ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသထွက် ကုန်ပစ္စည်းနဲ့သီးနှံတွေ ဝယ်ယူပေးနေသူတွေက လမ်းပိတ်တာတွေကြောင့် သယ်ယူပို့ဆောင်လို့မရတဲ့အတွက် ဝယ်ယူပြီးသားကုန်ပစ္စည်းခံတာအပြင် ပျက်စီးသွားတဲ့အထိရှိနေတယ်လို့ ဖရူဆိုမြို့က ဒေသထွက်ကုန်ပစ္စည်းဝယ်ယူပေးနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လမ်းပိတ်တော့ ပွဲစားတွေဆို အရမ်းခက်ခဲတာပေါ့၊ မိုးရွာတော့။ တောင်ငူဖက်က လမ်းပိတ်တာနဲ့ တိုးတယ် ပြီးတော့ ရေနီဘက်ကနေ သွားတယ်၊ ဒါပေမယ့် ရေနီက လမ်းမကောင်းတော့ ဒီ လွိုင်ကော်ဘက်ပဲ ပို့လို့ရတယ်၊ သွားလာလို့ရတာပေါ့။ ဒါပေမယ့် ဒီလွိုင်ကော်ဘက်ကလည်း လိုင်စင်မရှိတဲ့ Without ကားတွေလိုက်ဖမ်းတော့ ပိုဆိုးတယ်၊ ဒီဘက်ပို့လည်းမရဘူး၊ ဟို ဘက်သွားလည်းမရဘူး အခက်အခဲဖြစ်တယ်၊ ဒီကြားထဲ မိုးကလည်း ရွာနေတော့ ဝယ်ထားတဲ့ ပစ္စည်းအကုန်လုံး ခံတယ်၊ နှစ်ပတ်လောက်ခံသွားတယ်လေး”လို့ ဒေသထွက် ကုန်ပစ္စည်းတွေဝယ်ယူပေးနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသထွက် ကုန်ပစ္စည်းတွေ အစုံဝယ်ယူထားသူတွေက မိုးရွာတာနဲ့ လမ်းပိတ်တာတွေကြောင့် သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေ ပျက်စီးတာရှိပြီး ပို့ဆောင်ဖို့ အခက်အခဲဖြစ်သွားတယ်လို့ ဆိုပါတယ်။
“ကျမ ဒီပဲဖတ်က အိတ် တစ်ရာလောက်ခံသွားတယ်၊ ချိတ်က ကုန်ချိန် ၆၀၀ ကျော်တော့ ခံနေတာပေါ့၊ မြေပဲဆို ၇ သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးထားတယ်၊ ပို့လိုလည်းမရဘူး ပို့မယ်ဆိုလည်း လမ်းခရီးကလည်း အဆင်မပြေဘူး” လို့ သူက ဆက်ပြောပါတယ်။
ယခင်ကတော့ ဒေသထွက် ကုန်ပစ္စည်းဝယ်ယူနေတဲ့ ပွဲစားကုန်သည်တွေက ပစ္စည်းတွေကို တောင်ငူဘက်ပို့ဆောင်ကြပါတယ်။ ဒါပေမယ့် လမ်းပိတ်တာကြောင့် တစ်လကျော်ကြာအထိ ပို့လို့မရတော့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ဒေသထွက်သီးနှံတွေကို လွိုင်ကော်၊ တောင်ကြီးဘက်ကို ပို့ဆောင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လွိုင်ကော်မြို့တွင်းမှာလည်း လတ်သလော လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးတာတွေကြောင့်လည်း အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“လမ်းတော့ ပိတ်တာပေါ့၊ ဘယ်ဖက်ကို ပို့ရမလဲ မသိတော့ဘူး၊ လွိုင်ကော်ဖက်လည်း ပို့မရ၊ မိုးလည်းရွာ၊ လွိုင်ကော်ဖက်လည်း တအားစစ်ဖမ်းတယ်၊ နောက် တောင်ငူဖက်လည်း လမ်းပိတ်ဆိုတော့ ရေနီဖက်ကနေလည်း ကားကြီးဆို ပေးမဝင်ဘူးဆိုတော့ ကုန်ပစ္စည်းပျက်စီးတာ များနေတယ်” လို့ ဒီးမော့ဆိုမြို့နယ်ထဲက ဒေသထွက်ကုန်ပစ္စည်းဝယ်ယူပေးနေသူ အမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။
လမ်းခရီးအခက်အခဲကြောင့် ပစ္စည်းဝယ်ယူပေးရတဲ့နေရာမှာ စျေးအတက်အကျ မြန်ဆန်တာမျိုးလည်းဖြစ်နေပြီး ဝယ်ယူထားသူတွေကလည်း ဆုံးရှုံးသွားတာတွေ ရှိနေပါတယ်။ လက်ရှိရာသီမှာတော့ ဝဥ၊ မြေပဲ၊ ပဲဖတ်၊ ချိတ် စတာတွေအပြင် တောထွက်ပစ္စည်းဖြစ်တဲ့ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်တွေပါ ဝယ်ယူကြတယ်လို့ သိရပါတယ်။