။

“အမှုက ရင်ဆိုင်နေဆဲဖြစ်တဲ့အခါမှာ ရွာက Rape Case မဟုတ်ပါဘူး ဆိုပြီးတော့မှ ဒါကတော့ အမှုရင်ဆိုင်တန်းလန်းနဲ့ Rape Case ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာက တရားရေးရောက်မှပဲ သက်သေကြည့်ပြီးတော့မှ Rape Case ဖြစ်ပါတယ် ဆိုတဲ့ဟာကို သူတို့ ဆုံးဖြတ်တဲ့ပုံစံမျိုး ဖြစ်မှာပေါ့လေနော်။ ဒါပေမဲ့ ကျမတို့ဖက်ကျတော့ ကျန်းမာရေးအရ က Rape Case ဖြစ်ကြောင်း သက်သေခိုင်လုံတယ်။ ပြီးလို့ရှိရင် ဒီဖြစ်စဉ်ကို စပြီးတော့မှ ကျမတို့ သုံးသပ်လိုက်ကတည်းကလည်း ဒါ Rape Case မြောက်တဲ့ အနေအထားမှာ ရှိတယ်။” လို့ အမျိုးသမီးအဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

“Rape Case ဆိုတဲ့ဟာကို သွားဖြစ်လိုက်ရင် ရွာနာမည်ပျက်တယ်တို့ ပြီးလို့ရှိရင် သူတို့ရဲ့ ဓလေ့ထုံးတမ်းအရက ရွာမှာမနေခိုင်းပဲနဲ့ မောင်းထုတ်မယ်တို့ အဲ့လိုမျိုးတွေ သူ့မိသားစုက ခြိမ်းခြောက်ခံရတာမျိုးတွေ ရှိတဲ့ခါကျတော့ နည်းနည်းတော့ အခက်အခဲ ဖြစ်တာမျိုးပေါ့။ ဆိုတော့ ဒီလိုခြိမ်းခြောက်တဲ့အပေါ်မှာ မိသားစုက အမှန်တရားပြောဖို့ကလည်း ဝန်လေးလာတယ်လေ။ အဲ့လိုမျိုးဖြစ်တော့ တရားရေးရင်ဆိုင်ဖို့က ပိုမိုခက်ခဲတဲ့အနေအထားဖြစ်တယ်။” လို့ အမျိုးသမီး အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါတွေဟာလည်း အမျိုးသမီးနဲ့ ကလေးသူငယ်အရေး တက်ကြွလှုပ်ရှားကြသူတွေရဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက တခုပါ။ ကျေးလက်ဒေသတွေမှာ အခုလို အမှုတွေ ဖြစ်ပေါ်လာရင် တရားရေးရင်ဆိုင်ရာမှာ ပူးပေါင်းပါဝင်မှု အားနည်းနေတာကြောင့် တရားမျှတတဲ့ အပြစ်ပေး အရေးယူမှုတွေ နည်းပါးနေရခြင်း ဖြစ်ပါတယ်။

ဒီစိန်ခေါ်ချက်တွေထဲမှာ ကျုးလွန်ခံရသူတွေ ထုတ်ဖော်ပြောကြားဖို့ ခဲယဉ်းလာပြီး အကြမ်းဖက်မှုတွေဟာ လူမသိသူမသိ တိတ်တဆိတ် ကွယ်ပျောက်သွားတာတွေလည်း ရှိနေဆဲပဲလို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။

စိန်ခေါ်မှုတွေ ရင်ဆိုင်လာရတဲ့အထဲ ကျုးလွန်ခံရသူတွေ သာမကတော့ပဲ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်လာပါတယ်။ ဒါကြောင့်လည်း ကျုးလွန်ခံသူတွေဟာ အကာအကွယ်ပြုခံရဖို့က အရင်ကထက် ပိုမိုလျော့နည်းလာနိုင်ပါတယ်။

“အဓိက ကတော့ ကျုးလွန်ခံရတဲ့သူက အိမ်တွင်းအကြမ်းဖက်မှုပဲ ပြောပြော သေးသေးလေးတောင်မှ ကျူးလွန်ခံရတယ်ဆိုရင် ပတ်ဝန်းကျင်က အများစုက ခံရတဲ့သူဖက်ကိုပဲ ပိုပြီးအပြစ်ပြောတာမျိုးတွေ၊ လစ်လျူရှု့တာမျိုးတွေ၊ ပိုပြီးတော့မှ ထိန်ချန်ချင်တာမျိုးတွေကတော့ ကျမတို့ ကြုံနေရတဲ့ဟာပဲ အခုလည်း အဲ့လိုမျိုးပဲ။ ခံရတဲ့မိသားစုဖက်ကို ဝိုင်းပြီးတော့မှ အမျိုးမျိုး ဖိအားပေးတာမျိုးတွေ ခြိမ်းခြောက်တာမျိုးတွေက ရှိလာတာမျိုးတွေတော့ ကြုံနေရတယ်ပေါ့နော်။” လို့ အမျိုးသမီးအဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ကြားကာလမှာ ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

ကရင်နီအမျိုးသမီး အစည်းအရုံး KNWO ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မေလ အထိ ကရင်နီမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု – ၅ ခု ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – ၁၀ ခု၊ Rape Case – ၂ ခု နဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – ၉ ခု အားလုံးပေါင်း ၂၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုတွေဟာ KNWO ကနေ ကိုင်တွယ်ခဲ့တဲ့ အမှုတွေသာ ဖြစ်ပြီး ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

အခုလို တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးအရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှု၊ အသံထွက်နိုင်မှု အားနည်းသွားတာမဟုတ်ပေမယ့် အဖက်ဖက်သော အခြေအနေတွေအရ လျော့နည်းလာရခြင်းကလည်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် နိုင်ထက်စီးနင်း ပြုလုပ်လိုသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ရရှိနေတာဖြစ်တယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုထားကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အဓမ္မပြုကျင့်မှု၊ သတ်ဖြတ်မှုဖြစ်စဉ်တွေအပေါ် ချက်ချင်းဆိုသလို တရားမျှတမှု ရရှိဖို့၊ ပြစ်မှုကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့ ကြေညာချက်ထုတ်ပြန်တောင်းဆိုတာတွေ မကြာခဏ ပြန်တွေ့လာရပါတယ်။

ကရင်နီမှာလည်း သေဆုံးနေတဲ့ အမျိုးသမီးတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရလေ့ရှိပြီး ဘာကြောင့်သေဆုံးကြောင်းကိုတော့ အဖြေရှာနိုင်တဲ့အထိ စစ်ဆေးအဖြေထွက်နေတာတွေကို မတွေ့ရသေးပါဘူး။

လတ်တလောမှာလည်း SH (sexual harassment) နဲ့ ပတ်သက်တဲ့ case တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ပြောဆိုလာတာတွေ ခပ်စိတ်စိတ် ရှိနေပေမဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ဆောင်ရွက်ပေးနိုင်မယ့် အခင်းအကျင်းတွေ မရှိနေသေးဘူးလို့ ထုတ်ဖော်ပြောကြားလာသူနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

တရားဥပဒေအရ အရေးမယူနိုင်သေးရင်တောင် လူမှုရေးအပြစ်ဒဏ်အနေနဲ့ သူတို့နဲ့ အလုပ်တွဲမလုပ်တာ၊ သူတို့ပါဝင်တဲ့ လုပ်ငန်းတွေမှာ မပတ်သက်တာ စတဲ့နည်းလမ်းတွေနဲ့ လူမှုရေး ဒဏ်ခတ်နိုင်ပေမဲ့ လတ်တလောဖြစ်ရပ်တွေမှာတော့ ကျူးလွန်သူတွေကို သူတို့ပါဝင်ခဲ့ဖူးတဲ့ အဖွဲ့အစည်းအသီးသီးက ထုတ်ပယ်တယ်ဆိုတဲ့ အရေးယူမှုလောက်သာ ရှိနေသေးတယ်လို့ အဆိုပါ အမျိုးသမီးက သုံးသပ်ပြောဆိုထားပါတယ်။

“နောက်တခုက ပဋိပက္ခကြားမှာ လက်နက်ကိုင်နဲ့နွယ်တဲ့ အကြမ်းဖက်မှုတွေ များတယ်။ ဒါကိုကိုင်တွယ်ရခက်တယ်။ ထိခိုက်မှုကတော့ အမျိုးသမီးရဲဘော်တွေပေါ့။ ဖော်ထုတ်ရခက်သလို အာဏာကိုအလွဲသုံးပြီး ဖုံးဖိကြတယ်။ နောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပေါ့၊ ပတ်ဝန်းကျင်မှာ အများကြီးဘဲ မိသားစု အသိဆွေမျိုးတွေထဲကဘဲ ပြောရမယ်ဆိုရင် ထိကပါးရိကပါး ပြောတာတွေ ကိုင်တာတွေပေါ့။” လို့ SH ကိစ္စတွေ ပိုမိုဖြစ်ပွားလာနေတာနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးက ကရင်နီရဲ့ အခြေအနေကို ပြောပြပါတယ်။

ကျေးလက်ဒေသတွေမှာတော့ အထက်ပါဖြစ်စဉ်တွေ ဖြစ်ပွားလာခဲ့ရင် ရိုးရာဓလေ့တွေနဲ့ ဖြေရှင်းလေ့ရှိကြပါတယ်။ တချို့ဒေသတွေမှာ သက်ငယ်မုဒိန်းမှု ဖြစ်လာရင်တောင် ကျေးရွာအမည် အမည်းစက်ဖြစ်သွားမှာကို စိုးရိမ်စိတ်တွေ ရှိနေတာကြောင့်လည်း ထုတ်ဖော်ပြောကြားဖို့ ခက်ခဲနေကြတယ်လို့ လူမှုအသင်းအဖွဲ့တွေက သုံးသပ်ပြောဆိုထားကြပါတယ်။

“သူတို့က ဒီ case တွေကို ပါဝင်ပတ်သက်လိုက်လို့ရှိရင် လူမှုရေးအရ ရွာတွေမှာက အချင်းချင်းမုန်းတီးမှုတွေ၊ သူ သက်သေထွက်ဆိုလိုက်လို့ ကျနော်တို့အမျိုးက ဒီလိုဖြစ်သွားတယ်တို့ အဲ့လိုမျိုးတွေပေါ့။ တရားမျှတမှုကို အမှန်တကယ် ရချင်တာမဟုတ်ပဲနဲ့ ရွာတွေမှာ အချင်းချင်းပိုပြီးတော့ လူမှုရေးပဋိပက္ခ တမိသားစုနဲ့တမိသားစုကြား ထပ်ဖြစ်မှာကိုလည်း သူတို့ မရင်ဆိုင်ချင်ကြတာမျိုးလည်း ရှိတာပေါ့နော်။”

ဒါက ကျေးလက်ဒေသတွေမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အထူးသဖြင့် သက်ငယ်မုဒိန်းမှုတွေ ဖြစ်ပေါ်လာရင် ထုတ်ဖော်ပြောဆိုကြဖို့ကို ကျေးရွာလူကြီးတွေကိုယ်တိုင် တွန့်ဆုတ်နေရတဲ့ အချက်များစွာထဲက တချက်ပဲ ဖြစ်ပါတယ်။ ဒါတွေကို အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတွေ ကိုယ်တိုင်ကလည်း ခေတ်အဆက်ဆက် ရင်ဆိုင်နေရဆဲ စိန်ခေါ်ချက်တချက် ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

spot_img

Recent posts