ကန္တာရဝတီတိုင်း (မ်)
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း အမှတ် ၈၀၂ မှ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း သတ်ဖြတ်ခံရမှုကို ကယန်းပြည်သစ်တပ်မတော်က ပွင့်လင်းမြင်သာစွာ ချပြမယ်လို့ နေပြည်တော်တိုင်းစစ်ဌာနဘက်က သတင်းထုတ်ပြန်ပါတယ်။
ရဲဘော်ကိုစိုင်းသတ်ဖြတ်ခံရမှုဖြစ်စဥ်ကို နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူတွေနဲ့ မဟာမိတ်အဖွဲ့အစည်းတို့ပူးပေါင်းပြီး ကယန်းပြည်သစ်တပ်မတော်ရုံး အခြေစိုက်ရာနယ်မြေမှာ မတ်လ ၁၈ ရက်နေ့က သွားရောက် ဆွေးနွေးခဲ့ပြီး အဆိုပါ သဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
ပျဥ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့၊ ကယန်းပြည်သစ်တပ်မတော်ရဲ့ ရုံးအခြေစိုက်ရာတစ်နေရာမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာဖြစ်တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
နေပြည်တော်တိုင်းစစ်ဌာန လက်အောက်က တပ်သားတွေရဲ့ ပြောကြားချက်အရ ရဲဘော်ကိုစိုင်းနဲ့ ကယန်းပြည်သစ်တပ်မတော်တို့က အမှုဖြစ်စဥ်မတိုင်မီအထိ ပြဿနာမဖြစ်ခဲ့ဖူးဘူးလို့ သိရပါတယ်။
အဲဒီမတိုင်ခင် ကယန်းပြည်သစ်တပ်မတော်မှ တပ်စုမှူးက စစ်မြေပြင်မှာနယ်မြေဝင်ရောက်ရှင်းလင်းရင်း နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံ တပ်သားတွေရဲ့ မိုင်းနှင်းမိခဲ့ပြီး သေဆုံးသွားတာလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မတ်လ ၁၈ ရက်နေ့ ဆွေးနွေးမှုမှာ ရဲဘော်ကိုစိုင်းရဲ့ 9 mm ပစ်စတိုတစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံး နဲ့ icom စကားပြောစက်တို့ကို ကယန်းပြည်သစ်တပ်မတော်က ပြန်လည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်ကိုစိုင်းဖြစ်စဥ်မှာ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူဆောင်ရွက်ဖို့လည်း ကယန်းပြည်သစ်တပ်မတော်က သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။