ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ စစ်ကော်မရှင်ရဲ့ ခလရ ၁၀၂ တပ်ကနေ ထွက်လာတဲ့ စစ်ကြောင်းက ဒီးမော့ဆိုမြို့လယ်က ဒေါငံခါးကျေးရွာ၊ လမ်းခွအနီးကို ရောက်လာပြီဖြစ်တယ်လို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
သြဂုတ် ၄ ရက်နေ့မှာ စတင်လှုပ်ရှားလာတဲ့ ခလရ ၁၀၂ တပ်က စစ်ကြောင်းက သြဂုတ်လ ၁၈ ရက်နေ့အထိ တပ်ရင်းအခြေစိုက်စခန်းနဲ့ ၂ မိုင်ခန့်အကွာမှာရှိတဲ့ ဒေါငံခါးကျေးရွာ၊ လမ်းခွ အနီးကို ရောက်လာတာဖြစ်ပါတယ်။
“သူတို့က အခုက လမ်းခွကျော်ဖို့ဆို နှစ်ပေါက်ရှိတယ်လေး။ ပြည်အောင်ရတနာဖက်တစ်ပေါက်၊ မြောင်းအောက်ဖက်တစ်ပေါက်။ ပြည်အောင်ရတနာဖက်တစ်ပေါက်လည်း လမ်းခွဖက်ကို တော်တော်ကပ်လာပြီ။ စေတီ၊ စာသင်ကျောင်း အဲနားတစ်ဝိုက်ကို ရောက်နေပြီ။ မြောင်းအောက်ဖက်ကတော့ မြောင်းအပေါ်ဖက်လောက်မှာပဲ မြောင်းကို သူတို့မကျော်သေးဘူးပေါ့။ ဒါကတော့မနေ့က အနေအထားပေါ့။ ဒါပေမဲ့ ဒီရက်က ကျော်သွားတာလည်း ဖြစ်လည်းဖြစ်နိုင်တယ်။” လို့ မြေပြင် ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်တပ်က စစ်ကြောင်းနဲ့အတူ ဒရုန်း၊ လက်နက်ကြီး နေ့စဉ် ပစ်ခတ်မှုတွေပြုလုပ်နေပြီး မနေ့က သြဂုတ် ၁၈ ရက်မှာတော့ တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှုတွေကိုပါ အသုံးပြု ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းနဲ့ မိုင်အနည်းငယ်အကွာမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်လူထုတွေ ရှိရာကိုလည်း လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာကြောင့် ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၁၉ ရက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်အထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
၂၀၂၃ခုနှစ်က တစ်လေးလုံး စစ်ဆင်ရေးကြောင့် ဒီးမော့ဆိုမြို့ကနေ တပ်ဆုတ်ခဲ့ရတဲ့ စစ်ကော်မရှင်တပ်က တစ်နှစ်ကျော်အကြာမှာ ဒီးမော့ဆိုမြို့တွင်းကို တစ်ဖန် စစ်ကြောင်းပြန်ထိုးလာတာဖြစ်ပါတယ်။
ဒေသခံလူထုတွေအနေနဲ့လည်း လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို အသုံးမပြုကြဖို့နဲ့ စစ်ရေး သတိရှိကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တိုက်တွန်းနှိုးဆော်ထားပါတယ်။