ကန္တာရဝတီတိုင်း(မ်)
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ဘာပေါင်ကျေးရွာ အုပ်စုအတွင်းမှာ ကာဂျီကီ မုန်တိုင်းအရှိန်ကြောင့် မိုးရေကြီးခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ အဆောက်အဦး အပြင် ကား၊ ဆိုင်ကယ် တချို့ ရေထဲမျှောပါခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကျေးရွာတရွာအနီးက တံတားမှာ ရေကြီးရေလျှံမှုဖြစ်ကာ ကျေးရွာအတွင်းထိ ရေဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အိမ်မွေး တိရိစ္ဆာန်တချို့လည်း ရေထဲမျှောပါခဲ့တယ်လို့ ဆိုပါတယ်။
“အလုပ်သွားရင်းနဲ့ သွားကြည့်တာ။ သိသလောက်တော့ ဘာပေါင်တံတားမှာ ရေကြီးလွန်းလို့ ရွာထဲပါ ရောက်လာတာ။ အိမ်တွေ ဆိုင်တွေ ပြီးတော့ ဆိုင်ကယ်၊ကား တွေ ဆိုင်ကယ် ၄ စီးတွေ့တယ်။ ကားက ၁ စီး ပါသွားတယ်”လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။
အလားတူ မယ်ဟောင်ဆောင် ခရိုင်အတွင်းက ကယန်းတိုင်းရင်းသားတွေနေထိုင်တဲ့ ကယန်းသာယာကျေးရွာ(ဟွေ့ပူကဲ) မှာလည်း ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်းမှာ အကြီးမားဆုံး ရေကြီးရေလျှံမှု ဖြစ်တယ်လို့ ကျေးရွာနေဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၄ ရက်နေ့မှာ အသိပေးထားတဲ့ ကာဂျီကီ မုန်တိုင်းအခြေအနေနဲ့ ဆက်စပ်ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံအတွင်းက နေရာအများစုမှာ ရေကြီးရေလျှံမှု ကြုံတွေ့နေရတာပါ။
အဆိုပါ ကာဂျီကီမုန်တိုင်းကြောင့် သြဂုတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၃ ရက်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက မယ်ဟောင်ဆောင် အပါအဝင် ချင်းမိုင်၊ ဖူးဆန် (Phayao) နဲ့ နန့် (Nan)စတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ကိုလည်း ထိုင်းသတင်းဌာနတွေမှာ အသိပေးဖော်ပြထားပါတယ်။