ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်ဒီးမော့ဆိုမြို့နယ်မှာ မြေဩဇာတအိတ်ကို ကျပ်တစ်သိန်းအထိ စျေးရှိနေပေမယ့် လယ်ယာထွက်ကုန်ဖြစ်တဲ့ စပါးကိုဝယ်ယူပေးသူမရှိတာကြောင့် တောင်သူတွေအခက်တွေ့နေကြပါတယ်။
ကရင်နီပြည်ဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေတဲ့ပြည်နယ်ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးတောင်သူတွေ အများစုဟာ ထွက်ပေါ်လာတဲ့ စပါးကို ပြန်ရောင်းပြီးလိုအပ်တဲ့ ဓတ်မြေဩဇာတွေကို ပြန်ဝယ်ကာ နောက်တစ်မိုးအတွက် ပြန်စိုက်ကြရတာပဲ ဖြစ်ပါတယ်။
“အခု အနေအထားက ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စပါးဝယ်ပေးမယ့် ကုန်သည်တောင် မရှိသလောက်ပဲပေါ့နော်။ ဆန်စက်တွေမှာက အနည်းအကျဉ်းပဲ ဝယ် ပြီး အများကြီး မဝယ်ပေးနိုင်တော့ သူတို့ အခုဆို မြေဩဇာ လိုကြတော့ သူတို့ ရောင်းချင်ကြတယ်။ ရောင်းချင်သော်လည်း ဝယ်ပေးမယ့်သူမရှိဘူး” လို့ တောင်သူတစ်ဦးကပြောပါတယ်။
ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာတော့ စပါး တပိဿာကို ၂၂၀၀ ကျပ် သတ်မှတ်ထားပေမယ့်လည်း တစ်ကယ်တန်းမြေပြင်မှာတော့ အများဆုံးမှ ကျပ် ၂၀၀၀ ထိပဲ ပေးဝယ်နေကြတာ လို့ ဆိုပါတယ်။
အခုလို မြေဩဇာတွေ စျေး တက်ပြီး စပါးတွေ ရောင်းမရ ဖြစ်နေတဲ့ အချိန်မှာ စပါးခင်းတွေအတွက် ပေါင်းလိုက်ခအပြင် ပိုးသတ်ဆေး ၊ပေါင်းသတ်ဆေးတွေ၊ မြေဩဇာတွေ အတွက် ကုန်ကျစရိတ်တွေ အခက်အခဲရှိလာတယ်လို့ လယ်ယာလုပ်ငန်းကို အစဉ်အဆက် လုပ်ကိုင်လာသူ အသက် (၄၅)နှစ်အရွယ်အမျိုးသား တစ်ဦးက သူ့ရဲ့ အခက်အခဲကို အခုလိုပဲ ပြောဆိုပါတယ်။
“ကုန်ကျတာနဲ့ ပြန်ရတာနဲ့က မကိုက်ဘူး။ ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေးတွေ အကုန်လုံးထည့်နိုင်တဲ့သူတွေ အဆင်ပြေတဲ့သူတွေကျတော့ အရင်းတော့ ပြန်ရနိုင်တယ်။ ဒါပေမယ့် ကျနော်တို့လို အဆင်မပြေတဲ့ မိသားစုတွေ အတွက်က အရင်းတွေပဲ ကုန်သွားတယ်။ အဲတာတွေကို မလုပ်တော့ဘူးဆိုလည်း ကျနော်တို့မှာ တစ်ခြားလုပ်စရာမရှိဘူး” လိုက သူကပြောပါတယ်။
ကရင်နီပြည်ကို ဝင်လာတဲ့ လယ်ယာသုံး စိုက်ပျိုး ဓာတ် မြေဩဇာတွေကို သယ်ယူဖို့ စစ်ကောင်စီတွေ က တားမြစ်ထားတာတွေကြောင့် ကုန်သည်တွေမှာ တော့ရတဲ့ နည်းမျိုးစုံတွေ နဲ့ တင်သွင်းနေကြရတာပဲ ဖြစ်ပါတယ်။ အခုလို ဓာတ် မြေဩဇာတွေ စျေးမြင့်တက်နေတဲ့အပြင် ပြီးခဲ့တဲ့ ဇွန်လက စပြီး ဒီးမော့ဆိုကို ဝင်လာတဲ့ ကုန်စည်လမ်းကြောင့် ပိတ်ကုန်တာကြောင့် ဓာတ်ဆီ၊ ဒီဇယ်တွေ ဝယ်မရတာတွေ၊ စျေးမြှင့်မားတာတွေ ကြောင့် စိုက်ပျိုးရေး ပြုလုပ်နေကြတဲ့ တောင်သူတွေ အပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိနေတာ ပဲ ဖြစ်ပါတယ်။