ကန္တာရဝတီတိုင်း(မ်)
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေစုပေါင်းပြီး နယ်စပ်မှာ ဆယ်စုနှစ်ကြာ ခိုလှုံနေထိုင်နေကြတဲ့ မြန်မာဒုက္ခသည်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ထိုင်းအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထိုင်းအစိုးရ အမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ တွေ့ဆုံခဲ့ကြရာ ဒုက္ခသည်တွေ စားဝတ်နေရေးဖြေရှင်းဖို့အတွက် နေ့စားအလုပ်၊ သန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်း၊ လယ်ယာမြေလုပ်ငန်း၊ လက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စတာတွေကို ဝင်ရောက်လုပ်ကိုင်နိုင်ခွင့်ရရှိရေး တောင်းဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“အဲဒီအပေါ်မှာ စဥ်းစားပေးမယ်လို့ပြောတယ်။ သူတို့လုပ်ငန်းရရှိဖို့အရေး စဥ်းစားပေးမယ်။ ဒါပေမဲ့ လက်ရှိ အခြေနေတော့ မဖြစ်ပေါ်လာနိုင်သေးဘူးပေါ့နော်။ ဆိုလိုချင်တာက ကြာမယ်ကွာ၊ လုပ်တော့လုပ်ပေးမယ်။ နဲနဲတော့ ကြာမယ်။ အခြေနေတစ်ခုကို သူတို့စောင့်ရဦးမယ်ပေါ့နော်။ ဘာဖြစ်လဲဆိုတော့ ထိုင်းနိုင်ငံရေးကလည်း အခုနဲနဲရှုပ်ထွေးနေသေးတယ်ပေါ့နော်” လို့ တက်ကြွလှုပ်ရှားသူက ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်း အမေရိကန်အစိုးရက နိုင်ငံတကာအကူအညီ ရပ်တန့်စေခဲ့ပြီးနောက် လာမယ့်ဇူလိုင်လ ၃၁ ရက်နေ့မှာ နယ်စပ်ဒုက္ခသည်စခန်းကိုပေးနေတဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရပ်ဆိုင်းသွားမှာဖြစ်တာကြောင့် အလုပ်အကိုင်အခွင့်အလမ်း တောင်းဆိုရခြင်းဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်းအစိုးရရဲ့ ဥပဒေကြောင့် နယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေအတွင်း နေထိုင်သူတွေက ပြင်ပလုပ်ငန်းတွေကို လုပ်ကိုင်ခွင့် မရှိသလို စခန်းအပြင်ဖက်ကိုလည်း သွားလာလှုပ်ရှားခွင့်မရှိဘူးလို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။
နိုင်ငံတကာအကူအညီရပ်တန့်သွားရင်လည်း စခန်းတွင်း မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အဓိကကတော့ စားဝတ်နေရေးပေါ့လေ။ အဲနောက်ဆက်တွဲကတော့ အိမ်တွင်းမှု ပြဿနာတွေစသဖြင့်ပေါ့” လို့ သူက ဆိုပါတယ်။
ထိုင်း- မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း (၉) ခုရှိပြီး လူဦးရေ ၁၀၇,၅၀၂ ဦးရှိပေမဲ့ အာဏာပိုင်တွေရဲ့ တရားဝင်စာရင်းအချက်အလက်အရ လူဦးရေ ၉၀,၇၅၉ ဦး သာရှိတယ်လို့ လို့တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။ ဒါ့ကြောင့် တရားဝင်စာရင်း ကောက်ယူဖို့ကိုလည်း တပါတည်း တောင်းဆိုထားပါတယ်။
မြန်မာ့အရေးအခင်းကြောင့် ထိုင်း- မြန်မာနယ်စပ်မှာ ၁၉၄၈ ခုနှစ်ကစပြီး ၄၁ နှစ်ကြာ လာရောက်ခိုလှုံနေထိုင်သူတွေအများစုက ကရင် နဲ့ ကရင်နီပြည်က ဒေသခံတွေဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။