spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့ခံတွေကို စစ်ကော်မရှင်က နေရပ်ပြန်ဖို့ ခြိမ်းခြောက်ခေါ်နေပြီး ရွေးကောက်ပွဲအတွက် စည်းရုံးလုပ်ဆောင်နေတာလို့ ဒေသခံတွေပြော

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဘောလခဲမြို့ပေါ်မှာ စစ်ဘေးကြောင့် တိမ်းရှောင်ကြတဲ့ ပြည်သူတွေကို နေရပ်ပြန်လာနေထိုင်ကြဖို့ စစ်ကော်မရှင်က တိုက်တွန်းနေပြီး ပြန်လာမနေထိုင်သူတွေရဲ့ နေအိမ်၊ ခြံတွေကို သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်ထားကြောင်း တခြားဒေသကို စစ်ဘေးရှောင်နေတဲ့ ဘောလခဲ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ဟာ နီးစပ်ရာ မြို့ခံတွေကနေတဆင့် ခြိမ်းခြောက်ပြောဆိုတာဖြစ်ပြီး တခြားဒေသကိုရောက်နေတဲ့ မြို့ခံတွေကို နေရပ်ပြန်ဖို့ သွယ်ဝိုက်စည်းရုံးနေတာဖြစ်ပါတယ်။

ယခင်ကလည်း ဒေသခံတွေကို နေရပ်ပြန်လာဖို့အတွက် ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့ပြီး အခုလို ထပ်မံ ပြောဆိုတာဟာ လာမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ကြားလိုက်တယ်။ ခြိမ်းခြောက်မှုလုပ်နေတာက။ အခုလို ခြိမ်းခြောက်တာ နေရပ်ပြန်နေခိုင်းတာက အခုမှမဟုတ်ဘူး။ အရင်ကတည်းက အဲ့လိုပြောတာမျိုးရှိတယ်ပေါ့နော်။ နေရပ်မှာပဲ ပြန်နေ။ ဘာမှမဖြစ်ဘူး။ အဆင်ပြေတဲ့ပုံစံမျိုးဘာညာပြောတာပေါ့။ အခုထပ်ခေါ်ပြန်တာကတော့ ရွေးကောက်ပွဲအတွက်လည်း ဖြစ်မှာပါ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က စစ်ကော်မရှင်ဟာ ဘောလခဲမြို့ပေါ်က Non CDM နဲ့ ဒေသခံတချို့ကို ရွေးကောက်ပွဲလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ဖို့ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတာရှိတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

“မြို့ပေါ်မှာက လူထုတွေကျန်တာရှိတယ်။ ပြောရရင် ကျန်ခဲ့တာက Non CDM သမားတွေပါ။ ဒေသခံအပါအဝင်ပေါ့။ ဒီလ ၅ ရက်နေ့တုန်းကလည်း မြို့ပေါ်က Non အချို့နဲ့ ဒေသခံအချို့ကို ဟက်စကီး ( ရဟတ်ယာဉ် ) နဲ့ လာခေါ်သွားတာရှိတယ်။”လို့ သူက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် စတင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကရင်နီပြည်က လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲ မြို့နယ် ပါဝင်ကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ဘောလခဲမြို့ပေါ်မှာ နေထိုင်နေကြဆဲဖြစ်တဲ့ မြို့ခံတွေရှိနေသေးပြီး လူဦးရေကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘောလခဲမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့တွင်းက ဒေသခံတွေကို ရွေ့ပြောင်းကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ခဲ့ပေမယ့် လူထုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

spot_img

Recent posts