spot_imgspot_imgspot_imgspot_img
Saturday, August 2, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်းက ဖရေစိုးလဲ စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခူးပရားရယ် နဲ့ တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

“လက်ရှိအချိန်ထိကတော့ အလူရှင်အဖွဲ့အစည်းတွေကို စောင့်မျှော်နေရတုန်းပဲပေါ့နော။”

ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုဟာ စစ်ဘေးရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်များပြားနေဆဲဖြစ်ပါတယ်။ ဖရူဆိုမြို့နယ်အတွင်းက ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းတွေမှာ အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီပေးမှုဟာ နည်းပါးလာတာကြောင့် အခက်ကြုံတွေ့ရတယ်လို့ စစ်ရှောင်ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။

စားဝတ်နေရေးဖြေရှင်းနိုင်ဖို့အတွက် လက်ရှိ မိုးရာသီကာလမှာတော့ နီးစပ်ရာ ဆွေမျိုးတွေထံကနေ မြေငှားရမ်းပြီး တောင်ယာစပါးစိုက်ပျိုးကြတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေပါတယ်။ သို့ပေမယ့် စစ်ရှောင်အားလုံးကတော့ မြေနေရာလိုအပ်ချက်အရ တောင်ယာအငှားမစိုက်ပျိုးနိုင်ကြပါဘူး။ စစ်ဘေးရှောင်ကာလအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ဝမ်းရေးဖြေရှင်းကြတဲ့ အခြေအနေကို ဖရူဆိုမြို့နယ်အတွင်းက ဖရေစိုးလဲ စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခူးပရားရယ် နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဟုတ်ကဲ့ အရင်ဆုံး ဒီ စစ်ရှောင်စခန်းမှာ နေထိုင်ကြတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်မြို့နယ်ကနေ လာရောက် စုပေါင်းနေထိုင်ကြတဲ့ စစ်ရှောင်စခန်းလဲပေါ့နော။

ဖြေ ။ ။ စခန်းနာမည်ကတော့ ဖရေစိုးလဲ ပေါ့နော တောင်ခြေအောက်မှာရှိတော့။ စစ်ရှောင်လာတာက လေးနှစ်ကျော်ရှိပြီ။ အာဏာစသိမ်းကတည်းက ခုထိပေါ့နော လေးနှစ်ကျော်လာပြီ။ စပြေးတုန်းကဆိုရင် တစ်ယောက်တစ်နေရာပေါ့ တဖြေးဖြေးနဲ့ပြန်လာစုကြတယ်။ အရင်ကတော့ ဖရူဆိုထဲက လောဂျာမှာပဲပေါ့နော စစ်တပ်စခန်းနဲ့လည်းနီးတော့ နေတာလည်းအဆင်မပြေလို့ပေါ့။

မေး ။ ။ လက်ရှိကကော စစ်ရှောင်စခန်းမှာ အိမ်ခြေနဲ့ လူဦးရေဘယ်လောက်ရှိလဲ။ ဆေးပေးခန်းတို့ စာသင်ကျောင်းတို့ကော ရှိလား။
ဖြေ ။ ။ ဖရေစိုးလဲ သီးသန့်ပြောရမှာပေါ့နော Camp တခုလုံးမဟုတ်ဘူး။ လက်ရှိကတော့ ၈၆ အိမ်ရှိတယ် လူဦးရေ က ၉၃၂ယောက်။ ကိုယ်ထူကိုယ်ထတော့လုပ်ထားတယ်။ ဒါပေမယ့် အဆင်မပြေဘူး အလှူရှင်ကနေ နည်းနည်းပါးပါး ထောက်ပံ့ပေးတဲ့ဟာနဲ့ ကိုယ့်ဟာနဲ့ကိုယ် ကိုယ်ထူကိုယ်ထလုပ်ထားတာရှိတယ်။ စာသင်ကျောင်းပေါ့နော။ Grade – 6 ထိတော့ဖွင့်ထားတယ်။ ဆေးပေးခန်းတော့မရှိဘူး။

ဖရေစိုးလဲ စစ်ရှောင်စခန်းရဲ့ မြင်ကွင်းတချို့

မေး ။ ။ ပညာရေးပိုင်းမှာ တခြားလိုအပ်ချက်နဲ့ပတ်သက်ပြီး ဘာတွေရှိလဲ။
ဖြေ ။ ။ အဓိက ပညာရေးပိုင်းနဲ့ ဆိုင်တဲ့ဟာ ကျောင်းသူကျောင်းသားတွေရဲ့ စာရေးကိရိယာတို့ မစုံမရှိဘူး။ လုံလုံလောက်လောက် မရှိဘူးပြောရမှာပေါ့။ ဖတ်စာအုပ်တို့ စာရေးစာအုပ်တို့ ဘောပင်တို့ ကျောင်းသုံးပစ္စည်းတွေပေါ့ အများကြီးလိုအပ်တယ်။ ဆရာမက ၇ယောက်၊ နောက်ပြီး မူကြိုက ၂ယောက် စုစုပေါင်း ၉ ယောက်ပေါ့။ ကျောင်းကတော့ ဖွင့်ထားတယ်ပေါ့နော။

မေး ။ ။ စစ်ရှောင်ကာလ ကြာမြှင့်လာတာနဲ့အမျှ လက်ရှိအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ စစ်ရှောင်စခန်း တစ်ခုလုံးအနေနဲ့ဆိုရင် အဓိက လိုအပ်ချက်က စားဝတ်နေရေးပြောရမှာပေါ့။ အမိုးအကာလည်းလိုတယ်။ ဆန်၊ ဆီ ၊ ဆားကတော့ အဓိက လိုအပ်ချက်။ ဘာဖြစ်လို့လဲဆိုရင် ဒီတစ်နှစ်က ထောက်ပံ့မှုနည်းသွားပြီ သိပ်မရှိတော့ဘူး။ မလာတော့ဘူး ချိတ်ဆက်မှုကလည်း အဆင်မပြေတော့ဘူး။ ဒီတစ်နှစ်အတွင်းဆို နှစ်ခါတော့ ရဖူးတယ်။ ဒီ တစ်နှစ်ဆိုရင်တော့ လူတစ်ဦးကို ၅ပြည်နှုန်းနဲ့ပဲ ရတယ်။ နောက်ဆုံးပေးတာကတော့ နှစ်လပိုင်းပေါ့။ IEC နဲ့ KHAI အဖွဲ့နဲ့ပေါ့ ပေးတာက။

မေး ။ ။ ခက်ခဲတဲ့ စစ်ရှောင်မိသားစုတွေထဲမှာ ဆန်ပြတ်လပ်သွားတဲ့ အခြေအနေမျိုး ကြုံတွေ့ဖူးတာရှိလား။
ဖြေ ။ ။ ရှိတယ်။ စာရင်းလာပေးတာတော့ အိမ်ခြေ ၇၀ လောက်ရှိတယ်။ ဒါပေမယ့် ဖရေစိုးလဲ သီးသန့်ဆိုရင်တော့ ၃၀ လောက်ရှိတယ်။ ဆန်ပေးဖို့ဆိုရင် ဂိုဒေါင်ထဲမှာ သိုလှောင်ထားတဲ့ ဟာတော့မရှိတော့ဘူး။ ဒါပေမယ့် သာသနာနယ်ဖက်မှာတော့ နည်းနည်းပါးပါး တောင်းခံပေးတာတော့ရှိတယ်။

မေး ။ ။ ဆန်လုံးဝပြတ်လပ်သွားတဲ့သူတွေထဲ ကိုယ့်ရဲ့နီးစပ်ရာ မိသားစု၊ ဆွေမျိုးနားမှာ ချေးငှားစားရတဲ့အခြေနေမျိုးကော ဒီစစ်ရှောင်စခန်းမှာရှိလား။
ဖြေ ။ ။ သူ့ဆွေမျိုး၊ သူ့မိသားစု ပြောရမှာပေါ့ ချေးငှားစားကြတဲ့သူတွေ အများကြီးပဲ။

မေး ။ ။ စားဝတ်နေရေးအတွက် စစ်ဘေးရှောင်တွေက ဘာတွေလုပ်ကိုင်ကြတာရှိလဲ။ ဥပမာ – ခြံ အငှားလိုက်တာပဲဖြစ်ဖြစ်၊ နေ့စားအလုပ်လုပ်တာပဲဖြစ်ဖြစ်ပေါ့။
ဖြေ ။ ။ နေ့စားတွေတော့ ဆွေမျိုးရှိတဲ့သူတွေကပဲ ပိုရတာပေါ့နော။ ဆွေမျိုးသားချင်းမရှိတဲ့သူတွေနဲ့ တကယ့် အမျိုးမရှိတဲ့သူတွေတော့ တော်တော်ဒုက္ခရောက်တယ်ပြောရမှာပေါ့။ အခက်အခဲဆုံးပဲ။ အလုပ်က တချို့တော့ရှိတယ်။ တချို့က တောင်ယာလည်း မလုပ်နိုင်ကြဘူးပေါ့။ တောင်ယာ လယ်ယာလည်း မရှိကြဘူးပေါ့။ တချို့တလေကျတော့ အလှူရှင်ပေါ်မူတည်ပြီး နေရတယ်။ တချို့ သားသမီးမရှိကြတဲ့ သက်ကြီးရွယ်အိုတွေက ပိုပြီး ဒုက္ခရောက်တယ်ပြောရမှာပေါ့။

မေး ။ ။ ခုနပြောသလို စစ်ဘေးရှောင်ကြတဲ့ နေရာအနီးက ကျေးရွာတွေမှာ ကိုယ့်ဆွေမျိုးတွေရှိရင် တောင်ယာကို ငှားပြီးစိုက်ပျိုးကြတာလား။ ဒီစစ်ရှောင်စခန်းက သူတွေထဲမှာ တောင်ယာလုပ်ကိုင်နိုင်တဲ့အိမ် ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ ၄၀ လောက်ရှိတယ်။ တစ်ဝက်နီးပါးလောက်ရှိတယ်။ တောင်ယာ လုပ်ကြတဲ့သူက။ ဒါပေမယ့် ကျန်တဲ့တစ်ဝက်က ဆွေမျိုးတွေမရှိကြဘူးပေါ့။ ၈၆ အိမ်ကနေ ခန့်မှန်းကြည့်ရင်တော့ လုပ်နိုင်တဲ့သူတော့ တစ်ဝက်နီးပါးလောက်ပေါ့။

မေး ။ ။ အဓိက တောင်ယာမှာ ဘာတွေစိုက်ပျိုးကြလဲ။
ဖြေ ။ ။ တောင်ယာစပါးပဲ။ မြေပဲ တချို့တလေတော့ စိုက်ကြတယ် နည်းနည်းပါးပါးပေါ့။

ဖရေစိုးလဲ စစ်ရှောင်စခန်းရဲ့ မြင်ကွင်းတချို့

မေး ။ ။ လတ်တလောမှာကော ဒီစစ်ရှောင်စခန်းမှာ စစ်ရှောင်အသစ်ထပ်တိုးလာတာရှိလား။
ဖြေ ။ ။ အဝင်အထွက်တော့ တချို့ရှိတယ်။ အဆင်မပြေ လို့ တချို့ထွက်သွားတာလည်းရှိတယ်။ မဟုတ်ရင်လည်း လေယာဉ်ကြောင့် လက်နက်ကြီးတွေကြောင့် ကြောက်လို့ ထွက်သွားတာလည်းရှိတယ်။

မေး ။ ။ ခုနကပြောသလို လေယာဉ်တွေ၊ လက်နက်ကြီး အန္တရာယ်တွေလည်း ရှိနိုင်တယ်ပေါ့နော။ ဆိုတော့ လုံခြုံရေး စီမံရေးလို့ပဲပြောပြော ဒီဟာနဲ့ပတ်သက်ပြီး စစ်ရှောင်စခန်းကော်မတီအနေနဲ့ ဘာပြင်ဆင်ထားတာရှိလဲ။
ဖြေ ။ ။ ဘယ်လိုစီမံထားလဲဆိုတော့ ကျေးရွာဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုစည်းကမ်းချရမလဲ ဘယ်လိုနေရမလဲဆိုတာ လုပ်တာတော့ရှိတယ်။ ညအချိန်ဆို့ရင် အပြင် မထွက်ရတို့ မီးမထွန်းရတို့ အဲ့လိုမျိုးပဲ ကာကွယ်ထားတယ် ပြောရမှာပေါ့နော။ ဗုံးခိုကျင်းကိုလည်း အသံတွေကြားရင် ဝင်နေတို့ အဲ့လိုမျိုးပဲ စီစဉ်ထားတာရှိတယ်။

မေး ။ ။ ဗုံးခိုကျင်းက အိမ်တိုင်းမှာရှိဖို့ ကော်မတီကနေ တိုက်တွန်းနိုးဆော်တာမျိုးရှိလား။
ဖြေ ။ ။ ရှိတယ်။ အိမ်တိုင်းကိုတော့ ဗုံးခိုကျင်း တူးခိုင်းထားတယ်။

မေး ။ ။ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ ခုနကပြောဆိုထားသလို အဖက်ဖက်က လိုအပ်ချက်တွေက ရှိနေဆဲပဲဖြစ်တယ်ပေါ့နော။ တစ်ဖက်တစ်လှမ်းက ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ကလည်း တောင်ယာစိုက်ပျိုးနိုင်ဖို့လည်း လိုအပ်တယ်ပေါ့။ ရေရှည်မှာ ဒီစားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ ဘာတွေဆောင်ရွက်ထားသင့်တယ်လို့ မြင်လဲ။
ဖြေ ။ ။ တောင်ယာငှားတာလည်း ရေရှည်မှာ အဆင်မပြေလောက်ဘူး။ ပုံမှန်လည်းမရှိဘူး။ အလုပ်လုပ်တဲ့ ရာသီ အချိန်မှာပဲရှိတယ် အလုပ်မလုပ်တဲ့အချိန်ဆို မရှိတော့ဘူးပေါ့။ တောင်ယာကတော့ စိုက်ပျိုးရာသီကာလပဲ အဆင်ပြေတာပေါ့။ လက်ရှိအချိန်ထိကတော့ အလူရှင်အဖွဲ့အစည်းတွေကို စောင့်မျှော်နေရတုန်းပဲပေါ့နော။

spot_img

Recent posts