ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ ဒေသခံတွေ တနိုင်တပိုင်မွေးမြူထားတဲ့ နွားတွေ အရေပြားအကျိတ်ဖု (Lumpy Skin disease) လို့ ခေါ်တဲ့ ရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အဆိုပါ ရောဂါဖြစ်ပွားနေတာ (၂) လ လောက်ရှိပြီ ဖြစ်ပြီး အခုလို ဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
ရောဂါဒဏ်တွေ မခံနိုင် အရွယ်ငယ်တဲ့ နွားတွေဟာသေဆုံးမှုတွေ ရှိနေသလို မိုးတွင်း ကာလ ဖြစ်လို့ ခြင် ၊ယင် တွေ ပေါများတာကြောင့်လဲ ရောဂါကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တယ်လို့ ကုသပေးတဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ မွေးမြူရေး နှင့် ကုသရေးဌာန က ညွန်ကြားရေးမှူး တာဝန်ရှိသူ တစ်ဦးက အခုလို ပြောဆိုပါတယ်။
“မိုးတွင်းလည်း ဖြစ်တာကြောင့် ခြင် ၊ ယင် တွေပေါပြီး ပိုးကူးစက်တာတွေ ပိုမို မြန်လာတာပါ။ သိရသလောက်တော့ ကျေးရွာလေးရွာမှာ ဖြစ်ပွားနေပါတယ်။ နောက်ထပ်ပြီးတော့လည်း စုံစမ်းနေဆဲပါ။ ယခုကွင်းဆင်းကြည့်ခဲ့တဲ့အချိန်အထိတော့ လေးကောင်လောက် သေပြီ။ ရောဂါဒဏ်မခိုင်နိုင်တဲ့ အကောင်ငယ်တွေမှာ သေကြတယ်။ လမ်းပန်းဆက်သွယ်ရေး အနေအထားရ ကျေးရွာမှာနေပြီး ကုသမှုမပေးနိုင်ပေမယ့် တတ်ကျွမ်းတဲ့ ကြက်ခြေပြာနဲ့ တာဝန်ရှိသူတွေကို လိုအပ်တဲ့ ကုသဆေး ၊ ဖြန်းဆေး တွေကို အသုံးပြုဖို့ လမ်းညွှန်ပေးခဲ့ပါတယ်။ ဆက်လက်စောင့်ကြည့်ပြီး ကုသပေးဖို့ လည်း ရှိပါတယ်” လို့ တာဝန်ရှိသူက ပြောပါတ်။
ရောဂါတွေ ထပ်မံ မဖြစ်ပွားနိုင်အောင် နွားခြံ နှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုရှိဖို့ လိုသလို ရောဂါ ဖြစ်ပွားနေတဲ့ နွားတွေကိုလည်း သီးသန့်ခွဲထားဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို အရှေ့ဘက် ခြမ်းက ကျေးရွာ လေးရွာလေးရွာမှာ ဖြစ်ပွားနေတာ ဖြစ်ပြီး အခုလို နွားတွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတွေနဲ့ ပက်သက်ပြီးတော့ နွားနွေ တနိုင်တပိုင် မွေးမြူနေကြတဲ့ ကျေးရွာ ဒေသခံတွေကိုလည်း ဆက်လက် အသိပညာ ပေးတာတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
ကရင်နီဒေသခံတွေဟာ စစ်ဘေးရှောင်ကြောင့် တိမ်းရှောင်ရပြီး ကျေးလက်မှာ ကျန်ရှိတဲ့ ကျွဲ၊ နွား တိရိစ္တာန်တွေ ဆုံးရှုံးမှုတွေ ရှိနေသလို အခုလို ဖြစ်ပေါ်နေတဲ့ ရောဂါတွေကြောင့် သေဆုံးတာတွေကိုလဲ ရင်ဆိုင်နေရကြပါတယ်။