ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ စစ်ကော်မရှင်တပ်က ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပေမယ့် မြေပြင် မှာ တော်လှန်ရေးတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဖက်က သူတို့ ဒီးမော့ဆိုမြို့ပေါ်လောက်ကိုပဲ နေရာရထားသေးတယ်ပေါ့။ တစ်မြို့လုံး လုံးဝထိန်းချုပ်နိုင်သွားပြီလို့တော့ မဟုတ်ပါဘူး။ တိုက်ပွဲက ဖြစ်နေဆဲပဲလေ။ နှစ်ဖက်တိုက်ပွဲ ဖြစ်နေဆဲပဲ ။ သူတို့(စစ်ကော်မရှင်) ဖက်တော့ လက်နက်ငယ် လက်နက်ကြီး ဒရုန်းအကုန်ချပြီး သုံးတာ။”လို့ ရှေ့တန်း သတင်းအရင်းအမြစ် တစ်ဦးက ဆိုပါတယ်။
နေ့စဥ် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဖက်က ထိခိုက်ကျဆုံးမှုများကာ တိုက်ပွဲအတွင်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပြန်လည်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆို မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်းကို ဒီးမော့ဆိုမြို့အဝင်ဆိုင်းဘုတ်၊ ငွေတောင်ဆည်၊ မြို့နယ်ခန်းမ၊ ဆေးရုံ ၊ အထက်တန်းစာသင်ကျောင်း ရှေ့မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေနဲ့အတူ စစ်ကော်မရှင်တပ်က ထုတ်ပြန်ထားတာပါ။ နယ်မြေလုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း စစ်ကော်မရှင်က ဆိုထားပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့ပေါ်ကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ယနေ့အထိ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသလို နှစ်ဖက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။
စစ်ကော်မရှင်ဝက်ဆိုဒ်စာမျက်နှာမှာတေ့ “ရန်နိုင်မင်း” စစ်ဆင်ရေးနဲ့အတူ ဒီးမော့ဆိုမြို့ကို စစ်ဆင်ရေးကာလ (၁၆)ရက်ကြာ ပြုလုပ်ခဲ့ပြီး စစ်ဆင်ရေးအတွင်း နှစ်ဖက် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၂၃) ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး အလောင်း (၆)လောင်းနဲ့ လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရထားတယ်လို့ စစ်ကော်မရှင်က ဆိုထားပါတယ်။