ကန္တာရဝတီတိုင်း (မ်)
စစ်တပ်အာဏာသိမ်းနောက်ဆက်တွဲ တိုက်ပွဲတွေကြောင့် လက်နက်ကြီးပစ်ခတ်သံတွေနဲ့အတူ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကရင်နီပြည်မှာ နေ့စဉ်၊ ရက်ဆက် ကြားနေရပါတယ်။
ဒါတွေအပြင် စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့်လည်း ရုတ်တရက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေမျိုးကို ကရင်နီအပါအဝင် တိုက်ပွဲပြင်းထန်တဲ့ နေရာဒေသက အရပ်သားပြည်သူတွေ ကြုံတွေ့ကြရပါတယ်။
ဒါကြောင့် ဒီလို ကြိုတင်မသိနိုင်တဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းကာလတွေမှာ မိမိတို့ရဲ့ ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာအတွက် ဘယ်လိုအထောက်အပံ့ပေးမလဲ ဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံလာရင် ကလေးတွေကို ဘယ်လိုပြောပြထားရမလဲ
လက်နက်ကြီးပစ်ခတ်တဲ့အချိန် (သို့မဟုတ်) ဗုံးကြဲတိုက်ခိုက်တဲ့အချိန်တွေမှာ ကိုယ်တိုင်က ကြောက်ရွံ့ နေရသလို၊ မိမိကလေးကို ဘယ်လိုကာကွယ်ပြီး လမ်းညွှန်ပေးနိုင်မလဲ ဆိုတဲ့ ကြောက်ရွံ့တာတွေက မိမိနဲ့ မိမိကလေးနှစ်ဦးစလုံးအတွက် ပုံမှန်မဟုတ်တဲ့ အခြေအနေတခုအပေါ် သဘာဝအရ တုံ့ပြန်မှု တခုပဲဖြစ်ပါတယ်။
အဲလိုအချိန်တွေမှာ မိမိရဲ့ ကလေးကို သူတို့အသက်အရွယ်အလိုက် သင့်တော်တဲ့ ပုံစံမျိုးနဲ့ မေးမြန်း ကြည့်ပြီး သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် မျှဝေနိုင်ဖို့၊ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေဟာ လူကြီးတွေရဲ့ ခန္ဓာကိုယ် အမူအရာတွေ ကြောင့်ဖြစ်ဖြစ်၊ မျက်နှာရိပ် မျက်နှာကဲတွေကြောင့်ဖြစ်ဖြစ် စိတ်ခံစားမှုအရဖြစ်တဲ့ အရိပ်အမြွက်တွေကို သတိပြုမိပြီး တုံ့ပြန် တတ်ပါတယ်။
ဒါကြောင့် တတ်နိုင်သမျှ စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ကလေးတွေကို စိတ်အေးစေမယ့် နည်းလမ်းနဲ့ ပြောဆိုတာက သူတို့အတွက် အထောက်အကူဖြစ်စေမှာပါ။ မိမိလည်း ကြောက်ရွံ့နေတယ်လို့ ပွင့်ပွင့် လင်းလင်း ပြောပြထားဖို့လည်း လိုပါတယ်။ ဒါက မိမိတို့နှစ်ဦးစလုံး ဒီအခြေအနေကို အတူတူ ဖြတ်သန်းနေရတဲ့အကြောင်း ကလေးကို နားလည်စေဖို့ ပြောပြပေးခြင်းဖြင့် အကူအညီပေးနိုင်ပါတယ်။
ပဋိပက္ခနဲ့ အကျပ်အတည်းကာလတွေမှာ မိမိအနေနဲ့ အမြဲတမ်း ကြံ့ခိုင်သန်မာ နေပြဖို့မလိုပါဘူး။ အဲလိုအချိန်မှာ မိမိကလေးက ဆန္ဒရှိမယ်ဆိုရင် ပွေ့ဖက်ထွေးပိုက်ထားပေးရမှာဖြစ်ပါတယ်။ ကလေးနဲ့ ရင်းနှီးပြီးနားလည်လွယ်တဲ့ သီချင်းတွေကို အတူတူဆိုပေးတာကလည်း လုံခြုံတဲ့ခံစားချက်ကို ရစေပါတယ်။
ကလေးက သူ့ရဲ့စိတ်ခံစားချက်ကို ဘယ်လိုပုံစံမျိုးနဲ့မဆို ပြသပါစေ၊ လက်ခံပေးဖို့လည်း လိုအပ်ပါ တယ်။ မိမိအနေနဲ့ တခြားသူတွေဆီက ပံ့ပိုးမှုပိုရလေလေ မိမိကလေးတွေကို ပိုပြီး စောင့်ရှောက် နိုင်လေလေပါပဲ။ ကိုယ်ယုံကြည်ရာ ဘာသာတရားမှာ မိမိကလေးနဲ့အတူတူ ဆုတောင်းတာ (သို့မဟုတ်) ဘုရားရှိခိုးတာတွေကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။
သတိပြုရမှာက မိတ်ဆွေတွေ မိသားစုတွေကြားမှာ ရန်ဖြစ်တာ၊ စကားများတာတွေကို လုံးဝ မပြုလုပ် သင့်ပါဘူး။ ဒါတွေအပြင် ကလေးတွေစိတ်ထဲမှာ ဒေါသတွေ၊ လက်စားချေဖို့တွေ ဖြစ်လာစေမယ့် စကားလုံးမျိုး လုံးဝမပြောပေးရသလို လုံးဝအားမပေးသင့်ပါဘူး။ ဒါက သူတို့ကို ပိုပြီး စိုးရိမ်ပူပန် တာတွေ ဖြစ်စေပါလိမ့်မယ်။
အပြင်မှာ ဖြစ်ဖြစ်၊ ရုပ်သံ/ရေဒီယို (ဒါမှမဟုတ် ) ဖုန်းကနေ တဆင့်ဖြစ်ဖြစ် ကလေးတွေအတွက် မသင့်တော်တဲ့ ကြမ်းတမ်းတဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ လုံးဝထိတွေ့ခွင့် မပေးသင့်ပါဘူး။ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်မှာ တချို့က တည်ငြိမ်တိတ်ဆိတ်ပြီး ရှိနေနိုင်ပေမဲ့၊ တချို့တွေကတော့ ဒေါသထွက် နေတာလည်း ဖြစ်နိုင်ပါတယ်။ မိမိကလေးတွေရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပြီး လက်ခံပေးရမှာ ဖြစ်ပါတယ်။
ရုတ်တရက် နေအိမ်ကရွှေ့ပြောင်းရမယ်ဆိုရင် ကလေးတွေကို ဘယ်လိုပြောပြထားမလဲ
ဒီလိုအရေးပေါ်အခြေအနေတွေမှာ တတ်နိုင်သလောက် အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ နားလည် လွယ်မယ့်စကားလုံးတွေကိုသုံးပြီး သတင်းအချက်အလက်တွေကို မျှဝေပေးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါဟာ မိမိရဲ့ကလေးတွေကို သူတို့ရဲ့ခံစားချက်တွေ နားလည်ဖို့ အချိန်ပေးခြင်းပါပဲ။
တကယ်လို့ မိမိတို့က ဘေးလွတ်ရာကို မဖြစ်မနေ ပြောင်းရွေ့ဖို့လိုတဲ့အခါ နားလည်လွယ်အောင် အဆင့်လေးတွေသုံးပြီး မိမိရဲ့ ကလေးတွေကို ရှင်းပြရပါမယ်။ အဲလိုအချိန်မှာ ကလေးတွေ နားလည်ရ အလွယ်ဆုံးစကားကို အသုံးပြုဖို့လိုပါတယ်။ ဥပမာ – “အမေတို့ပစ္စည်းတွေကို ကျောပိုးအိတ်ထဲ ထည့်မယ်၊ ပြီးရင် ပိုပြီးလုံခြုံတဲ့နေရာကို သွားကြမယ်။” စသည်ဖြင့် ပြောရပါမယ်။
သတိပြုရမှာက ကလေးတွေဟာ လူကြီးတွေလောက် နားလည်သဘောပေါက်နိုင်စွမ်းနဲ့ တုန့်ပြန်မှုမှာ လွယ်ကူမြန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ ကလေးတွေရဲ့ မေးခွန်းမေးမြန်းမှုတချို့က မိဘအနေနဲ့ ပြန်ပြောပြဖို့ အဖြေအားလုံးမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိမိတို့ အိမ်ပြန်လာရဖို့ မသေချာဘူး ဆိုတာကို ကလေးတွေကို ရိုးရိုးသားသားပြောပြထားရပါမယ်။
စစ်ဘေးရှောင်စခန်း ရောက်သွားတဲ့ အချိန်မျိုးမှာ မိသားစုတကွဲတပြားခွဲနေရတာ၊ သူငယ်ချင်းတွေနဲ့ ခွဲနေရတတ်တဲ့အတွက် သူ့ဆီကိုပြန်လာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့အကြောင်း အသိပေးထားရပါမယ်။ ကလေးတွေကို မုသားစကားမသုံးဘဲ အခုချိန်မှာ မိမိမှာအဖြေမရှိသေးတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားရပါမယ်။
မိမိတို့မိသားစုဝင် (သို့မဟုတ်) ချစ်ရတဲ့သူတဦး ဆုံးပါးသွားတဲ့အခါ ကလေးကို ဘယ်လိုပြောပြ သင့်ပါသလဲ
လက်ရှိဖြစ်ပေါ်နေတဲ့အကျပ်အတည်းကြောင့် မိမိတို့မိသားစုဝင်တဦး (သို့မဟုတ်) ချစ်ခင်ရင်းနှီးရတဲ့ သူတဦး သေဆုံးခဲ့ရမယ်ဆိုရင် အရေးအကြီးဆုံးက အမှန်တရားကို ဖုံးကွယ်မထားဖို့နဲ့ အချိန်ဆွဲ မထားဖို့ပဲဖြစ်ပါတယ်။ ကလေးကို အကာအကွယ်ပေးဖို့ဆိုတာ သဘာဝကျပေမယ့် ရိုးသားပွင့်လင်း တာက အကောင်းဆုံးပါ။
ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ကလေးကိုပြောပြခြင်းက မိမိအပေါ် သူ့ရဲ့ ယုံကြည်မှုကိုလည်း တိုးစေသလို၊ သူတို့ချစ်ရတဲ့သူကို ဆုံးရှုံးရတဲ့ခံစားချက်ကိုလည်း ပိုပြီးကြံ့ကြံ့ခံကျော်ဖြတ်နိုင်ဖို့ ကူညီရာ ရောက်ပါတယ်။
ဘယ်အသက်အရွယ်ရှိတဲ့ ကလေးကိုမဆို စာနာပါ။ ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ဒါပေမဲ့ ငယ်လွန်းတဲ့ ကလေးတွေကို အထူးသဖြင့် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြပြီး နားလည်ရခက်တဲ့ စကားလုံး များကိုမသုံးဖို့ လိုအပ်ပါတယ်။
မိသားစုဝင် (သို့မဟုတ်) ချစ်ခင်ရင်းနှီးသူ တဦးဦး ဆုံးပါးသွားတဲ့အခါ မိမိကိုယ်တိုင် ကလေးရှေ့မှာ ဝမ်းနည်းကြောင်းပြတာ လုံးဝလုပ်လို့ရပါတယ်။ သဘာဝလည်း ကျပါတယ်။ မိမိက ဝမ်းနည်းပြီး ငိုကြွေးနေမယ်ဆိုရင် မိမိဘယ်လိုခံစားနေရတယ်ဆိုတာ သူတို့ကို ပြောပြပေးရပါမယ်။
ကိုယ့်ခံစားချက်ကိုပြတာ၊ ကိုယ်ဘယ်လိုခံစားနေရလဲဆိုတာ သူများကို ဖော်ပြတာဟာ မှားယွင်းတာ မရှိဘူးဆိုတာ အာမခံပြီးပြောပြပေးလို့ရပါတယ်။ ဒါက ကလေးတွေကို သူတို့ကိုယ်ပိုင် ခံစားချက်တွေကို ပိုပြီးအမည်တပ်နိုင်ဖို့၊ တွေ့ကြုံခံစားဖို့နဲ့ ပြသဖို့အတွက် အထောက်အကူပြုပါတယ်။
ငိုကြွေးခြင်းဆိုတာက ချစ်ရတဲ့သူကို ဆုံးရှုံးရတဲ့အခါ ကလေးတွေရော လူကြီးတွေအတွက်ပါ အရေးပါတဲ့နည်းလမ်းတခုဖြစ်ပါတယ်။ ချစ်ရသူသေဆုံးပြီးနောက်ပိုင်းမှာ မိမိကလေးရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ပေးနိုင်ဖို့ ကိုယ့်ရဲ့ ရုပ်ပိုင်း နဲ့ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ မမေ့သင့်ပါဘူး။
မိမိလည်း ပူဆွေးဝမ်းနည်းနေရတယ် ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ မိမိရဲ့ခံစားချက်ကို ထိန်းရင်း ကလေးကို ပံ့ပိုးဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် မိမိအတွက် အချိန်ပေးပြီး ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ မိမိနေမကောင်းရင် ကလေးတွေကိုလည်း ကူညီပေးနိုင်မှာမဟုတ်ဘူးဆိုတာကို နားလည်ထားရမှာဖြစ်ပါတယ်။
မိမိတို့ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့လျှင် ကလေးတွေကို ဘယ်လိုရှင်းပြရမလဲ
ဒီလို အကြောင်းအရာနဲ့ ပတ်သက်ပြီး ကလေးငယ်တွေအတွက် ကမ္ဘာပေါ်မှာ တခါတရံ မကောင်းတာတွေကိုလုပ်နေတဲ့ လူတွေရှိနေတဲ့အကြောင်းနဲ့ အခုလက်ရှိဖြစ်နေတဲ့အကြောင်းကို ရှင်းပြဖို့ အရေးကြီးပါတယ်။ ဒါက သားတို့သမီးတို့ကြောင့် ဖြစ်တာမဟုတ်ဘူးဆိုတာကိုတော့ ကလေးတွေကို သေချာအောင် ပြောပြထားရမှာဖြစ်ပါတယ်။
ဒါတွေအပြင် ကမ္ဘာတဝန်းမှာ ဒီလိုဆိုးရွားတဲ့အဖြစ်အပျက်တွေမဖြစ်အောင် ကာကွယ်ဖို့ကြိုးစားနေတဲ့ လူတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းလည်း ကလေးတွေကို ပြောပြထားသင့်ပါတယ်။ ငြိမ်းချမ်းတဲ့အဖြေတခု မကြာခင်ရလာနိုင်မယ်လို့ ကတိပေးတာမျိုးမဟုတ်ဘဲ မျှော်လင့်ထားတဲ့ အကြောင်း ကလေးကိုအသိပေးရမှာဖြစ်ပါတယ်။
ဒေါသကြီးပြီး အမုန်းပွားနေတဲ့ လူတချို့ရှိပေမဲ့၊ ကမ္ဘာပေါ်ကလူအများစုဟာ ဒါကိုရပ်တန့်ဖို့ ကြိုးစား နေတဲ့ ကြင်နာတတ်ပြီး ငြိမ်းချမ်းတဲ့လူတွေရှိတဲ့အကြောင်း၊ အပြုသဘောဆောင်တဲ့ ဇာတ်ကြောင်း တွေကို ပြောပြပေးဖို့လည်း လိုပါတယ်။
ကြောက်စရာကောင်းတဲ့ အခြေအနေတခုမှာတောင် မယုံနိုင်လောက်အောင် ရဲရင့်တဲ့အရာတွေကို လုပ်ဆောင်နေတဲ့လူတွေ ရှိနေပြီး၊ အဆိုးရွားဆုံးအချိန်တွေမှာတောင် မျှော်လင့်ချက်တွေ ရှိနေတယ် ဆိုတာကိုမမေ့ဖို့ မိမိရဲ့ ကလေးတွေကို သေချာနားလည်အောင် ရှင်းပြထားရမှာဖြစ်ပါတယ်။
ကိုးကား – unicef Myanmar website