ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာရှိတဲ့ လယ်စပါးခင်းတွေကို ခရုတွေဖျက်ဆီးနေသလို စပါးဖျက်ပိုးတွေကျရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပိုးတွေစားတယ်၊ မြေအောက်ပိုးက တမျိုး၊ အပင်ကိုက်တာတမျိုး ရှိတယ်။ အပင်ကိုစားလို့ရှိရင် စပါးက သေကုန်တယ်။”လို့ ဒေသခံတောင်သူအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရတော့ ခရုနဲ့ စပါးဖျက်ပိုးတွေကျရောက်နေတဲ့ စပါးခင်းဧက ထောင်နဲ့ချီရှိတယ်လို့ ဆိုပါတယ်။
ပျက်စီးသွားတဲ့ စပါးခင်းတွေကိုတော့ အသစ်ပြန်လည်စိုက်ပျိုးကြသူတွေလည်းရှိပါတယ်။ အခုလို စပါးခင်းတွေပျက်စီးသွားတာကြောင့် တောင်သူအများစုဟာ စိုက်ပျိုးမှုကုန်ကျစရိတ်တွေ ပိုမိုကုန်ကျပြီး အခက်အခဲတွေများပြားနေကြပါတယ်။ စပါးခင်းတွေကို ဆေးဖြန်းရာမှာလည်း လူငှားရမ်းရပြီး ဆေးဖြန်းပုံး တစ်ပုံးစာအတွက် ၃ ထောင်ကျပ် ပေးဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဆေးဖြန်းရင်လည်း မြက်တွေက မသေဘူး။ ဆေးဖြန်းဖိုး(ခ)လည်း တစ်ပုံးကို ၃၀၀၀ နှုန်းနဲ့ ပေးရတယ်၊ ဆေးဝယ်ရတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့တောင်သူတွေအတွက် တအားအခက်အခဲရှိတယ်။”လို့ ဒေသခံတောင်သူအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဒီးမော့ဆိုအရှေ့ခြမ်းက တောင်သူတွေဟာ ခရုနဲ့ စပါးဖျက်ပိုး တွေကြောင့် အခက်အခဲဖြစ်နေကြတဲ့အပြင် စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ဆောင်နေကြစဉ်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးရန်တွေကိုလည်း စိုးရိမ်ထိတ်လန့်နေကြရပါတယ်။