ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ပွန်ချောင်းဘေးတနေရာက စစ်ရှောင်တွေ ကိုယ်ထူကိုယ်ထ စစ်ရှောင်စာသင်ကျောင်းကို စတင်ဖွင့်လှစ်နေပြီဖြစ်ပေမယ့် ကျောင်းသုံးသင်ထောက်ကူပစ္စည်းတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ခံ ကိုရယ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“သင်ကြားရေးနဲ့ပတ်သက်ပြီးတော့ အဓိက အခက်အခဲက ဖတ်စာအုပ်ပေါ့နော်။ ပြီးတော့ ဘောပင်၊ ဗလာစာအုပ်တွေက လက်ရှိတော့ရှိပေမဲ့ တစ်နှစ်လုံး အဲ့ဒီဟာနဲ့ သွားမယ်ဆို မလုံလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါတွေ ထပ်ရှာရအုံးမယ်ပေါ့။ White board တွေက အသစ်တော့ စုစုပေါင်းမှ ၃ ချပ်ဘဲရှိတယ်။ ကျန်တဲ့ဟာကတော့ အဟောင်းတွေဖျက်ပြီးမှ သေချာပြန်ရိုက် ( သံချွန်ရိုက် ) ကြတယ် အဲ့လိုမျိုးတော့ လုပ်ကြပါတယ်။” လို့ ကျောင်းတာဝန်ခံ ကိုရယ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က Grade – 9 အထိသာ ဖွင့်လှစ်ခဲ့ပေမယ့်၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာတော့ ကျောင်းသားမိဘတွေရဲ့တောင်းဆိုမှုအရ Grade – 10 အထိ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ လိုအပ်တဲ့ ကျောင်းသုံး သင်ထောက်ကူပစ္စည်း၊ ဗလာစာအုပ် ၊ ကျောင်းဆရာ ဆရာမတွေရဲ့ လစဉ် ထောက်ပံ့ကြေးတွေကို ရရှိအောင် အကူအညီတောင်းခံသွားမယ်လို့လည်း ကျောင်းတာဝန်ခံတစ်ဦး က ဆက်ပြောပါတယ်။
ကျောင်းသုံးဖတ်စာအုပ်ကို Garde – 7 နဲ့ Grade – 10 က ကျောင်းသားအတွက်သာ ရှိသေးပြီး ကျန်တဲ့ အတန်းက ကျောင်းသားတွေအတွက် ဖတ်စာအုပ်ရရှိဖို့ အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။
စစ်ရှောင်စခန်းမှာ နေထိုင်ရတဲ့ ကျောင်းသားမိဘအတွက် ငွေကြေးအခက်အခဲရှိတာကြောင့် ဖတ်စာအုပ်ကို မဝယ်ပေးနိုင်သေးဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“အဒေါ် ကလေးက အသက် ၁၄ နှစ် ၈တန်းရောက်ပြီ။ ဒီမှာက နှမ်းလုပ်တယ် နှမ်းစိုက်ရာသီဆိုတော့ ငွေတွေက စိုက်ပျိုးရေးအတွက် သုံးတာပိုကုန်သွားတာပေါ့နော။ စစ်ရှောင်ဆိုတော့ တခြားအလုပ်အကိုင်လည်းမရှိတော့ အဆင်သိပ်မပြေဘူး။ ကလေးအတွက် ကျောင်းသုံးအဆောင်တွေ ဗလာစာအုပ်တွေတော့ လိုအပ်နေသေးတယ်။”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
စစ်ရှောင်စာသင်ကျောင်းကို KG တန်းကနေ Grade – 10 ထိ ကို စတင်ဖွင့်လှစ်သင်ကြားနေတာပါ။ ကျောင်းသားဦးရေ ၈၄ ဦးရှိပြီး ဆရာ၊ ဆရာမ ၁၆ ဦးကနေ သင်ကြားပေးနေတယ်လို့ သိရှိရပါတယ်။
ကရင်နီပြည်က စစ်ရှောင်စခန်းအများစုမှာ ယခုပညာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားနေပေမယ့် ကျောင်းဆောင် ၊ သင်ထောက်ကူပစ္စည်းတွေက လိုအပ်ချက်များပြားနေဆဲဖြစ်တယ်လို့ သိရပါတယ်။