spot_imgspot_imgspot_imgspot_img
Sunday, August 3, 2025
spot_imgspot_imgspot_imgspot_img

နန်းမယ်ခုံမြို့ပေါ်က ဒေသခံတွေ နဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းက ဒေသခံတွေ အပါအဝင် စစ်ရှောင်ဦးရေ တစ်သောင်းတစ်ထောင်ဝန်းကျင်ကို ဘေးလွတ်ရာကို ရွေ့ပြောင်းထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရှမ်း-ကရင်နီနယ်စပ် ၊ ဖယ်ခုံ အရှေ့ဘက်ကမ်းဒေသခံတွေနဲ့ နန်းမယ်ခုံ ဒေသခံတွေ အပါအဝင် လူဦးရေပေါင်း တစ်သောင်းတစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာနေရာကို ရွေ့ပြောင်းတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ဒေသခံတွေကတော့ လမ်းကြောင်းဖွင့်တုန်းက ရွေ့ပြောင်းလာကြတဲ့ ဒေသခံတွေရှိသလို လမ်းပိတ်ပြီးနောက်ပိုင်း ထပ်မံရွေ့ပြောင်းလာတာတွေ ရှိနေတာပါ။ လက်ရှိအချိန်ထိ လူဦးရေ တစ်သောင်း တစ်ထောင်ဝန်းကျင်ကို ရွေ့ပြောင်းထားပြီး ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဆရာ ဗညားက အခုလို ပြောပါတယ်။

“အရင်လမ်းကြောင်းဖွင့်တုန်းက ရွေ့တာတွေ ရှိတယ်။ အခုနောက်ပိုင်း လမ်းကြောင်းပိတ်ပြီးတော့မှ အတတ်နိုင်ဆုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုံ စံအမျိုးမျိုးနဲ့ပေါ့နော်။ ရွေ့ပြောင်းနေကြတာ ရှိတယ်။ အဲတော့ ကျနော်တို့ ခန့်မှုန်းတာ အနည်းဆုံး တစ်သောင်းတစ်ထောင်ကတော့ ရွေ့ပြီးသွားပြီလို့ ပြောလို့ ရတယ်” လို့ ဆရာဗညား က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် စစ်ကြောင်း ရောက်နိုင်ချေ အနီးစပ်ဆုံးဖြစ်တဲ့ နန်းမယ်ခုံဘက် က ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒါ့အပြင် စစ်ကောင်စီ နှင့် PNO ပူးပေါင်းတပ်တို့ ဟာလည်း ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံ အရှေ့ဘက်ကမ်း ကို စစ်ကြောင်းထိုးလာတာကြောင့် ဖယ်ခုံ အရှေ့ဘက်ကမ်းက ဒေသခံတွေ ဟာလည်း ဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒေသခံတွေ တချို့မှာ ပိတ်မိနေတာကြောင့် (၁၅) ရက်ကျော် ကြာအောင် ခြေလျင်ခရီး လျှောက်လာခဲ့ ရတာတွေ ရှိနေပါတယ်။

“မိုးရေထဲမှာပဲ အိပ်ရတာပေါ့နော်။ အောက်ကလည်းအေးတယ်။ အပေါ်ကလည်း မိုးစိုတဲ့ အခါကျတော့။ တော်တော်ခက်ခဲတယ်။ အထူးသဖြင့် မိုးကာ မပါလာတဲ့ သူတွေ အတွက်ပေါ့။ ကလေးတွေကော၊ သက်ကြီးရွယ်အိုတွေကောပါတယ်။ ပြီးတော့ မသန်စွမ်း သိပ်ပြီးတော့ လမ်းမလျှောက်နိုင်တဲ့ သူတွေ ပါတော့ တော်တော် တော်တော် ဒုက္ခရောက်တယ်ပေါ့နော်” လို့ ၁၀ ရက်ကျော်ကြာအောင် လမ်းလျှောက်လာခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဝတ်တစ်ထည် ကိုယ်တခုနဲ့ လမ်းလျှောက် ထွက်လာခဲ့ရသူတွေ အများကြီးရှိနေတာကြောင့် သူတို့ရဲ့ နေထိုင်ရေး၊ စားဝတ်နေရေး ၊ ပညာရေး ကစ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဆရာ ဗညားက အခုလို ဆက် ပြောပါတယ်။

“ တချို့က ခြေကျင်နဲ့ ထွက်လာရတဲ့ သူတွေ ရှိတော့ စားနပ်ရိက္ခာ ပါမလာဘူးပေါ့နော်။ ရှင်းရှင်းပြောရရင် အဝတ်တစ်ထည် ကိုယ်တခုနဲ့ ပဲ ထွက်လာရတော့ သူတို့ရဲ့ အဝတ်အစားတွေ စားဖို့ သောက်ဖို့တွေ ၊ ကျန်းမာရေး ၊ ပညာရေး ကိစ္စတွေ စတဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ ရောက်တဲ့ နေရာအရပ်မှာ နေဖို့ ထိုင်ဖို့ စိန်ခေါ်မှုတွေ ရှိတယ်။ မိုးတွင်းဖြစ်တော့ အမိုးအကာ လိုအပ်ချက်တွေ နောက်ပြီးတော့ နေရာတိုင်းလိုလိုက စစ်ရှောင်တွေ ရှိထားတယ်ဆိုတော့လေနော် ။ ထပ်ပြီးတော့မှ အားလုံးကို လက်ခံနိုင်ဖို့ အတွက်ကလည်း ကျေးရွာတွေမှာလည်း အခက်အခဲ ရှိနေပါတယ်” လို့ ဆရာဗညားက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နီးစပ်ရာ စစ်ရှောင်စခန်း အသီးသီးတွေမှာ နေထိုင်နေကြပြီး တချို့တွေမှာတော့ နီးစပ်ရာ ဆွေမျိုးတွေ ဆီမှာ နေထိုင်နေကြတာတွေ ရှိနေပါတယ်။ နေရာတိုင်းမှာ စစ်ရှောင်တွေ ရှိနှင့်နေပြီးသား ဖြစ်ပေမယ့်လည်း အခုလို ထပ်မံရောက်ရှိလာတဲ့စစ်ရှောင်တွေကို စစ်ရှောင်စခန်း ကော်မတီတွေ၊ ကျေးရွာ တာဝန်ရှိသူ တွေ အနေနဲ့ အတတ်နိုင်ဆုံး ဝိုင်းဝန်ကူညီပေးကြဖို့ လည်း ဆရာဗညားက တိုက်တွန်းပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလအတွင်း အပြင်းအထန် ထိုးစစ်ဆင်လာပြီး ၂၀၂၅ ဇူလှိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာတော့ မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကနေဆင့် မိုးဗြဲ – လွိုင်ကော် လမ်းမကြီးကို ဆက်လက်စစ်ကြောင်းထိုးလာခဲ့ပြီး ဇူလိုင်လ (၁၀) ရက်နေ့မှာတော့ အဆိုပါလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

spot_img

Recent posts