ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ကိုဝင်လာတဲ့ ကုန်စည်လမ်းကြောင်းတွေ တပတ်ကျော် ပိတ်ထားရတာကြောင့် စက်သုံးဆီဖြစ်တဲ့ ဓာတ်ဆီနဲ့ ဒီဇယ်တွေ ပြတ်လပ်နေပြီး စျေးမြှင့်တက်လာတာကြောင့် လူထုတွေ ဝယ်ယူဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
“၄ ရက်လောက် ဆီပြတ်နေပြီပေါ့၊ ဆီမပြတ်ခင်ဆို တစ်ပေပါ ၁၂ သိန်းရှိတယ်၊ အဲတုန်းက တစ်လီတာ ၅၅၀၀ ကျပ်ပေါ့၊ အခုသွားဝယ်ရင် ပေပါမရဘူး၊ ပုံးနဲ့ တစ်ပုံးနှစ်ပုံးပဲရတယ်၊ အဲတော့ တစ်လီတာ ၇၀၀၀ အထိ ရှိသွားတာပေါ့”လို့ ဒီးမော့ဆိုမြိုနယ်မှာ စက်သုံးဆီရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။
ဇွန်လ ၁၆ ရက်နေ့ ကစပြီး စက်သုံးဆီတွေကို အကန့်အသတ်နဲ့ စတင်ရောင်းချနေရကြောင်းလည်း အဆိုပါ စက်သုံးဆီရောင်းသူက ပြောပါတယ်။
ကရင်နီပြည်ကို ကုန်စည်တွေဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးမှုတွေ တင်းကြပ်နေသလို၊ စစ်ကြောင်းထိုးတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် စက်သုံးဆီနဲ့ တခြားကုန်ပစ္စည်းတွေ ဝင်ရောက်နိုင်မှု နည်းနေတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စျေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“လမ်းလည်းတအားဆိုးတယ်လေ။ Faw ကား (ကုန်ကားကြီး) တွေ သွားလို့ လမ်းတအားပျက်တယ်။ ခုတော့ မသွားခိုင်းတော့ဘူးထင်တယ်။ နောက်ပြီးတော့ သွားလို့လည်းမရဘူး။ လမ်းတအားချော်တော့ ဘယ်သူမှ လည်းမသွားတော့ဘူး။“ လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စျေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ယခုလို ဒီးမော့ဆိုမြို့နယ်အတွင်း ကုန်သွယ်လမ်းတွေ ပိတ်သွားတာကြောင့် အချို့ ဓာတ်ဆီ၊ ဒီဇယ်ရောင်းဝယ်သူတွေ အများစုကလည်း ဆိုင်ပိတ်ထားရတာမျိုး တွေ့မြင်နေရပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်း ကုန်သွယ်လမ်းကြောင်းတွေ မပိတ်ခင်အထိ ဓာတ်ဆီ ၁ လီတာ ၅၀၀၀ ကျပ်၊ ဒီဇယ် ၁ လီတာကို ၅၅၀၀ ကျပ်ရှိပြီး ယခု ဓာတ်ဆီ ၁ လီတာ ၇၀၀၀ ကျပ်၊ ဒီဇယ် ၁ လီတာ ၇၅၀၀ ကျပ်အထိ ဈေးရှိနေပါတယ်။