ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ၄၅ ရက်သားရှိတဲ့ ဝက်သားပေါက်တစ်ကောင်ရဲ့စျေးနှုန်းဟာ အနည်းဆုံး ကျပ် ၃ သိန်းရှိနေတယ်လို့ သိရပါတယ်။ တပိုင်တနိုင် ဝက်မွေးမြူတဲ့ အိမ်ရှင်မတွေအတွက် ဝက်သားပေါက် ဝယ်ယူရန် အခက်အခဲဖြစ်လာတယ်လို့ ဆိုပါတယ်။
“မရှိတော့ဘူး၊ ၃ သိန်းနဲ့ အထက်ပဲရှိတော့တယ်၊ ၂ လဝန်းကျင်ဆို ၄ သိန်းနဲ့အထက်ပဲ၊ လ ပိုရင့်ရင် ရင့်သလိုပေါ့၊ ရက်နဲ့ပဲ စားသွားတာပေါ့၊ ၄၅ ရက်ရှိရင် ၃ သိန်းပေါ့၊ ရက်ကျော်ရင်တော့ ၃သိန်း ခွဲဖြစ်သွားတယ်ပေါ့။ ဝက်ကလေးတွေ တအားရှားတယ်လေး၊ ဒီဖက်တော်တော် လာယူကြတယ်၊ အဲတော့ စျေးက တက်တက်နေတယ်” လို့ စစ်ဘေးရှောင်နေတဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ယခုလို ဝက်သားပေါက်တွေ ရှားပါးလာတာဟာ ဒေသတွင်း အခြေနေမျိုးမျိုးကြောင့် ဖြစ်တဲ့အပြင် နှစ်စဥ် ဝက်နာကျ သေဆုံးမှုတွေကြုံတွေ့ရပြီး ဝက်စာရှားပါးလာတဲ့ ပြသနာကြောင့်လဲ ဖြစ်နိုင်တယ်လို့ အိမ်ရှင်မတွေက သုံးသပ်ပြောဆိုထားကြပါတယ်။
ဖရူဆိုမြို့နယ်မှာတော့ အိမ်တွင်းအသက်မွေးဝမ်းကျောင်းတခုအနေနဲ့ စစ်ဘေးရှောင်အိမ်ရှင်မတွေအပြင် ဒေသခံများက တပိုင်တနိုင် ဝက်မွေးမြူနေကြတာ ရှိပါတယ်။