ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဒီးမော့ဆို- မယ်စဲ့ သွားတဲ့လမ်းမှာ သြဂုတ်လ ၃၀ ရက်နေ့က ခရီးသည်တင်ဆောင်လာတဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး လိုက်ပါစီးနှင်းလာတဲ့ ခရီးသည်တစ်ဦး သေဆုံးသွားတယ်လို့ ကုန်တင်ကားမောင်းသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အဓိကကတော့ လမ်းချော်တာကြောင့်ပါပဲ။ အဲဒီမှာပဲ ကားက လှိမ့်ကျသွားတယ်ပြောတယ်။ အမျိုးသမီးတစ်ဦးကတော့ ဆုံးသွားပြီးတော့ ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းတယ်လို့ပြောတယ်” လို့ ကုန်တင်ကားနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
သေဆုံးသူရဲ့ အချက်အလက်ကို ကန္တာရဝတီတိုင်း (မ်) က စုံစမ်းမေးမြန်းခဲ့ပေမယ့် အတိအကျ မသိရှိရသေးပါဘူး။
အဆိုပါ တိမ်းမှောက်သွားတဲ့ ကားက ကုန်နဲ့ ခရီးသည်ကို တင်ဆောင်လာခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီးမော့ဆို-မယ်စဲ့ လမ်းဟာ မိုးရာသီမှာ လမ်းချော်ပြီး ပျက်စီးမှု များတတ်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကလည်း ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ဖက်) ပွန်ချောင်းမှာ ခရီးသည်တင်ဆောင်လာတဲ့ ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။